Wednesday, December 31, 2008

ဆောင်ပုဒ်

ငါ အတွေးနဲ့ ရူး
ရှာတူးဆွ အရိုင်းသံစဉ်၊
ဒါ ငါ့ဘ၀ ပျော်ရွှင်မှု
ဝါသနာ တစ်ခုမို့ပါ။

ခိုင်မြဲတဲ့ ဆောင်ပုဒ်
မလွဲမသွေ ကျင့်သုံးဖို့ကတော့ -
“ကိုယ် တူးဖွ စူးရှသံစဉ်
ရင်ဆိုင်ရန် အပြန်လမ်း”။ ။


American ကဗျာဆရာ Langston Huges ရဲ့ Motto ဆိုတဲ့ ကဗျာလေးကို ခံစားပြီးပြန်ရေးထားတာပါ။ ငယ်ငယ်တုန်းက “ငါလည်း ကဗျာတွေ ရေးနေတယ်”ဆိုပြီး သူငယ်ချင်းတွေကို ပထမဆုံးပြခဲ့တဲ့ ကဗျာပေါ့။ အခုပြန်ဖတ်ကြည့်တော့ အားနည်းချက်တွေ တွေ့ပေမယ့် မပြင်ပဲ မူရင်းအတိုင်း Post လုပ်လိုက်တယ်။ အမှတ်တရပေါ့။

Friday, December 26, 2008

ကျွန်တော်ကြိုက်သော ကဗျာတစ်ချို့

Serbian ကဗျာဆရာ Vasko Popa ရဲ့ Race ဆိုတဲ့ ကဗျာတစ်ပုဒ်ကို Post လုပ်လိုက်တယ်။ Vasko Popa ဟာ ရိုးရှင်းထိမိတဲ့ ကဗျာတွေနဲ့ ကမ္ဘာကျော်သူတစ်ယောက်ဖြစ်ပါတယ်။ ၀ါသနာပါရင် ဖတ်ပြီးခံစားကြည့်ဖို့ပါ။

Race


Some bite from the others
A leg an arm or whatever

Take it between their teeth
Run out as fast as they can
Cover it up with earth

The others scatter everywhere
Sniff look sniff look
Dig up the whole earth

If they are lucky and find an arm
Or leg or whatever
It's their turn to bite

The game continues at a lively pace

As long as there are arms
As long as there are legs
As long as there is anything

Vasko Popa

Tuesday, December 23, 2008

ရသေ့စိတ်ဖြေ



“မယ်ရီခရစ်စမတ်၊ ဒယ်ဒီခရစ်စမတ်၊ မာမီခရစ်မတ်”ဟု သုံးကြိမ်သုံးခါ ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်မောင်ကျော်ကြီးမှ နှုတ်ခွန်းဆက်သပါသည်။

ခရစ်စမတ်အကြို ညချမ်းအခါသမယသို့ ရောက်ရှိနေသော်ငြား ကျော်ကြီးကံမကောင်းပါ။ “ပလို့ဂျိ” (အဲ) “ပရောဂျက်”များက အချိန်မှီမပြီးသည်က တစ်ကြောင်း၊ ကောက်ရိုးပုံထဲ အပ်ရှာရခက်သကဲ့သို့ ထို“အယ်ရာ”ဆိုသော အရာများကို ရှာမတွေ့နိုင်သည်က တစ်ကြောင်း၊ ကျော်ကြီး ယခုညမိုးလင်းပေါက် အလုပ်လုပ်ရပါမည်။

(ချော်လဲရောထိုင်) ကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြောင့် ကျော်ကြီး၌ ငွေစမရွှင်သည့်နောက် အပေါင်းအသင်းများအားလည်း မပြုစုနိုင်သေးပါ။ ထိုကြောင့် အထက်ဖေါ်ပြပါပုံ၌ပါသော “ဟင်နီကင်”ဗျစ်ရည်အား စိတ်မှန်းနှင့် ရမ်းသောက်၍သာ ပြန်ကြပါကုန်ဟု မေတ္တာရပ်ခံရင်း။

Monday, December 22, 2008

တောင်ရိုက်မြောက်ရိုက်




Thursday, December 18, 2008

ကျော်ကြီးပြောသော ပုံပြင်များ (၁)

နောက်ဆုံးတော့ “စ”လုံးရောက်ရှာပြီ

“ကျော်ကြီးရာ။ မင်းကတော့ လုပ်လိုက်ရင် သောက်တလွဲကြီးပဲ”လို့ အပေါင်းအသင်းတွေက ထုတ်ပြောရတဲ့အထိ။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုလား။ ကျော်ကြီးနဲ့တွေ့မှ “သေချင်တဲ့ကျား တောပြောင်း” ဖြစ်သွားတယ်။ ခေတ်ပျက်တဲ့နှစ်မှ ကျော်ကြီးတို့ ဆိုက်ဆိုက်မြိုက်မြိုက် စင်ကာပူရောက်လာတယ်။ ကျောင်းအတူပြီးတဲ့ အပေါင်းအသင်း၊ ညီအစ်ကိုမောင်နှမတွေအားလုံး အိမ်တွေ၊ ကားတွေနဲ့ အတည်တကျကိုဖြစ်လို့။ ကျော်ကြီးက အခုမှ ချောက်တိချောက်ချက် “စီဗီ”လေးတွေပို့ပြီး အလုပ်ရှာလို့ကောင်းတုန်း။ “နေပါဦး။ မင်းက အခုမှတစ်ရေးနိုးပြီး ဘာလာရှုပ်တာတုံး” တဲ့။ “ဟဲဟဲ။ မင်းတို့ အော်ဇီတို့၊ ကနေဒါတို့ မိုက်ဂရိတ်လုပ်တော့ ငါလည်းရောရောင်ပြီး ပါမလားလို့။ ဒိုင်ဗင်ပေါ့” လို့ အရှက်ပြေပြန်ပြောရတယ်။

ကျော်ကြီးငယ်ငယ်က ပညာတတ်ကြီးသိပ်ဖြစ်ချင်တယ်။ နိုင်ငံရပ်ခြားမှာ ခန့်ခန့်ကြီးအလုပ်သွားလုပ်ချင်တယ်။ စင်ကာပူမှာ အလုပ်လုပ်တဲ့ ဦးလေးတွေ၊ အဒေါ်တွေကိုလည်း ဘယ်လိုအားကျမှန်းကို မသိဘူး။ ကလေးအတွေးပေါ့။ ကျောင်းပြီးလို့ လုပ်သက်လေးမတောက်တခေါက်ရတော့ နိုင်ငံခြားကုမ္မဏီတစ်ခုမှာ အလုပ်ရတယ်။ ဒါပေမယ့် အလုပ်ဆင်းတဲ့အထိ မရောက်လိုက်ဘူး။ ဆေးစစ်လို့ “ဘီပိုး”တွေ့တာနဲ့တင် ကျော်ကြီးဘ၀ ဇောက်ထိုးမိုးမျှော်ဖြစ်သွားတယ်။ မိဘတွေလည်းအပူအပင်လွန်ပြီး ကျော်ကြီးကို ဆေးကုတာနဲ့တင် ပိုက်ဆံတွေသောက်သောက်လဲ ကုန်ပေါ့။ နိုင်ငံခြားဆိုတာကိုတော့ ခေါင်းထဲတောင် မထည့်ရဲတော့ဘူး။ စိတ်တူကိုယ်တူ အပေါင်းအသင်းတွေဦးဆောင်တဲ့ မြန်မာကုမ္မဏီတစ်ခုမှာပဲ အလုပ်ဝင်လိုက်တယ်။

ပြီးခဲ့တဲ့ သုံးလေးနှစ်တုန်းကတော့ ကိုယ်ပိုင်စီးပွါးရေးလေးတစ်ခု စလုပ်တယ်။ သမင်မွေးရင်း၊ ကျားစားရင်းပေါ့။ ကိုယ်တိုင်အသုံးမကျတာလည်း တစ်ဝက်ကျော်ပါတယ်။ “နာဂစ်” အပြီးမှာတော့ ခြေကုန်လက်ပန်းကျသွားသလိုပဲ။ ပိုဆိုးတာက ကျော်ကြီးအရက်စွဲချင်သလို ဖြစ်နေတယ်။ အသောက်အစားက လိုတာထက်ပိုလာသလိုပဲ။ မိဘတွေက ကျော်ကြီးကို ပတ်ဝန်းကျင်ပြောင်းသွားစေချင်တယ်။ အမျိုးသမီးကတော့ “ရှင့်သဘောပဲ”တဲ့။ ဒါပေမယ့် ကျော်ကြီးတို့ သားနဲ့သမီးမျက်နှာကို ကြည့်ရပြီလေ။

“ပတ်စ်ပို့”ရပြီး နှစ်ပတ်လောက်အတွင်းမှာပဲ ဖုတ်ပူမီးတိုက်နဲ့ ကျော်ကြီးတို့ စင်ကာပူရောက်လာတယ်။ ကျော်ကြီးစီးလာတဲ့လေယာဉ် “ချန်ဂီ”ကိုဆင်းတော့ မိုးတွေသည်းသည်းမဲမဲ ရွာတယ်။ လာကြိုတဲ့ အပေါင်းအသင်းတွေရဲ့အဆိုအရ ဒီလိုမိုးရွာထဲ စင်ကာပူမြေကိုခြေချမိရင် တော်ရုံနဲ့ အိမ်မပြန်ရဘူးဆိုပဲ။ ဟုတ်မဟုတ်တော့လည်း မပြောတတ်ဘူး။ ကျော်ကြီးတစ်ယောက် အခုအချိန်အထိ စင်ကာပူမှာလာပြီး သောင်တင်နေတာကိုပဲ ကြည့်။ အရည်အချင်းသိပ်ရှိတယ်လို့တော့ မထင်ပါနဲ့။ အားတက်သရော ကြံဖန်ကူညီတဲ့ အပေါင်းအသင်းတွေကိုပဲ ကျေးဇူးတင်ရမယ်။

ကျော်ကြီးတို့များ လူကသာ လိမ်ဖယ်လိမ်ဖယ်နဲ့ ရွာလည်နေတာ။ အပြောကတော့ လုံးဝမလျှော့ဘူး ဘဏ်ကတ်ဒ်ထဲရှိတဲ့ ပိုက်ဆံကနှစ်ပြားတစ်ပဲ၊ လုပ်ချင်တာက စတော့ရှယ်ယာ အရောင်းအ၀ယ်ဆိုပဲ။ “ဆန်းတက်စီးတီး”က စတော့နဲ့ရှယ်ယာ အထိမ်းအမှတ် နွားရိုင်းရုပ်ကြီးရှေ့ဓါတ်ပုံသွားရိုက်ရတာ အမော။ ဘာမဟုတ်တဲ့ အခုလို “ဘလော့ဂ်”လေးတောင် ဖြစ်မြောက်အောင် ပို့စ်မလုပ်နိုင်တယ်။ စိတ်ကူးထဲမှာတော့ “သောမတ်စ်ဖရိဒ်မင်း”တို့လို “ကမ္ဘာကြီးသည် ပြား၏”ဆိုသလို စာအုပ်မျိုးက ရေးချင်သေးသဗျ။ ပြေးကြည့်လို့ ၀န်ထမ်းငါးယောက်မပြည့်တဲ့ ကုမ္မဏီလေးတစ်ခုမှာ၊ ရတဲ့အလုပ်က ရုံးစာရေးသာသာ။ အောင်မယ်။ “ဂူးဂဲလ်”တို့၊ “ဒဲလ်”တို့လို ကုမ္မဏီမျိုးတွေထောင်ဖို့ကလည်း စိတ်ကူးယဉ်ချင်သေး။ တစ်နေ့ဖြစ်လို့ကတော့ ရွှေမြန်မာတွေကောင်းကျိုး သယ်ပိုးမယ်ဆိုပဲ။ ကြည့်ကြသေးတာပေါ့ကွာ။

ဒါနဲ့ ရယ်စရာပြောရဦးမယ်။ စိတ်ကူးအယဉ်ကောင်းလို့ ပြီးခဲ့တဲ့ အပတ်က “ကလယ်မင်တီ အမ်အာရ်တီ”မှာ “အီးဇက်လင့်ခ်ကတ်ဒ်”ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဘယ်လက်နဲ့ ထုတ်မိတယ်။ ထုံးစံအတိုင်း အပေါက်မှားပါလေရော့လား။ “ဟဲ့။ ပလုပ်တုတ်”။ သတိရလို့ ဘယ်ဖက်ကအပေါက်ထဲ ပြေးဝင်တော့ တံခါးကပိတ်သွားပြီ။ ကတ်ဒ်ကို ထပ်ပြတော့ မီးနီတွေပဲ လင်းတော့တာပဲ။ လူလည်း ထူပူပြီး ဘာဆက်လုပ်ရမှန်း မသိဘူး။ နောက်ဆုံးတော့ မှန်လှောင်အိမ်ထဲက ၀န်ထမ်းက လှမ်းခေါ်ပြီး လုပ်ပေးတော့မှ ထွက်လို့ရတယ်။

“ကျော်ကြီးရာ။ မင်းကတော့ လုပ်လိုက်ရင် သောက်တလွဲကြီးပဲ”ဆိုတဲ့ အပေါင်းအသင်းတွေရဲ့ စကား မှန်သလိုဖြစ်နေပြီ။

Sunday, November 30, 2008

သမီး နဲ့ သား




ကိုယ့် Blog ကိုယ် ပြန်မ၀င်ဖြစ်တာ အတော်ကြာပြီ။ Comments တွေ အများကြီးဖြစ်နေလို့ အံ့သြမိတယ်။ ဒီလို ၀င်ဖတ်ကြလိမ့်မယ်လို့ လုံးဝထင်မထားပါ။

စိတ်ထဲတော့ Post တွေ အများကြီးတင်ချင်ပါတယ်။ ဒါပေမယ့် အစစအရာရာ အခြေတကျမရှိသေးလို့ Blog ဘက် မလှည့်နိုင်ဘူး။ လက်ရှိ ရင်ထဲရှိတာလေးတစ်ခုကိုပဲ Share လုပ်လိုက်ပါတယ်။

Monday, November 17, 2008

တားဆီးမှုများဆီသို့

အတားအဆီး ဒီနယ်နိမိတ်တွေ
အားလုံး - ငါ့အတွက်တော့
အနှောင့်အယှက်ပဲ။ ငါ့မှာ ဘာဆိုဘာမှ
မသိရနဲ့။ “ဗျူနိုအေးရီးစ်”ဒါမှမဟုတ်
“နယူးယော့ခ်” သူတို့အကြောင်း တကယ်ဆို
ငါသိသင့်တယ်။ “လန်ဒန်” မြို့ ပေါ်
အရောက်သွား၊ တစ်လမ်းဝင်
တစ်လမ်းထွက် လူတွေနဲ့
စကားပြောကြည့်ချင်တယ်။ “ပါရီ”မြို့ ကို
ဖြတ်သွားတဲ့ ဘတ်စ်ကားတစ်စင်းပေါ် တက်စီး၊
ချာတိတ်ငယ်တစ်ယောက်လို မနက်ခင်းတစ်ချို့ မှာ
အချိန်ဖြုန်းချင်သေးတယ်။ နောက်ပြီး
ငါလိုချင်တဲ့ အနုပညာပုံစံတစ်ခု -
ရင်ခုန်စရာကောင်းတဲ့ အသံနဲ့
ငါ့လို ဟန်မျိုးပေါ့။

Russian ကဗျာဆရာ Yevtushenko ရဲ့ Against Borders ဆိုတဲ့ ကဗျာလေးပါ။ ဆရာမြသန်းတင့်က ဘာသာပြန်ထားဖူးပါတယ်။ မှတ်မိသလောက် ပြန်ရေးပြီး Post လုပ်လိုက်တာပါ။

Tuesday, November 11, 2008

ဖြစ်သင့်တာကြာလှပေါ့။

ယောင်တောင်ပေါင်တောင်နဲ့ အားကျမခံ “ဘလော့စပေ့”မှ နေရာယူပြီးပြီ။ ခေတ်နဲ့အညီဆိုတာ ဒါမျိုးပေါ့။ ခက်တာက ဘာရေးရမှန်း မသိဘူး။

  • ဟင်းချက်နည်းတွေနဲ့ စရင်ကောင်းမလား။ “ပီကင်းဘဲကင်”၊ “ဂျပန်ဆုရှိ”၊ “ကိုရီးယားပဲခေါက်ဆွဲ”။ နေပါဦး။ ငါက ဘဲဥတောင် ဖြောင့်အောင်ကျော်တတ်လို့လား။
  • ဒါမှမဟုတ်။ “အမ်အာတီ”ဆိုလား။ “၀ိုင်အိုင်တီ”ဆိုလား။ အဲဒီယာဉ်ပျံကြီးပေါ်မှာ တွေ့တဲ့လူတွေရဲ့ဘ၀ကို ချယ်မှုန်းမလား။ ဟ။ ငါလည်း တစ်ခါမှ မစီးဖူးဘူး။
  • သွားဖူးတဲ့ ခရီးစဉ်တွေအကြောင်း မှတ်တမ်းတင်မလား။ “လှိုင်သာယာသွားတောလား”၊ “ဘီယာယဉ်ကျေးမှုနှင့် ကန်သာယာ ခြောက်ကွေ့ ရွှေပေါက်ကံညများ”၊ မဟုတ်သေးပါဘူး။
  • ငါတတ်တဲ့ ပညာရပ်တွေကို ဖြန့်ဝေမလား။ “အော်တိုမေးရှင်း”၊ “အိုင်တီ”၊ “အကောင့်တင့်”၊ “အိပ်ရှ်အာ”။ ဘာတစ်ခုမှလည်း ထဲထဲဝင်ဝင် မသိပါလား။ 
  • ဘောလုံးအကြောင်း။ ဟုတ်ပြီ။ ဘောလုံးအကြောင်း ငါအတော်သိတာပဲ။ “အိမ်ကွင်း အဝေကွင်း”၊ “အပေါ် အောက်”၊ “တစ်လုံး ဆယ်ပြား”၊ “နှစ်လုံးသရေ”၊ “လယ်ဗယ်ရှုံး”။ ရေးမယ်လုပ်တော့မှ မှန်းစမ်း။ အချိန်က အတော်နှောင်းနေပြီ။ နောက်နေ့မှ ဆက်တော့မယ်။

ဘာပဲဖြစ်ဖြစ် “သိစိတ်အလျှင်”နောက်လိုက်ရင်းက အတော်ရေးဖြစ်သွားတယ်။ နက်ဖြန် ရွာက အမျိုးတွေကို ဖတ်ခိုင်းမယ်။ ကျောင်းထိုင်ဘုန်းဘုန်းကို “ကွန်မင့်” ရေးခိုင်းမယ်။ တယ်ဟုတ်ပါလား။ ရေးချင်ရာတွေရေးရတာ အတော်ပျော်ဖို့ကောင်းတယ်။ ဒါကြောင့် လူတွေ “ဘလော့ဂ်”စွဲ ကြတာဖြစ်မယ်။

ဘာပဲဖြစ်ဖြစ်လေ။ ဖြစ်သင့်တာကြာလှပေါ့။ ငါလည်း “ဘလော်ဂါ”ပဲကွ။