Saturday, July 18, 2009

အောင်မြင်မှုဆိုတာ . . .

Flickr.com

J. Paul Getty ဆိုတဲ့သူက ရေနံနဲ့ပတ်သက်ပြီး အတော်အကျိုးပေးတယ်။ Getty Oil ဆိုတဲ့ ရေနံကုမ္မဏီလေးကို တည်ထောင်ရင်းကနေ လူသိများထင်ရှားတဲ့ ရေနံသူဌေးကြီး ဖြစ်လာတယ်။ Getty ကိုယ်တိုင် ဝေမျှတဲ့ သူရဲ့အောင်မြင်မှု သော့ချက်သုံးခုကို လေ့လာကြည့်ရအောင်။ “မိုးမလင်းခင် အိပ်ယာထ၊ တနေကုန် တနေခန်း အလုပ်လုပ်၊ မြေကြီးအောက်က ရေနံတွေကို ရနိုင်သလောက် တူးထုတ်”ဆိုပဲ။ ကျွန်တော်တို့ အားလုံးနီးပါး တတိယ အောင်မြင်မှုသော့ချက်ကို အကောင်အထည်ဖော်ဖို့ နေနေသာသာ။ ပထမသော့ချက် (၂)ခုတည်းနဲ့တင် ခြေကုန်လက်ပန်းကျနေပြီ။

Irving Berlin ဆိုတဲ့ သီချင်းရေးဆရာကလည်း သူ့ရဲ့ခံစားချက်ကို ဒီလိုဖွင့်ဟတယ်။ “အောင်မြင်မှုနဲ့ပတ်သက်လို့ အခါးသီးဆုံးက အဲဒီအောင်မြင်မှု အတိုင်းအတာကို ရေရှည်တည်တံ့အောင် ဘယ်လိုဆက်ထိန်းထားမလဲ ဆိုတာပဲ”တဲ့။ Winston Churchill ရဲ့သုံးသပ်ချက်ကတော့ ပိုရှင်းတယ်။ “ဘယ်လိုအောင်မြင်မှုမျိုးမှ ကြာရှည်မခံဘူး”ဆိုပဲ။

တကယ်တမ်း အောင်မြင်မှုဆိုတာ ရှုံးနိမ့်ဖို့ ဖြစ်လာတာပါ။ အောင်မြင်မှုတိုင်းရဲ့ နောက်မှာ ရှုံးနိမ့်ခြင်းက အရိပ်လို လိုက်နေတယ်။ ဘယ်လုပ်ငန်းမဆို ငါးနှစ်ဆက်တိုက် ထိပ်ဆုံးရောက်ခဲ့ရင် အန္တရာယ်နား နီးစပြုပြီ။ သက်တောင့်သက်သာနဲ့ အတွင်းလှိုက်ပြီး ယို့ယွင်းလာတတ်လို့ သတိဝိရိယနဲ့ ပြန်လည်ဆန်းသစ်ဖို့ လိုတယ်။ “စီးပွါးရေးလုပ်ငန်းတိုင်းရဲ့ တခုတည်းသော အဆိုးဆုံး ပြဿနာက ရွှေထီးဆောင်းခဲ့တုန်းက လုပ်နည်းလုပ်ဟန် အဟောင်းတွေကို ဖက်တွယ်ထားချင်တာပဲ။ . . . တနှစ်ဆိုတာတောင် လွန်လှပြီ”လို့ Hewlett-Pakard ရဲ့ CEO ဟောင်း Lew Platt က သတိပေးပါတယ်။

ကုမ္မဏီတခုရဲ့ အောင်မြင်မှုက သူ့ရဲ့ အမာခံဖောက်သည်တွေနဲ့ စီးပွါးဖက်တွေရဲ့ အောင်မြင်မှုပေါ်လည်း အတိုင်းအတာတခုအထိ မှီခိုရတယ်။ လူတဦးချင်းစီအတွက် ဆိုရင်တော့ ပြောမနေနဲ့။ နောက်ဆုံး အလုပ်ရှင်ဆိုတာတောင် ကိုယ့်ကို အလုပ်အပ်တဲ့ အမာခံ ဖောက်သည်ပဲမဟုတ်လား။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေဖို့လည်း လိုတယ်။ ဒါပေမဲ့ တလောကလုံး ကြည်နူးပျော်ရွှင်အောင် အလိုလိုက် အကြိုက်ဆောင်လွန်းပြန်ရင်လည်း နောက်ဆုံး ကိုယ်ပဲ ဒုက္ခရောက်မယ်။ “လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ်” ဆိုသလိုပေါ့။

အရှုံးနဲ့ တွေ့တယ်ဆိုတိုင်းလည်း အဆိုးမြင်ရှုမြင်သုံးသပ်ဖို့ မသင့်ပြန်ဘူး။ Henry Ford ရဲ့ စကားက အားတက်စရာပါ။ “ခြေမဲ့လက်မဲ့ ရှုံးနိမ့်သွားပြီဆိုမှတော့ ပိုပြီးပြည့်စုံတဲ့ အနာဂတ်တခုကို စနစ်တကျ ပြန်စဖို့ အကောင်းဆုံး အခွင့်အလမ်းပဲ”လို့ သူက ပြောပါတယ်။ ဘ၀မှာ အရှုံးနဲ့ မကြုံဖူးတဲ့သူတွေကို အလုပ်ခန့်ဖို့တောင် စိတ်မ၀င်စားတဲ့အကြောင်း သူက ပြောသေးတယ်။ အင်္ဂလိပ်လူမျိုး Biologist တဦးဖြစ်တဲ့ Thomas Huxley ရဲ့ အဆိုအမိန့်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။ “ဘယ်သူမဆို ငယ်တုန်းရွယ်တုန်း အဆင်မပြေမှုတွေနဲ့ ကြုံရင် လက်တွေ့ဘ၀မှာ တသက်စာကောင်းဖို့ ဖြစ်သွားတတ်တယ်”တဲ့။

(Philip Kotler ရဲ့ Success and Failure ကို အဆင်ပြေအောင် ဘာသာပြန်ကြည့်တာပါ။)

Tuesday, July 14, 2009

MacBook - touch


သည်းချေကြိုက်နည်းပညာ အသစ်အဆန်းတွေနဲ့ ဟာကနဲဟင်ကနဲဖြစ်အောင် လုပ်ပြတတ်တဲ့ ကုမ္မဏီတွေထဲ Apple က ထိပ်ဆုံးပဲ။ အခုလည်း မျိုးဆက်သစ် Netbook တမျိုးကို ထုတ်ဖို့ စိုင်းပြင်းနေတယ်လို့ သတင်းတွေ ပလူပျံနေတယ်။ ကာယကံရှင် Apple ကတော့ နှုတ်ဆိပ်နေတယ်။ သူ့အနေနဲ့ US$500 အောက် တန်ဖိုးရှိတဲ့ ကွန်ပျူတာမျိုးတွေကို ထုတ်ဖို့ အစီအစဉ်မရှိသေးတဲ့ အကြောင်းပဲ ပြန်ပြောတယ်။

ဒါပေမဲ့ လူတွေမျှော်လင့်နေတဲ့ ဒီ Netbook ကို လာမယ့် အောက်တိုဘာမှာ US$799 နဲ့ ဈေးကွက်ထဲ အရောက်ပို့တော့မယ်လို့ China Time စာစောင်က ထပ်ဖွလိုက်တယ်။ Apple အတွက် လိုအပ်တဲ့ Parts & Accessories တွေကို နှစ်ရှည်လများထုတ်ပေးခဲ့တဲ့Foxconn ၊ Wintek နဲ့ Dynapack တို့လို မဟာမိတ်ကုမ္မဏီတွေကပါ ဒီသတင်းကို အတည်ပြုလိုက်ပြီ။ Wintek ရဲ့အဆိုအရ Apple က သီးသန့်ဒီဇိုင်းပေးမှာတဲ့ ဆယ်လက္မ Touchscreen Panel တွေကို ပြီးခဲ့တဲ့လထဲ အမြောက်အမြား ပို့ပေးခဲ့ရတယ်လို့ သိရတယ်။


တခုလည်း ဖြစ်နိုင်ပါတယ်။ Apple အနေနဲ့ Netbook ဆိုတဲ့ ဖန်တရာတေ စကားလုံးမျိုးကို ယူသုံးချင်ပုံမရဘူး။ Macbook Touch ၊ Apple Media Pad တို့လို နာမည်ဆန်းဆန်းတွေပေးပြီး ဈေးကွက်တင်ချင်ပုံရတယ်။ ဒီထက်ပိုပြီး Apple က အကြံကြီးတယ်။ အလုပ်ဖြစ်ရင်ပြီးရော Gadget အဟောင်းတွေနဲ့ တင်းတိမ်ရောင့်ရဲမယ့် ပေါချောင်ကောင်းပရိတ်သတ်တွေကို စိတ်မ၀င်စားဘူး။ နည်းပညာ အသစ်အဆန်းတွေနဲ့ ဦးဦးဖျားဖျား ဈေးတင်ရောင်းချင်တဲ့ ကုမ္မဏီမျိုးပဲ။ ဒီမဟာဗျူဟာကို လက်ကိုင်ထားပြီး Steve Jobs တို့အုပ်စု အောင်မြင်ခဲ့တာ လက်တွေ့ပဲ။

ဒီ Netbook အသစ်မှာ iPhone လို Touchscreen Interface ကိုအားပြုထားမယ့်ပုံပေါ်တယ်။ Processor ကတော့ တခြား Netbook တွေလိုပဲ Intel Atom ကို သုံးမှာ သေချာသလောက်ပဲ။ OS အနေနဲ့ Mac OS X ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြတယ်။

Internet ပေါ်နဲ့ စာစောင်တွေထဲ တွေ့နေရတဲ့ Concept ဒီဇိုင်းကို မြင်တာနဲ့တင် ရင်သပ်ရှုမော၊ စမ်းကြည့်ချင်စရာပါ။ ဘာပဲဖြစ်ဖြစ် Apple ကတော့ အစဉ်အလာမပျက် ထူးထူးခြားခြားတွေ လုပ်ပြဦးမယ်လို့ နည်းပညာချစ်သူတယောက်အနေနဲ့ မျှော်လင့်မိပါတယ်။