Tuesday, March 17, 2009

အမှတ်တရ သီချင်းများ

ငယ်ငယ်တုန်းကပါ။ သုံးလေးတန်းလောက်လို့ ထင်တယ်။ မနက်ကိုးနာရီ မထိုးခင် ရေဒီယိုကလာတဲ့ English တွေကို စနားထောင်ဖုးတယ်။ Beatles ရဲ့ Obladi Oblada တို့၊ Carpenters ရဲ့ Top of the World တို့၊ ဒီနေ့အထိ နားထဲစွဲနေတုန်းပဲ။ သင်္ကြန်ကျရင်တော့ ရပ်ကွက်မဏ္ဍပ်တွေကနေ ကျယ်ကျယ်လောင်လောင်ဖွင့်တဲ့ Boney M နဲ့ ABBA တို့ကို အတော်ကြိုက်ခဲ့တယ်။ ကလေးပီပီ Disco ပေါ့။ (အခုထက်ထိ နန့်ကျောဆွဲချင်ရင် Disco ပါပဲ။) နောက်တော့ TV မှာ တနင်္ဂနွေနေ့ညပိုင်းလာတဲ့ ABBA နဲ့ Cliff Richard တို့ရဲ့ Live Show တွေကိုကြည့်ပြီး တအံ့တသြဖြစ်ရသေးတယ်။

English သီချင်းတွေကို စွဲစွဲလမ်းလမ်းစနားထောင်ဖြစ်တာ ဆယ်တန်းကျောင်းသားဖြစ်မှပါ။ I just Call to Say I Love You သီချင်း အတော်နာမည်ကြီးခဲ့သေးတယ်လေ။ မှတ်မိကြမှာပေါ့။ English သီချင်းတွေကို မြည်းစမ်းပြီးနားထောင်ကြည့်ချင်လာတယ်။ အတန်းထဲမှာ နိုင်ငံရပ်ခြားနဲ့ အမြဲအဆက်အသွယ်ရှိတဲ့ သူငယ်ချင်းတယောက်က သီချင်းခွေတွေ၊ သီချင်းစာအုပ်တွေ ယူလာပေးတယ်။ ပထမဆုံးသူယူလာတဲ့ အခွေက Modern Talking ပါ။ မကြိုက်ဘူး။ (နောက်ပိုင်းတော့ ကြိုက်ပါတယ်။ Pop ဆိုပေမယ့် သီချင်းကောင်းတွေပါ။)

ဒါနဲ့ I Just Call To Say I Love You ပါတဲ့ သီချင်းခွေတခွေ ထပ်ယူလာပေးတယ်။ Against All Odds နဲ့ Nothings Gonna Change My Love For You တို့လို ကိုယ်သိတဲ့ သီချင်းတွေလည်း ပါလာတယ်။ ကျော်ဟိန်းနဲ့ တူးတူးတို့က Copy ပြန်ဆိုထားတော့ နားထဲစွဲနေပြီလေ။ တခြားဒီအခွေထဲမှာပါတဲ့ သီချင်းတွေလည်း ကြိုက်သွားတယ်။ Lionel Richie ရဲ့ Stuck On You လို သီချင်းတွေပေါ့။ (မြန်မာလို “ရေစီးကြောင်း သံယောဇဉ်”ပါ။) နောက်ပိုင်း Karaoke တွေမှာ နိုင်ငံတော်သီချင်းနဲ့ နင်လားငါလား ဖြစ်မယ့်သီချင်းတွေပဲ။

ဆယ်တန်းပြီးတော့ လိုင်းပြောင်းသွားတယ်။ Heavy Metal ဖြစ်သွားပြီ။ တသက်လုံးနားထောင်ဖူးသမျှ Hard Rock နဲ့ Heavy Metal တွေ အများဆုံးဖြစ်မယ် ထင်တယ်။ Judas Priest ၊ Ozzy Osborne ၊ Van Halen ၊ AC/DC ၊ Guns 'N Roses စုံနေတာပဲ။

အခု အသက်ကြီးပြန်တော့ Accoustic တွေကို ပိုပြန်ကြိုက်နေပြန်တယ်။ Nu-Metal နဲ့ Punk တွေလား။ လျှော့မတွက်ပါနဲ့။ နားထောင်ပါတယ်။ ဘယ်အဖွဲ့နဲ့ပတ်သက်ပြီး ဆွေးနွေးချင်လဲ။ တခါတလေ ဆယ်ကျော်သက်တွေတောင် ကိုယ့်ကို နည်းနည်းစိတ်ညစ်သွားတယ်။ သူတို့ထက် ပိုကြမ်းနေလို့။ (ဒီအကြောင်းတွေလည်း အချိန်ရရင် အကျယ်တ၀င့် ပြောပြပါဦးမယ်။)

လောလောဆယ် You Tube ထဲ မွှေနှောက်ထားတဲ့ ငယ်ငယ်တုန်းက သီချင်းတွေကို တင်လိုက်တယ်။ ဆားချက်လေးပေါ့။



Cyndi Lauper ရဲ့ Girls Just Want To Have Fun ဆိုတဲ့ သီချင်းပါ။ စနားထောင်တုန်းက Vocal သံကြားရတာ အတော်နားကလောတယ်။ အခုတော့ ဒါလိုဆိုပုံဆိုပေါက်တွေနဲ့ ယဉ်ပါးနေပြီ။



Billy Idol ရဲ့ White Wedding သီချင်းပါ။ ကျော်ဟိန်းရဲ့ “အဓိပ္ပါယ်ရှိသောလူ” ပေါ့။ စကြည့်တုန်းက ဘာတွေလဲ။ အတော်ခေါင်းစားခဲ့ဖူးတယ်။ ခုခေတ်ကလေးတွေက ကြည့်ပြီးရယ်တာပေါ့။



Michael Jackson နာမည်ကြီးတော့ အားကျမခံ “ယင်းမာ”မှာ အခွေကူးပြီး နားထောင်းလိုက်သေးတယ်။ Beat It နဲ့ Billy Jean တို့လို သီချင်းတွေထက် ဒီနေ့အထိ အကြိုက်ဆုံးဖြစ်ခဲ့တဲ့ သီချင်းလေးပါ။ Say Say Say တဲ့။ မြန်မာစုံတွဲသီချင်း ရှိတယ်။



ဒီသီချင်းကိုလည်း သီတင်းကျွတ်နဲ့ သင်္ကြန်တွေမှာ Speaker ကြီးတွေနဲ့ အပြိုင်ဖွင့်ခဲ့ဖူးတယ်။ ကြားဖူးလား မသိ။ ၀င်မွှေရင်းနဲ့ ထွက်လာတာ။ ပုရိသတို့ အကြိုက်ပေါ့။ “မင်း ဒါတွေလည်း ကြိုက်တာပဲလား” တဲ့။ မေးတဲ့သူက မေးဦးမယ်။ “ဘယ်လိုမေးလိုက်တာလဲဗျာ” (လူမှုရေးအရ) “မကြိုက်ဘူး”လို့ပဲ ဖြေပါရစေ။

Thursday, March 12, 2009

ကမ္ဘာ့အချမ်းသာဆုံး ၂၀၀၉


၂၀၀၉ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး (၁၀)ဦး စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ကြေငြာလိုက်ပါပြီ။

လတ်တလော ကမ္ဘာ့စီးပွါးရေးက အခြေအနေမကောင်းလို့ သူတို့လို ထိပ်တန်းသူဌေးကြီးတွေ ကိုယ်တိုင်တောင် ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အားလုံးသိကြတဲ့ Microsoft ကုမ္ပဏီပိုင်ရှင် သူဌေးကြီး Bill Gates ဆိုရင် ပြီးခဲ့တဲ့နှစ်ထဲ ဒေါ်လာ (၁၈)ဘီလီယံတောင် အရှုံးပေါ်တယ်တဲ့။ Investment လောကမှာ လူတိုင်းလေးစားရတဲ့ သူဌေးကြီး Warren Buffett ရဲ့အရှုံးက ပိုဆိုးပါတယ်။ ဒေါ်လာ (၂၅)ဘီလီယံတောင် ဆိုပဲ။ ဒါပေမယ့် သူတို့နှစ်ယောက်လုံး ကမ္ဘာအချမ်းသာဆုံး နံပါတ် (၁)နဲ့ (၂)နေရာကို ယူထားဆဲပါ။ IT လောကမှာ နာမည်ကြီးတဲ့ Oracle ကုမ္ပဏီပိုင်ရှင် Lawrence Ellison ကတော့ အဆင့်(၄) ချိတ်ပါတယ်။ သူကလည်း အားကျမခံ အရှုံးပေါ်တယ်တဲ့။ အားလုံး ဆင်ပိန်ကျွဲလေးတွေပေါ့။

အောက်မှာ ကမ္ဘာအချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး (၁၀)ဦးရဲ့ စာရင်းပါ။
  1. William Gates III (U.S) $40.0 bil - Microsoft (IT)
  2. Warren Buffett (U.S) $37.0 bil - Berkshire Hathaway (Investments)
  3. Carlos Slim Helú (Mexico) $35.0 bil - Telecom (Telecommunication)
  4. Lawrence Ellison (U.S) $22.5 bil - Oracle (IT)
  5. Ingvar Kamprad (Sweden) $22.0 bil - Ikea (Retail)
  6. Karl Albrecht (Germany) $21.5 bil - Aldi (Retail)
  7. Mukesh Ambani (India) $19.5 bil - Petrochemicals (Manufacturing)
  8. Lakshmi Mittal (India) $19.3 bil - Steel (Manufacturing)
  9. Theo Albrecht (Germany) $18.8 bil - Aldi & Trader Joe's (Retail)
  10. Amancio Ortega (Spain) $18.3 bil - Zara (Retail)

ပြီးခဲ့တဲ့ နှစ်တုန်းက ဘီလီယံနာ သူဌေး (၁,၁၂၅)ယောက်တောင် ရှိခဲ့ပေမယ့် အခု (၇၉၃)ယောက်ပဲ ကျန်တော့တယ်။ ဒေါ်လာ (၁.၄)ထရီလီယံ တန်ဖိုးရှိတဲ့ ဥစ္စာဓနတွေကတော့ ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်ကုန်တယ် မပြောတတ်ဘူး။ လူဆင်းရဲတွေလက်ထဲ မရောက်တာတော့ သေချာတယ်။ ကမ္ဘာကြီး ဆင်းရဲသွားပြီလား။ ရင်လေးစရာပဲ။

Wednesday, March 11, 2009

မိုးနတ်မင်းကြီးပေးတဲ့ လက်ဆောင်

(New Formula) Flickr.com

အရင်က တရုတ်ပြည်မှာ Chivas Regal သောက်ရင် တိုင်းပြည်ဘဏ္ဍာဖြုန်းတဲ့သူလို့ ပြောခံရလိမ့်မယ်။ အခုတော့ ခေတ်တွေပြောင်းသွားပြီ။ Chivas Regal သောက်မှ လူရာဝင်ပါတယ်။

ဘယ်သူက စပြီး ဘယ်တုန်းက တူးဖော်တွေ့ရှိတယ်လို့ မပြောတတ်ဘူး။ ဇောက်နက်တဲ့ ဖန်ခွက်တခွက်ထဲ ရေခဲများများထည့်၊ Scotch Whiskey နည်းနည်းလောင်း၊ Green Tea လက်ဖက်ရည်ကြမ်းနဲ့ အနေတော်စပ်လိုက်ရင် အတော်ကောင်းဆိုပဲ။ သောက်လေသောက်လေ ငတ်မပြေတဲ့။ (စမ်းကြည့် ကြတာပေါ့။)

တရုတ်ပြည်တလွှားက
အရက်ဘားတွေ၊ ကာရာအိုကေခန်းတွေနဲ့ နိုက်ကလပ်တွေထဲတော့ ဒီလိုပုံစံမျိုးစပ်ပြီးသောက်တဲ့ဓလေ့က အတော်ရေပန်းစားတယ်။ အသည်းကောင်းလို့ အရက်တောင်းတာလား။ ၀င်ငွေကောင်းလို့ ရေလောင်းနိုင်တာလား။ ဖြေချင်သလိုဖြေ၊ Chivas Regal ကတော့ ဂုဏ်တုဂုဏ်ပြိုင်တစ်ခုလိုဖြစ်နေပြီ။

ညနေစောင်းတာနဲ့ Beijing မြို့ရဲ့လမ်းဘေးဝဲယာ လူမြင်ကွင်းတွေမှာ မီးထိန်ထိန်လင်းနေတဲ့ Chivas Regal ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေကို တွေ့ရလိမ့်မယ်။ 12-year-old Blend လို့ မြင်သာထင်သာရေးထားတဲ့ ဧရာမအရက်ပုလင်းပုံကြီးတွေပေါ့။ တခါတလေ Green Tea အကြမ်းရည်ဘူးတွေတောင်ပါလိုက်သေးတယ်။ လက်လက်ထနေတဲ့ ဖန်ခွက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ တခမ်းတနားပြင်ဆင်ထားပုံက ခုချက်ချင်းပြေးပြီး ၀ယ်သောက်ချင်စရာပဲ။

ပြီးခဲ့တဲ့နှစ်တွေထဲ တရုတ်ပြည်ကြီး အရှိန်အဟုန်နဲ့ တိုးတက်တော့ လူလတ်တန်းစားအလွှာလည်း သိသိသာသာ ကျယ်ပြန့်လာတယ်။ ထူးခြားချက်က ဒီလိုလူတွေ အတော်များများ ပညာတတ်တယ်။ ဗဟုသုတကြွယ်တယ်။ အနောက်တိုင်းယဉ်ကျေးမှုကို တနည်းမဟုတ် တနည်းနဲ့ အထင်ကြီးကြတယ်။ အရင်တုန်းကတော့ သူတို့လည်း ပြည်တွင်းဖြစ်ဘီယာလေးတွေ၊ ရိုးရာအရက်ကလေးတွေနဲ့ အာသာဖြေခဲ့ရတာမျိုး။ အခုတော့ စိတ်ကြိုက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ပွင့်ကုန်ပြီ။

၂၀၀၆ ခုနှစ်မှာ တရုတ်ပြည်ဟာ ကမ္ဘာ့ဝီစကီအသောက်ဆုံး (၁၀)နိုင်ငံစာရင်းထဲ ခုန်ပျံကျော်လွှားပြီး ၀င်လာတယ်။ တစ်နှစ်အတွင်း ဒေါ်လာ (၁၁၄)သန်းဖိုး ၀ီစကီပေါင်းစုံကို ပြည်ပကတင်သွင်းခဲ့ရတယ်လို့ Scotch Whiskey Association က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ Chivas Regal ကတော့ တရုတ်ပြည်ရဲ့ ယာမကာဈေးကွက်ကို မင်းမူလာတာ (၅)နှစ်ကျော်ပါပြီ။ တရုတ်ပြည်မှာ ထူးထူးခြားခြားအောင်မြင်ခဲ့လို့ ၂၀၀၇ ခုနှစ်မှာ Chivas ဟာ (၁၂)ပုလင်းဝင် စက္ကူဖာပေါင်း (၄.၄)သန်းနဲ့ သူ့သက်တမ်းတလျှောက် အရောင်းစံချိန်တင်နိုင်ခဲ့တယ်။ Chivas အနေနဲ့ တရုတ်ပြည် ယမကာလောကမှာ သူနဲ့ ယှဉ်စရာဆိုလို့ Hennessy ပဲကျန်တော့တယ်လို့ သိရပါတယ်။

Scotch Whiskey ဆိုပေမယ့် Chivas ကို Pernod Ricard ဆိုတဲ့ ပြင်သစ်ကုမ္မဏီတစ်ခုက လက်ရှိပိုင်ပါတယ်။ စစ်ပြီးခေတ် ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းတော့ U.S လိုနိုင်ငံမျိုးမှာ ထိပ်တန်းရောက်ခဲ့ဖူးတဲ့ ၀ီစကီတစ်ခုပါ။ Frank Sinatra တို့လို ကမ္ဘာကျော်တွေတောင် Chivas ကို အမြတ်တနိုးထားပြီး သောက်ခဲ့ကြတယ်။ ဒါပေမယ့် အခု U.S မှာ Chivas ရဲ့အဆင့်က (၆၉)ပဲ ရှိတော့တယ်။ အသက်ကြီးပိုင်း Golf ၀ါသနာအိုးတွေပဲ သောက်တော့တယ်လို့ သိရပါတယ်။ U.S မှာ ဈေးကွက်မရှိတဲ့နောက် တရုတ်ပြည်မှာ ဘာ့ကြောင့်လာပြီး အောင်မြင်ရသလဲ။ စဉ်းစားစရာပဲ။

Chivas Regal ရဲ့ ကြော်ငြာတွေကြောင့်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ သူ့ရဲ့ကြော်ငြာတွေက သိပ်ပြီး နန်းဆန်လွန်းတယ်။ ခေတ်ရေစီးကြောင်းနဲ့ ဘာမှမဆိုင်ဘူး။ နောက်ဆုံး ယမကာစံနှုံးအရ ကောင်းမှန်းသိတဲ့ အမာခံပရိတ်သတ်တွေတောင် Chivas ကို ကြုံတောင့်ကြုံခဲ ပွဲလမ်းသဘင်တွေမှာမှ သောက်သင့်တဲ့ အရက်လို့ ခေါင်းထဲစွဲနေကြပြီ။

တရုတ်ပြည်ကို WTO က ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းတွေကိုလျှော့ပေါ့ပေးလိုက်တဲ့ အချိန်ရောက်တော့ Chivas လည်း အများနည်းတူ ဈေးကွက်လာရှာတယ်။ မထင်မှတ်ပဲ တရုတ်ရိုးရာ Green Tea လက်ဖက်ရည်ကြမ်းနဲ့ တွဲပြီးကြော်ငြာလိုက်တာ ဘယ်လိုအစပ်အဟပ်တည့်သွားတယ် မပြောတတ်ဘူး။ ၀က်ဝက်ကွဲအောင်မြင်သွားတယ်။ “မိုးနတ်မင်းကြီးက ပေးတဲ့လက်ဆောင်”လို့တောင် တင်စားကြတဲ့ အထိပဲ။

ဒါပေမယ့် တရုတ်ပြည်မှာ မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ ဥပဒေတွေက အခုအချိန်ထိ မပြည့်စုံသေးဘူး။ ကုန်အမှတ်တံဆိပ်တစ်ခုကို ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ အတော်ခက်ပါတယ်။ Chivas Regal အပါအ၀င် နိုင်ငံတကာအမှတ်တံဆိပ်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။

၂၀၀၆ ခုနှစ်တုန်းက နယ်ခံ တရုတ်စီးပွါးရေး စာစောင်တစ်ခုထဲ Chivas ရဲ့ 12-year-old Blend ဟာ တကယ် (၁၂)နှစ်မပြည့်ဘူးလို့ ဖွလိုက်တာ အတော်ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ဒီစာစောင်ထဲမှာ Chivas ဟာ (၁၂)နှစ်တာကာလသက်တမ်းရှိတဲ့ ယမကာတွေရဲ့ စံချိန်စံညွန်းအတိုင်းဖြစ်ဖို့ ခေတ်ပေါ်နည်းပညာတွေနဲ့ လှည့်စားထားတဲ့အကြောင်းကို အကျယ်တ၀င့် ရေးထားတယ်။ တကယ်တမ်း တပုလင်းကို (၃)ဒေါ်လာပဲ တန်တယ်လို့လည်း ပါတယ်။

Chivas Regal ရဲ့ တာဝန်ရှိသူတွေကတော့ အခြေအမြစ်မရှိတဲ့ ကောလဟာလလို့ ပြန်ပြီးချေပတယ်။ ချက်ချင်းဆိုသလိုပဲ British Embassy နဲ့ Scotch Whiskey Association မှာ Chivas 12-year-old Blend ဟာ (၁၂)နှစ် အမှန်တကယ်ဖြစ်ကြောင်း ထောက်ခံချက်ယူတယ်။ ပြီးမှ တရုတ်တရားရုံးတက်ပြီး အဲဒီစာစောင်ကို အသရေဖျက်မှုနဲ့ တရားစွဲတော့တာပဲ။ ပြီးခဲ့တဲ့နှစ်ကတော့ အမှုနိုင်သွားတယ်လို့ ပြောတယ်။ ဒါပေမယ့် Johnnie Walker က ပွဲလန့်တုန်းဝင်ပြီး ဖျာခင်းလိုက်တာ အတော်နေရာရသွားတယ်။

Chivas အနေနဲ့ သူ့ရဲ့ရေရှည်အောင်မြင်မှုအတွက် လူလတ်တန်းစားဈေးကွက်ရဲ့ အဓိကကျပုံကို သဘောပေါက်တယ်။ ဒါပေမယ့် ဒီလူလတ်တန်းစားအလွှာထဲ Elite ဖြစ်ချင်သူတွေက တမှောင့်။ မိုးခါးရေ မသောက်ချင်တာပဲလား။ အမူးသမားချင်း ပိုထူးချင်တာလားတော့ မပြောတတ်ဘူး။ တလောကလုံး Whiskey ရောဂါထနေတာကို ကြည့်ပြီး ဒီလူသိုက်က စိတ်နှလုံးမသာမယာ ဖြစ်နေတယ်။ နောက်ဆုံး အများထက် တမူထူးအောင် အပြင်းဆော်ချင်ရင် Vodka ၊ အပျော့ဆွဲချင်ရင် Champagne နဲ့ လိုင်းပြောင်းဖို့ ကြိုးစားကြတော့တာပဲ။

ဒီလိုလူတွေများကုန်ရင် မခက်ပါလား။ Chivas လည်း တိုက်ကွက်အသစ်တွေ ထွင်ရတယ်။ Chivas 18 နဲ့ Chivas 25 ဆိုတဲ့ အဆင့်မြင့်ဝီစကီတွေကိုပါ ဈေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အရှိန်မြှင့်ပြီး ကြော်ငြာတယ်။ ဂုဏ်သရေရှိ လူကြီးလူကောင်းဆိုရင် ၀ီစကီကို ရေမရောပဲ On The Rock သောက်ရတယ်လို့လည်း အသံကျယ်ကျယ်ဟစ်ပြီး နည်းပေးလမ်းပြလုပ်တယ်။ (ချင့်ချိန်ပြီး ယုံပေါ့။ ရေမရောရင် အသေစောမယ်ဆိုလားပဲ။)

Chivas Regal အတွက် တရုတ်ပြည်ဈေးကွက်က သေရေးရှင်ရေးနီးပါး အရေးကြီးနေပါပြီ။ ဒီဈေးကွက်ကို မရမကခြေကုတ်ယူပြီး ကမ္ဘာနဲ့ချီတဲ့ အောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေရှိနေလို့ပါ။ အနာဂတ်မှာ တရုတ်ပြည်တွင်းက Chivas ပရိတ်သတ်တွေ ကမ္ဘာအနှံ ခြေဆန့်ကြဦးမှာ သေချာသလောက်ပဲ။ Chivas Regal နဲ့ Green Tea အလေ့အထကလည်း သူတို့နဲ့အတူ ကမ္ဘာကိုဖြန့်ကျက်နိုင်ပါဦးမယ်။

ကဲ ... ။ ပြောတာတွေလည်း အတော်များသွားပြီ။ ဒါတွေထားပါဦး။ ဘော်ဒါတို့ရော ဒီနေ့ည ဘာတွယ်မယ် စိတ်ကူးထားလဲ။

(Forbes Magazine ထဲ ပါတဲ့ Bottoms Up! ဆောင်းပါးကို ဆီလျှော်အောင် ပြန်ရေးထားတာပါ။)

Friday, March 6, 2009

ဒေါင်လိုက်ဥယျာဉ်၊ စိမ်းလန်းတံတိုင်းနှင့် မိုးပျံတောအုပ်များ

Marché des Halles in Avignon

မနက်က ထုံးစံအတိုင်း မခင်ဦးမေရဲ့ Blog ကို ရောက်သွားတယ်။ Post အသစ်တက်နေပါလား။ စိတ်ချမ်းသာတယ်တဲ့။ သစ်ပင်တွေတောင် မိုးပေါ်ပျံကုန်ပြီ။ ဓါတ်ပုံထဲက အကြောင်းအရာကိုတော့ ကျွန်တော် ချက်ချင်းမှတ်မိတယ်။ ပြင်သစ်ရုက္ခဗေဒ ပညာရှင် Patrick Blanc (ပက်ထရစ်ဘလွန့်ခ်)ရဲ့ လက်ရာပါ။ မနှစ်က သူ Australia က အပြန်၊ Singapore မှာ တထောက်နားတော့ Show ပွဲတစ်ခုလုပ်တယ်။ အဲဒီ့တုန်းက ကျန်ခဲ့တဲ့ သူ့လက်ရာလို့ ထင်ပါတယ်။ Singapore ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားနေတဲ့ အသိတယောက်က ပြောဖူးလို့ Patrick Blanc အကြောင်း ရင်းနှီးနေတာ ကြာပါပြီ။

Pershing Hall Hotel

ဒီနေ့ခေတ်မြို့ပြလူနေမှု ဘ၀ကလည်း သိတဲ့အတိုင်းပဲ။ လေးဖက်လေးတန် နံရံတွေကြားထဲ မွန်းကျပ်ပြီး သဘာဝမဟုတ်တဲ့ ဓါတ်မီးရောင်အောက်မှာ ကျင်လည်ကျက်စားရတယ်။ မြို့ပြအင်ဂျင်နီယာတွေ၊ ဗိသုကာဆရာတွေကလည်း ဒါကို သဘောပေါက်ပါတယ်။ ခက်တာက သစ်ပင်ပန်းမာန်တွေနဲ့ ဝေေ၀ဆာဆာဖြစ်ဖို့ မြေနေရာက ရှားသထက်ရှားနေပြီ။ ဘယ်နေရာကြည့်ကြည့် မိုးထိအောင်ထိုးတက်နေတဲ့ နံရံတွေကိုပဲ စိမ်းစိမ်းလန်းလန်း ဖြစ်အောင် ဖန်တီးဖို့လိုပြီ။ ဒီမှာတင် Vertical Garden (ဒေါင်လိုက်ဥယျာဉ်)၊ Green Wall (စိမ်းလန်းတံတိုင်း)နဲ့ Sky Farm (မိုးပျံတောအုပ်)တို့လို ဝေါဟာရတွေပေါ်လာတယ်။

CaixaForum, Madrid, Spain

ဘီစီ (၆၀၀)၀န်းကျင်က အရှေ့အလယ်ပိုင်း ဘေဘီလုံမှာ Hanging Garden (မိုးပျံဥယျာဉ်)ဆိုပြီး ရှိခဲ့ဖူးတယ်။ ရှေးဟောင်းကမ္ဘာအံ့ဖွယ် (၇)ပါး စာရင်းဝင်ပေါ့။ အုတ်တံတိုင်းပေါ် ကျောက်ကျိုကျောက်ကြား ပေါက်တဲ့ မြေလျှောက်နွယ်ပင်လေးတွေနဲ့ အိမ်ကို အလှဆင်တာလည်း ဥရောပနိုင်ငံတွေမှာ ကြာပါပြီ။ Singapore မှာတောင် တွေ့တယ်။ ဒါပေမယ့် ခေတ်သစ် အဆောက်အဦခိုင်ခံ့မှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အနှောင့်အယှက်မပေးပဲ စရိတ်စကသက်သာတဲ့ မိုးပျံဥယျာဉ်မျိုးကို ဖန်တီးဖို့ကတော့ အခက်အခဲရှိတယ်။


Patrick Blanc at work

နည်းမျိုးစုံနဲ့ ဖြစ်အောင်ကြိုးစားကြသူတွေထဲ နှာတဖျားသာပြီး လမ်းသစ်ဖောက်နိုင်သူက Patric Blanc ပါ။ သူက အဆောက်အဦ နံရံတွေမှာ သတ္တု Frame တွေ ဆင်ပြီး PVC ပိုက်တွေ တွဲတယ်။ အပေါ်ကနေ Plyamide အစကို အထပ်ထပ်ပတ်ပြီး ပန်းပင်မျိုးစုံကို စိုက်ကြည့်တာ အောင်မြင်သွားတယ်။ Vertical Garden လို့ သူပေးတဲ့ နာမည်နဲ့ပဲ လူသိများလာတယ်။ အပင်တွေအတွက် လိုအပ်တဲ့ ရေနဲ့ အဟာရကိုတော့ ဒီပိုက်တွေထဲကနေပဲ ဖြန့်တယ်။ သတ္တု Frame၊ PVC ပိုက်နဲ့ အပင်တွေ ပါမှ တမီတာပတ်လည်ကို 30kg ပဲရှိလို့ ဘယ်အဆောက်အဦရဲ့ နံရံမျိုးဆို ခံနိုင်ရည်ရှိမယ်တဲ့။ ဒီ Vertical Garden ဆိုတဲ့ Concept နဲ့ပဲ Patrick တစ်ယောက် နိုင်ငံတကာအသိအမှတ်ပြု ဂုဏ်ထူးဆောင်လက်မှတ်တွေ၊ ဆုတံဆိပ်တွေ ရလိုက်တယ်။


French Museum, Paris

Paris မြို့ Eiffel Tower နားက ပြတိုက်နံရံမှာ Patrick ရဲ့ကနဦးပိုင်းလက်ရာကို တွေ့နိုင်ပါတယ်။ အလျားမီတာ (၂၀၀)ကျယ်ပြီး အမြင့် (၁၂)မီတာမြင့်တဲ့ နံရံပေါ်မှာ အပင်ပေါင်းစုံနဲ့ အလှဆင်ထားတာပါ။ ဒီလက်ရာနဲ့ပဲ Patrick ကို စပြီး လူသိများခဲ့တယ်။ (ဒီမှာ သူ့ Interview ပါ။) လက်ရှိ အိန္ဒိယ၊ ဂျပန်နဲ့ ဥရောပတခွင်မှာ သူ့လက်ရာတွေ အတော်ခေတ်စားနေပါပြီ။ Bangkok မှာတော့ Siam Paragon Shopping Center နဲ့ Emporium Bangkok မှာ သူ့လက်ရာတွေ ရှိတယ်လို့ ပြောတာပဲ။ ကြုံကြိုက်လို့ ရောက်သူများ Digital Camera ပါရင်ရိုက်ပြီး Blog ပေါ်တင်ကြပေါ့။ (အားလုံးစိတ်ချမ်းသာအောင် မြင်ကွင်းကောင်းကောင်း၊ ကြည်ကြည်လင်လင်နဲ့ ပညာကုန်ထုတ်ပြီး ရိုက်ဖို့တော့ မမေ့နဲ့။)


Siam Paragon, Bangkok

လက်ရှိကမ္ဘာတစ်လွှားက Landscaping နဲ့ Decoration ကုမ္ပဏီတွေအားလုံး Patrick Blanc ရဲ့ ခြေရာကိုနင်းပြီး အလုအယက်စီးပွါးရှာဖို့ ကြိုးစားကုန်ပြီ။ မြို့ပြနေရာအနှံ့မှာ စိမ်းစိမ်းစိုစိုရှိတော့မယ်။ မကြာမီလာမည် မျှော်ဆိုပဲ။ ပျော်စရာကြီးပေါ့။ (ဓါတ်ပုံတွေကတော့ Blog တကာပတ်ပြီး ခွင့်မတောင်းပဲ ယူလာတာ။ Camera ဆိုလို့ နတ္ထိ၊ 2.0 MG Pixels နဲ့ Phone အစုတ်လေးကိုပဲ အဟုတ်လုပ်ကိုင်နေရတဲ့ လူဆင်းရဲလေးမို့ ခွင့်လွှတ်ကြမယ် ထင်ပါတယ်။)