Wednesday, November 27, 2013

စားဖိုမှုးတစ်ယောက်လို ချက်တတ်ချင်ရင် (၁)


(Anthony Bourdin ဆိုတဲ့လူကို သိကောင်းသိပါလိမ့်မယ်။ မသိလည်း အရေးမကြီးပါဘူး။ သူ့ရဲ့ Kitchen Confidential ဆိုတဲ့ စာအုပ်က New York Times Best Seller စာရင်းဝင်ပါတယ်။ New York မြို့က 3 Star Resturant တစ်ခုမှာ ရုန်းကန်နေရတဲ့ စားဖိုမှုး Anthony Bourdain လည်း ဒီစာအုပ်နဲ့ ကမ္ဘာကျော်သွားတယ်။

ဒီစာအုပ်ကို ဘာသာပြန်ချင်တာ ကြာပါပြီ။ လောလောဆယ်တော့ How To Cook Like A Pro ဆိုတဲ့ အခန်းကို အရင်ရွေးပြီး ဘာသာပြန်ကြည့်တာပါ။ Cook အဖွဲ့သူ၊ အဖွဲ့သားတွေ စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ နှစ်ရက်ခြားတစ်ခါ၊ ဒါမှမဟုတ် သုံးရက်ခြားတစ်ခါလောက် တစ်ပုဒ်ချင်းစီ ပြန်ဖို့ စိတ်ကူးထားပါတယ်။ 

ခပ်ကြမ်းကြမ်းပါ။ အမှားတွေလည်း အများကြီးပဲ။ ဥရောပယဉ်ကျေးမှုနဲ့ အစားအသောက်ကို ရေရေလည်လည် မသိတဲ့ ကျွန်တော့်အတွက် အတော်အခက်အခဲရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်အတတ်နိုင်ဆုံးလေ့လာပြီး အချောကိုင်သွားပါ့မယ်။ အလုပ်တစ်ခု စဖြစ်ဖို့ကပိုပြီး အရေးကြီးတယ်လို့ ယူဆလို့ပါ။ ဝေဖန်အကြံပေးနိုင်ပါတယ်။

စာရေးဆရာ မဟုတ်ရပါဘူး။ ဒါပေမဲ့ လူတိုင်းစာရေးနေဖို့ လိုတယ်။ မရေးဖြစ်တာတော့ ကျွန်တော်ပဲ။)

How To Cook Like A Pro (from Kitchen Confidential by Anthony Bourdain)

ကျွန်တော်တို့လောထဲ ကျင်လည်ဖူးသူ တစ်ယောက်မဟုတ်တဲ့ ခင်ဗျားအတွက် စားဖိုမှုးတစ်ယောက်လို ပရော်ဖက်ရှင်နယ်ဆန်ဆန် ချက်တတ်ဖို့ ခက်ကောင်းခက်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးဘူး။ ကျွန်တော်ကိုယ်တိုင် အလုပ်နားတဲ့ ရက်တွေရောက်တိုင်း ဆိုင်ထမင်းဆိုင်ဟင်း စားခဲတယ်။ အိုင်ဒီယာအသစ်တွေ လိုချင်လို့၊ ဒါမှမဟုတ် ဟင်းပွဲအသစ်အဆန်းတွေ အတုခိုးချင်တာမျိုးက လွဲရင်ပေါ့။ ကျွန်တော်ကြိုက်တာက အိမ်ထမင်းအိမ်ဟင်းပဲ။ ဘယ်သူပဲချက်ချက် … ၊ ကျွန်တော့်အမေနဲ့ အဖွားတို့ ချက်ကျွေးခဲ့ဖူးတဲ့ ဟင်းမျိုးပေါ။ ရိုးရိုးရှင်းရှင်း စီမံထားတဲ့ ပက်စ်တာလေးပဲဖြစ်ဖြစ်၊ မလှမပ တစ်စစီပြန့်ကျဲနေတဲ့ တူနားငါးမွှေလေးပဲဖြစ်ဖြစ်၊ အတွဲအစပ်လွဲနေတဲ့ အမဲသားရို့စ်နဲ့ ယော့ခ်ရှိုင်းယားပူတင်းလေးပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ ခံတွင်းတွေ့တယ်။ အိမ်ထမင်းအိမ်ဟင်းနဲ့ ဆိုင်ထမင်းဆိုင်ဟင်းတွေရဲ့ကြား သိသိသာသာ ထူးခြားသွားစေနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဟင်းရွက်ဆီပေါင်းစုံအောက်မှာ၊ နေ့တိုင်းလောက်နီးပါး ဗျာများနေရတဲ့ ကျွန်တော့်ဘ၀ကို ခင်ဗျားတို့ စာနာမိပါလိမ့်မယ်။ ကျွန်တော့်ယောက္ခမကြီးရဲ့ အိမ်မှာ ညစာစားဖြစ်တိုင်း၊ မစားခင် သူက ကျွန်တော့်ကို ဒီလိုပြောသဗျ။ `မင်းက စားဖိုမှုးကြီးဆိုတော့ မင်းအတွက် ငါ့ဟင်းတွေက တောဆန်လွန်းနေမှာ သေချာတယ်` တဲ့။ သူလွယ်လင့်တကူ ချက်တဲ့ အမဲသားလုံးနဲ့ အားလူးထောင်းက ကျွန်တော့်အတွက် ဘယ်လောက်အထိ လူဆန်မှန်း၊ အပြောင်းအလဲဖြစ်မှန်း၊ ရင်ခုန်စရာကောင်းမှန်း သူမသိဘူး။

ဒါပေမဲ့ ဒီအကြောင်းတွေပြောလို့ ခင်ဗျားတို့ စိတ်ဝင်စားမှာလား။ ခင်ဗျားတို့ စိတ်ဝင်စားတာက `ထရာဂရို မိသားစု (Troisgros Family Chain)`ဆိုင်ခွဲတွေကလို ဟင်းပွဲမျိုးကို ကိုယ့်အိမ်က မီးဖိုခန်းထဲ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပြီး အပေါင်းအသင်းတွေကို ညစာဖိတ်ကျွေးချင်တာမျိုး … ၊ ဒါမှမဟုတ် ခင်ဗျားတို့ အသိချင်ဆုံးက ကျွန်တော်တို့ စားဖိုမှုးတွေရဲ့ လျှို့ဝှက်နည်းစနစ်တွေ၊ လှည့်ကွက်တွေနဲ့ လက်နက်ကိရိယာတွေအကြောင်းဖြစ်မှာ သေချာတယ်။ ဟင်းပွဲတွေကို ပရောက်ဖက်ရှင်နယ်ဆန်ဆန်၊ သွေးအေးအေးနဲ့ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပြီး လက်စွမ်းပြချင်တာမျိုးပေါ့။

ဟုတ်ပြီ။ ဒီတော့ ကျွန်တော်တို့ရဲ့ လက်နက်တွေ … ၊ တနည်းပြောရရင် ဟင်းချက်သူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းကိရိယာတွေအကြောင်း စပြီးပြောမယ်။ မရယ်ပါနဲ့။ ကျွန်တော် မေးပါရစေ။ ကျွန်တော်တို့ စားဖိုမှုးတွေသုံးသမျှ ပစ္စည်းကိရိယာ တန်ဆာပလာတွေအားလုံး ခင်ဗျားတို့ မီးဖိုချောင်ထဲမှာ မရှိဘူးလား။ ရှိပါတယ်။ ဟင်းရွက်ဆီတွေ၊ မွှနေအောင် ကြိတ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ပါးပါးလှီးထားတဲ့ တရုတ်နံနံရွက်တွေ၊ ပျစ်ခဲနေတဲ့ ကော်ရည်တွေနဲ့ ဟင်းရွက်စိမ်းတွေ … ၊ အားလုံး အတူတူပါပဲ။ ခင်ဗျားတို့ အိမ်မှာသုံးတဲ့ မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ပဲ ကျွန်တော်တို့လည်း စီမံရတယ်။ ကျွန်တော်တို့မှာ ဂါလံနဲ့ချီပြီးဆန့်တဲ့ လုပ်ငန်းသုံး မွှေစက် (Mixer)ကြီးတွေနဲ့ မတရားကြီးတဲ့ ဖြတ်စက်ကြိတ်စက်ကြီးတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့အိမ်မှာလည်း ထူးမခြားနား အိမ်သုံးဘလန်ဒါ (Blender)လေးတွေရှိပါတယ်။ ခင်ဗျားတို့ရဲ့ဟင်းပွဲတွေပေါ် အလှဆင်ဖို့ … ၊ ရဲရဲတောက် ငရုတ်သီးတွေကို ညှက်နေအောင် ကြိတ်ချင်လို့ပဲဖြစ်ဖြစ်၊ စိမ်းဖန့်ဖန့် ပင်စိမ်းရွက်လေးတွေကို တစ်စစီ ချေမွှချင်လို့ပဲဖြစ်ဖြစ် မခက်ပါဘူး။ ကျွန်တော်ပြောတဲ့ အိမ်သုံးဘလန်လေးနဲ့ အလုပ်ဖြစ်ပါတယ်။ ကဲ … ၊ ဒါဆို ကျွန်တော်တို့အတွက် အရေးအကြီးဆုံး၊ အဓိကလိုအပ်ချက်က ဘာလဲ။

(ဆက်ရန် -)

(Troisgros = ထရာဂရိုလို့ အသံထွက်ပါတယ်။ French Cuisine လောကမှာ ကမ္ဘာကျော်တယ်။ စားသောက်ဆိုင်လုပ်ငန်းနဲ့ အောင်မြင်တဲ့ မိသားစုတစ်စုပါ။)

1 comments:

Anonymous said...

ဖတ်မှတ်သွားတယ်.. ကွတ်ခ်မှာ လာပြဦးလေ

pifpif