သားရှင်မို့ ကြွားချင်တယ်ပဲ ဆိုပါတော့။ ကျွန်တော့်မှာ သားတယောက်ရှိတယ်။ ဖအေတူ သားလေးပေါ့။ သမီးရှင်များ ၀မ်းမြောက်စရာပဲ။
အိမ်နာမည် `ဗန်ဗန်´လို့ပဲ တွင်နေတယ်။ အသက်က (၂)နှစ်ကျော်နေပြီ။ ကျောင်းနာမည် အတည်မဖြစ်သေးဘူး။ ဖေဖေါ်ဝါရီလဖွား၊ တနင်္လာသား ဖြစ်ချင်းသကာလ ကျွန်တော်က `ချစ်ကိုကိုကျော်´ဆိုတဲ့ နာမည်ကို အဆိုပြုတယ်။ တလောကလုံး ၀ိုင်းဆဲလိုက်ကြတာ မိုးမွှန်သွားတာပဲ။ (ဟဲဟဲ)
ယောက်ျားလေးဆိုတော့ ယောက်ျားလေးပဲပေါ့။ မျောက်ရှုံးတယ်။ တလောက သူ့အမေ မနက်ဆွမ်းတော်တင် ဘုရားဝတ်ပြုနေတုန်း၊ အားလုံးပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့သားက ခွေးခြေခုံ ခုပြီး ဘုရားစင်ပေါ်က မုန့်တွေကို နှိုက်စားနေလေရဲ့။ တခါကလည်း ငိုသံကြားလို့ အပြေးအလွှား သွားကြည့်တယ်။ အိမ်ပြူတင်းက သံပန်းပေါ် တွယ်တက်သွားလိုက်တာ မျက်နှာကျက်ရောက်တော့မယ်။ ပြန်မဆင်းတတ်တော့လို့ တဲ့။ ပြောကို မပြောချင်ပါဘူး။
ကြီးရင် ကျွန်တော့်လိုပဲ (ကျိန်ဆိုပြောရတဲ့) ကျားသားမိုးကျိုး အင်ဂျင်နီယာ ဖြစ်ဦးမယ်။ ကစားဖို့ အရုပ်တွေ ရတာနဲ့ တစစီဖြုတ်ပစ်တယ်။ ပြန်တပ်ဖို့လည်း ကြိုးစားရှာပါတယ်။ နောက်ဆုံး အကြံကုန်တဲ့နောက် ဟိုလိုလို ဒီလိုလိုနဲ့ ပျောက်သွားလိုက်တာ အဲဒီ့ဖက် လုံးဝခြေဦး ပြန်မလှည့်တော့ဘူး။ နောက်က လိုက်သိမ်းရတဲ့ သူတွေလည်း `တောက်´ တခေါက်ခေါက်နဲ့ ဒေါသတွေ ထွက်လို့ပေါ့။
ဖုန်းဟန်းဆက်ကို မြင်သာထင်သာနေရာမှာ ချမထားရဲ့ဘူး။ လူလစ်တာနဲ့ ရောက်လာပြီး ကောက်ကလိတာပဲ။ အသံချဲ့စက်နဲ့ နားကျပ်ကိုလည်း သိပ်ကြိုက်ပါတယ်။ `စိုင်းစိုင်းခမ်းလှိုင်´နဲ့ `ရဲလေး´တို့ကို အသည်းစွဲပဲ။ သူ့ခေတ်နဲ့ သူ့ပရိတ်သတ်ဆိုတော့ ကိုယ်မှာ ဘယ်လိုမှ ကျော်မရဘူး။ လက်ပိုက်ကြည့်နေရတယ်။
(၂)နှစ်သားရောက်တဲ့အထိ `အာဘာယာဘာ´နဲ့ ဟုတ်တိပတ်တိ စကားမပြောတတ်သေးဘူး။ မိဘဆိုတော့ ကြံဖန်ပြီး စိတ်ပူရတယ်။ ခုတော့လည်း ပြောလိုက်တာ ရေပက်မ၀င်ပဲ။ တီဗီကြော်ငြာတွေထဲ သူကြိုက်တဲ့ မင်းသမီးချောချောတွေများပါရင် တီဗီရှေ့ပြေးပြီး `အာဘွား´ `အာဘွား´ `အာဘွား´နဲ့ အသံကုန် ဟစ်တတ်နေပြီ။ (မနိုင်ဘူး)
အသိမိတ်ဆွေ သားရှင်တွေကလည်း အားပေးရှာပါတယ်။ `မင်းသားက သိပ်အေးတာပဲ´တဲ့။ (ဘုရား ဘုရား) သားနှစ်ယောက်မွေးထားတဲ့ ကျွန်တော့်မိဘတွေကို ခုမှ ကိုယ်ချင်းစာမိတယ်။ တကယ်ပါ။ ကလေးတယောက်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ မလွယ်မှန်း သဘောပေါက်နေပြီ။
သူ့ထက်သူ လူစွမ်းကောင်းဖြစ်ဖို့ မမျှော်မှန်းပါဘူး။ လူတိုင်း သူ့ပါရမီနဲ့သူ လာခြင်းကောင်းကြပါတယ်။ ဘေးပတ်ဝန်းကျင်ကို ဒုက္ခမပေးဖို့၊ နိုင်ထက်စီးနင်း မလုပ်ဖို့ (တနည်းပြောရရင်) `လူဆန်´ဖို့ကတော့ ကျွန်တော့်မှာ အပြည့်အ၀ တာဝန်ရှိပါတယ်။
သြော်။ သမီးလား။ အိမ်မှာ ရှိပါတယ်။ ကိုယ့်လို သားရှင်တွေ လာပြဿနာရှာနေမှာ ကြောက်လို့ သူ့အကြောင်း နောက်ကြုံမှ ပြောပါရစေ။ (ဘိုင်းဘိုင်)