Friday, May 15, 2009

ထမင်းကြော်


ဒီနေ့မနက် စိတ်ကူးပေါက်တာနဲ့ ထမင်းကြော်ကို ကိုယ်တိုင်ကြော်စား ဖြစ်တယ်။ ထမင်းကြမ်းဆိုတော့ အေးတိအေးစက်နဲ့ ကြော်စားလိုက်တော့ ပိုပြီးအဆင်ပြေသလိုပဲ။ ဒီထက်ပိုပြီး သေချာအောင်ပြောရရင် အခုတလော ငွေစမရွှင်လို့ မနက်စာကို အိမ်မှာပဲ ရှာကြံဗိုက်ဖြည့်တဲ့ သဘောပါ။

ထမင်းကြော်တာလား။ လွယ်ပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်လေး တချို့ရှိတယ်။ ကျွန်တော်ကတော့ ပန်းကန်ပြားတချပ်ကို ယူပြီး ထမင်းတွေကို ပထမဆုံးဖွထားလိုက်တယ်။ ပြီးမှ ဒယ်အိုးထဲ ဆီပူတိုက်ပြီး ကြက်သွန်ဖြူနီ ကြိုက်ရာကို ဆီသတ်တယ်။ ကြက်သွန်ကျော် အနံ့ထွက်လာရင် ကြက်ဥတလုံးဖောက်ထည့်ပြီး သံယောင်းမနဲ့ မွှေလိုက်တယ်။

ထမင်းထည့်ဖို့ အချိန်တန်ပါပြီ။ ဆားနဲ့ သကြားတန်ရုံဖြူး။ များသွားလည်း အရေးမကြီးဘူး။ ထမင်းထပ်ထည့်ပေါ့။ အချိုမှုန့်ကို ကြိုက်ရင်ထည့်၊ မကြိုက်ရင် မထည့်နဲ့။ အရေးအကြီးဆုံးက ပဲငန်ပြာရည်အကြည်ပဲ။ ထမင်းကြော်အရသာကို သိသိသာသာကောင်းသွားစေတယ်။ ထမင်းကြော်ဖို့ သီးသန့် ပဲငံပြာရည်အကြည်လည်း ရှိတယ်။ မေးပြီး ၀ယ်လို့ရမယ် ထင်တာပဲ။ ပဲငံပြာရည်အနောက်ကိုတော့ အရောင်လိုမှ ထည့်။ သံယောင်းမနဲ့ နှံ့အောင် ခဏမွှေပြီးရင် ငြုတ်ကောင်းမှုန့် နည်းနည်းဖြူး။ စားလို့ ဖြစ်ပြီ။

ဒါ့ထက် ယောက်ျားလေးတွေလည်း ထမင်းဟင်းချက်တတ်ပါတယ်။ ထန်းတက်လက်မှတ် ရသွားမှာစိုးလို့ ရူးချင်ယောင်ဆောင်နေတာ။ သဘောပေါက်။

Thursday, May 14, 2009

ရပ်ကွက်ထဲမှာ (ဒီလိုပဲရှိတယ်)


မရမ်းကုန်းမြို့နယ်ထဲက အသွားအလာခက်တဲ့ ရပ်ကွက်တခုမှာ ကျွန်တော်နေလာတာ ငါးနှစ်နီးပါးရှိပြီ။ ကျွန်တော့်အိမ်ကနေ ကားလမ်းအတိုင်း ဘယ်ဖက်ပဲသွားသွား၊ အနီးဆုံး ကားမှတ်တိုင်ရောက်ဖို့ မိနစ်နှစ်ဆယ်ကနေ နာရီဝက်နီးပါး လမ်းလျှောက်ရတယ်။ မြောက်ဥက္ကလာဘုန်းကြီးလမ်း ကားဂိတ်ကို ထွက်ရင်တော့ ဆယ့်ငါးမိနစ်ပဲ ကြာတယ်။ ခက်တာက လမ်းမှာချောင်းတခု ကန့်လန့်ခံနေတယ်။ နွေဆို ပြဿနာမရှိပေမယ့် မိုးတွင်းရောက်ရင် ရေလျှံတယ်။ ဒါပေမဲ့ ကျွန်တော်ရောက်ပြီး သိပ်မကြာလိုက်ဘူး။ ရပ်ကွက်ထဲက လူငယ်တွေစုပြီး ၀ါးတံတားခင်းလိုက်တာ အဆင်ပြေသွားတယ်။ ၀ါးတံတားဆိုတော့ တနှစ်တကြိမ် ပိုက်ဆံစုပြီး အသစ်ပြန်ခင်းရတာမျိုးတော့ ရှိတယ်။


ဘယ်မှာနေလဲ မေးရင်တော့ (န၀ဒေး) “စွယ်တော်ဘုရား”လို့ပဲ ဖြေပါတယ်။ အိမ်ကနေလမ်းထိပ်ကို ဆယ်မိနစ်လောက်လျှောက်ရင် “စွယ်တော်ဘုရား”ကို ရောက်တယ်။ အနားမှာ “နာဂလှိုင်ဂူဘုရား”လည်း ရှိတယ်။ တခေတ်က လူသိများခဲ့တဲ့ ကလေးဝဆရာတော်ကြီး တည်ခဲ့တဲ့ ဘုရားပေါ့။ ထူးထူးခြားခြား ကျွန်တော်တို့လမ်းထဲမှာ မယ်သီလရှင်တပါးတည်တဲ့ ဘုရားတဆူရှိသေးတယ်။ ပုဂံက သဗ္ဗေညုဘုရားနဲ့ အရွယ်အစားတူ၊ ပုံစံတူ တည်ထားတာပါ။ ဘုရားက ထုထည်ကြီးလွန်းတော့ ခုထက်ထိ လက်စမသတ်နိုင်ဘူး။ အတောင်ဝေးဝေး လှမ်းမြင်နိုင်ပေမယ့် သတိထားမိသူ အတော်နည်းပါတယ်။


ရပ်ကွက်ထဲမှာ လက်လုပ်လက်စားလူတန်းစားတွေ ပိုများတယ်။ လက်သမား၊ ပန်းရံဆရာ၊ ဆိုက်ကားသမား စသည်ဖြင့်ပေါ့။ ရပ်ကွက်ဘေးမှာ ကိုးမိုင်ဂေါက်ကွင်းရှိတော့ ဂေါက်ကွင်းထဲမှာ ဂေါက်အိမ်ထမ်း၊ ဥယျာဉ်မှုးလုပ်ပြီး အသက်မွေးဝမ်းကျောင်းတဲ့သူတွေလည်း အတော်များတယ်။ လေ့လာကြည့်ရသလောက် ၀င်ငွေက ဒီလောက်မနည်းဘူး။ ဒါပေမဲ့ ရရင်ရသလို အရက်ကလေးတမြမြနဲ့ နှစ်လုံးသုံးလုံးထိုး၊ ဘောပွဲလေးလောင်းပြီး လူမွှေးပြောင်တယ်လို့ကို မရှိဘူး။

ရယ်စရာပြောရဦးမယ်။ အိမ်နားက လူတယောက်အကြောင်းပါ။ ငယ်ငယ်တည်းက ဂေါက်ကွင်းထဲ ကျင်လည်ခဲ့ရလို့ပဲလား မသိဘူး။ ဂေါက်အကြောင်း အတော်နားလည်တယ်။ ဂေါက်လာရိုက်တဲ့ လူကြီးတွေကိုတောင် ပြန်သင်ပေးနိုင်တယ်။ ဂေါက်ကွင်းထဲနေရင်း ဂေါက်ကွင်းထဲက မိန်းမနဲ့ပဲ ညားတယ်။ မိန်းမဖက်က ခွဲပေးတဲ့ မြေကွက်လေးမှာ ဂေါက်ကွင်းထဲက လူကြီးတွေကောင်းမှုနဲ့ သွပ်မိုးပျဉ်ကာ အိမ်လေးတလုံးဆောက်ပြီး အတော်လေးဟန်ဟန်ပန်ပန်ဖြစ်သွားတယ်။ ဒါပေမဲ့ သိပ်မကြာဘူး။ လင်မယားကွဲမယ်ကွာမယ် ထဖြစ်ကြတယ်။ ရာထူးရာခံနဲ့ လူကြီးတွေတောင် မနေသာဘူး။ ၀င်ရှင်းပေးရတယ်။

နောက်ဆုံး ယောက်ျားလုပ်သူက သူဆောက်ထားတဲ့ အိမ်ကို ပြန်ဖျက်ပြီး ယူဖို့ တောင်းဆိုတယ်။ ဒီလိုနဲ့ အိမ်လေးကိုဖျက်ရောင်းပြီး မည်သို့မည်ပုံဖြစ်သွားသည် မသိ။ အခုတော့ သူတို့လင်မယား ပြန်ပေါင်းထုပ်နေကြပြီ။ သွပ်မိုးပျဉ်ကာအိမ်နေ တဲစုတ်ဖြစ်သွားတာပဲ အဖတ်တင်တယ်။ ရပ်ကွက်ထဲ ဒီလိုဇာတ်လမ်းမျိုးတွေ မကြာခဏကြားရမယ်။ ဘာမှ မဆန်းဘူး။


ရပ်ကွက်ထဲက လူတွေရဲ့အပြောကတော့ ချမ်းသာတဲ့သူတွေ ကြီးစိုးလာပြီတဲ့။ ဒီနှစ်ပိုင်း ရပ်ကွက်ထဲက မြေကွက်တွေ အတော်အရောင်းအ၀ယ် ဖြစ်လို့ပဲ။ အခုပုံထဲမှာပါတဲ့ မြေကွက်ဆိုရင် Singapore အခြေစိုက် လူကုံထံလင်မယားက ပိုင်ပါတယ်။ လခတွေသောက်သောက်လဲကောင်းပြီး ပိုက်ဆံတွေထားစရာမရှိလို့ ရန်ကုန်တ၀ိုက်က မြေကွက်တွေ အတော်ဝယ်ထားတယ်ဆိုပဲ။ ဒီမြေကွက်ရဲ့ လက်ရှိကာလပေါက်ဈေး သုံးရာနီးပါးရှိတယ်။ ဒါတောင် ဥယျာဉ်ခြံမြေပဲ ရှိသေးလို့ပေပဲ။ နောက်ဖက် မလှမ်းမကမ်းမှာ လူသိများတဲ့ ရွှေနှင်းဆီရပ်ကွက်ရှိတယ်။ ရွှေနှင်းဆီရပ်ကွက်ကလည်း တဖြည်းဖြည်းတိုးချဲ့လာလိုက်တာ နောက်ငါးနှစ်လောက်ဆို ကျွန်တော်တို့ရပ်ကွက်နဲ့ တဆက်တည်းဖြစ်သွားမယ့် သဘောရှိတယ်။


တနိုင်တပိုင် စိုက်ခင်းလေးတွေပါ။ စီးပွါးဖြစ်တော့ ဟုတ်မယ်မထင်ဘူး။ မိသားစုဝမ်းစာ ဖူလုံရုံတော့ အထောက်အပံ့ဖြစ်ပါလိမ့်မယ်။



ရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်းတွေလည်း အတော်များပါတယ်။ နောက်ပိုင်း အလှူရှင်တွေပေါ်လာလို့ ထင်ပါတယ်။ တခမ်းတနားကျောင်းဆောင်ကြီးတွေ ဆောက်လာကြတယ်။ အလှူရှင်နာမည်တွေ ဖတ်လိုက်ရင် ခေတ္တ Singapore ၊ U.K ၊ U.S.A စသဖြင့်ပေါ့။ ပညာဒါန အခမဲ့ပြုပေးတဲ့ ဘုန်းကြီးကျောင်းတွေလည်း ရှိတယ်။ အင်္ဂလိပ်စကားပြောသင်တာ ပိုများသလိုပဲ။


ကျွန်တော်ပြောတဲ့ မြောက်ဥက္ကလာလမ်းမပေါ်က ဘုန်းကြီးလမ်းကားဂိတ်ပါ။ နိုင်ငံရပ်ခြားမှာလို စည်းကမ်းမရှိဘူး။ Singapore မှာတုန်းက လူစည်ကားတဲ့ ကားဂိတ်တွေမှာ ဘယ်နံပါတ်နဲ့ဘယ်ကားတွေ ဘယ်အချိန်ရောက်မလဲ၊ LED မီးလုံးတွေနဲ့ Information အတိအကျပေးတယ်။ မြန်မာပြည်က ကားဂိတ်တွေမှာတော့ ကွမ်းယာဆိုင်တွေသာ မေးလိုက်ပါ။ သူတို့က လာသမျှကားကို စာရင်းပြုစုပြီး အခမဲ့ ၀န်ဆောင်မှုပေးတယ်။ သူတို့ဆီမှာ ကွမ်းစား၊ ဆေးလိပ်သောက်တဲ့ ကားသမားဖောက်သည်တွေ အဆင်ပြေဖို့ပါ။ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့။

Monday, May 11, 2009

ခပ်မွဲမွဲပဲ ကျွေးချင်တယ်

(burnt suger) Flickr.com

အစားအသောက်နဲ့ ပတ်သက်လို့ကတော့ ဟင်းပွဲအမယ်ပေါင်းစုံနဲ့ ရွေးချယ်စရာတွေ ပိုများလာတိုင်း မဆန့်မပြဲပိုစားဖြစ်တယ်။ ဥပမာ `ဘူဖေး´လိုပေါ့။

`အီလီနွိုက်´နဲ့ `ပင်ဆီဗေးနီးယား´ တက္ကသိုလ်တွေက သုတေသနတခုရဲ့ အဆိုအရ ဟင်းပွဲတွေကို ခင်းကျင်းပြင်ဆင်တဲ့ နေရာမှာ အနံ့အရသာထက် အရောင်အဆင်းက ပိုပြီး အဓိကကျတယ်။ သုတေသနပညာရှင် `ဘာဘရာခန်း´က လူတွေကို အုပ်စုခွဲပြီး အရောင်အဆင်းမတူတဲ့ `ဂျယ်လီ´ (၈)မျိုးကို ပုံစံမျိုးစုံနဲ့ကျွေးပြီး စမ်းသပ်တယ်။ ပထမအကြိမ် ပန်းကန်လုံးတခုထဲ အရောင်မတူတဲ့ `ဂျယ်လီ´တွေကို တမျိုးစီခွဲပြီး ထည့်ကျွေးတယ်။ ဘာမှ မထူးဘူး။

ဒုတိယအကြိမ် အဲဒီ့ပန်းကန်လုံးထဲမှာပဲ အရောင်မတူတဲ့ `ဂျယ်လီ´ (၈)မျိုးလုံးကို ရောသမမွှေပြီး ထပ်ကျွေးကြည့်တော့ ပထမအကြိမ်ကထက် (၂)ဆမက ပိုစားကြတယ်။ ဘာ့ကြောင့်လဲ။ အရောင်အဆင်းက လူတွေရဲ့အာရုံကို လှည့်စားတယ်။ ရွေးချယ်ချင်စရာတွေ ပေါင်းစုံနဲ့ မြည်းစမ်းကြည့်လိုစိတ်တွေကို အတောမသတ်ဖြစ်စေတယ်။

ကိုယ်အလေးချိန်ကျအောင် ကြိုးစားနေသူတွေအတွက် အိမ်ထမင်းအိမ်ဟင်းက အကောင်းဆုံးပါပဲ။ တကယ်လို့ မဖြစ်မနေ ဆိုင်မှာ ၀ယ်စားဖြစ်ပြီဆိုရင်လည်း ကိုယ့်စိတ်ကြိုက်ဟင်းပွဲ တမယ်ကောင်းကိုပဲ မှာစားဖို့ အကြံပေးပါရစေ။ ဥပမာ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ထမင်းပေါင်း စသဖြင့်ပေါ့။ အရောင်အဆင်းပြည့်ုစုံတဲ့ အစားအသောက်တွေကို ကြုံတိုင်း သတိဝိရိနဲ့ ဆင်ခြင်ပါ။ သတင်းစာစက္ကူကို ရရာဖြန့်ခင်းပြီး ဘတ်ကက်ပုံးထဲ ဖြစ်သလိုထည့်ကျွေးတဲ့ လူတွေနဲ့ ပတ်သက်လို့လည်း စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။ မေတ္တာရှေ့ထားပြီး ကျွေးတယ်လို့ သဘောထားဖို့ တိုက်တွန်းရင်း ... ။

Saturday, May 2, 2009

တောင်တွေးမြောက်ရေး - ပေါ့ပေါ့ပါးပါး


ဧပြီလ ကုန်ပြီးခြင်းသကာလ မေလထဲကို ရောက်ပါပြီ။ အတိအကျပြောရရင် ဒီနေ့ မေလ (၂)ရက်နေ့၊ စနေနေ့ပေါ့။

ခက်တာက ပြီးခဲ့တဲ့ ဧပြီလ တလလုံး ဘာမှဟုတ်တိပတ်တိ မရေးဖြစ်ဘူး။ သိပ်အလုပ်များလို့လားတဲ့။ မဟုတ်ပါဘူး။ အလုပ်မရှိ အကိုင်မရှိ၊ တောင်စဉ်ရေရာမရ အာရုံများနေတာပါ။ ဧပြီလ ဆိုတာကလည်း သိတဲ့အတိုင်းပဲ။ သင်္ကြန်ကောင်းမှု အကြောင်းပြုပြီး အပျော်ဖက်ပဲ စိတ်ရောက်နေတယ်။ သင်္ကြန်မတိုင်ခင် ပြင်ဆင်တာက တမျိုး၊ သင်္ကြန်ပြီးတော့ စမြုံပြန်တာက တဖုံပေါ့။ ဘာမှကို အလုပ်မဖြစ်ဘူး။

ဒီကြားထဲ ပင်လယ်ရေအောက် ကြမ်းပြင်က အလင်းဖန်မျှင်လိုင်းကြီးကို ပြုပြင်နေတယ် ဆိုလား။ ကိုယ်တိုင်က ဂဂနနမသိတဲ့နောက် သူများပြောသမျှ ယုံရတာပဲ။ ကိုးနတ်ရှင်ကတော့ သုံးစားမရတာ သေချာတယ်။ ဘလော့ဂ်ဆိုတာ ဝေလာဝေး၊ ဂျီမေးလ်တောင် ဆန့်ငင်ဆန့်ငင်ရယ်။

ဒါတွေကလည်း အကြောင်းပြချက်တွေပါလေ။ ရေးချင်လို့ ဖြစ်အောင်ရေးရင် ဖြစ်တာပဲ။ ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ပို့စ်တခုဖြစ်အောင်တင်မှ တော်ချေမယ်။

ခေတ်ကာလအခြေအနေကလည်း သိတဲ့အတိုင်းပဲ။ ဆားချက်ရင် ငန်မယ်။ ရေထိုးရင် အချိန်စီးမယ်။ ဒီတော့ ပေါ့ပေါ့ပါးပါးလေးပေါ့။ လူဆိုတာ ငယ်တုန်းရွယ်တုန်းမှာ တိမ်တွေလို ပေါ့ပါးပြီး အသက်အရွယ်ရလာတာနဲ့အမျှ နှင်းပွင့်လေးတွေလို ဖြူစင်သင့်တယ်တဲ့။ ကြားဖူးနားဝ တရုတ်စကားပုံတခုပါ။

ပေါ့ပေါ့ပါးပါးတွေး၊ ပေါ့ပေါ့ပါးပါးရေး၊ ပေါ့ပေါ့ပါးပါးပြုံးတဲ့။ ဘယ်သူ့စကားလဲတော့ မမှတ်မိဘူး။ အတော်ကြိုက်တယ်။ ခက်တာက တခါတလေ အပေါ့လွန်ပြီး ပေါ့ပျက်ပျက်ဖြစ်သွားတတ်တယ်။ အားလုံးကို ခပ်ပေါ့ပေါ့တွေးပြီး မလေးမစား ကပျက်ကချော်ဖြစ်လုပ်မိတာမျိုးပေါ့။

ဒါ့ထက် ကျွန်တော့်သူငယ်ချင်းတယောက်ပြောသလို ပေါ့လျှံလျှံဆိုတာလည်း ရှိသေးတယ်။ ကိုယ့်အတွေးနဲ့ ကိုယ် လုပ်သမျှ အဟုတ်ကြီးထင်ပြီး လိုရင်းမရောက်တယ်ကို မရှိဘူး။ လျှံထွက်နေတာမျိုးပဲ။ အလေအလွင့် သိပ်များတယ်။ ကိုယ့်ကိုကိုယ်ဖြစ်လို့ဖြစ်မှန်းမသိ အားလုံးကို ပိတ်ပြီးစဉ်းစားရင် ပိုဆိုးတယ်။ အတွေးအခေါ်အယူအဆ၊ အကြံဥာဏ်ကောင်းတွေ ဘာမှအသစ်ထပ်ထည့်လို့ မရတော့ဘူး။

ကဲ။ နောက်ဆုံးတော့ တောင်တွေးမြောက်ရေး၊ ပို့စ်တခုဖြစ်သွားပြန်ပြီ။