Online ကမ္ဘာနဲ့ ကင်းကွာခဲ့တာ ကြာပါပြီ။ တကယ်တမ်း ကျွန်တော့်အလုပ်က Computer ရှေ့မှာပဲ အချိန်ကုန်ပြီး Internet က လက်တစ်ကမ်းမှာ အမြဲရှိပါတယ်။ ဒါပေမယ့် Online ပေါ်က လူတွေနဲ့ပတ်သက်လို့ ကျွန်တော်စိတ်မ၀င်စားမိဘူး။ သူတို့ရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေနဲ့ ပတ်သက်လို့ကတော့ အတော်လေး ခေတ်နောက်ကျကျန်ခဲ့ပြီ။
ပြင်ပလောကမှာ ကျွန်တော်ကိုယ်တိုင် အပေါင်းအသင်းများသူ တစ်ယောက်ပါ။ ကျွန်တော့်မှာ ပြောမနာဆိုမနာ စိတ်တူကိုယ်တူ အဖော်တွေရှိတယ်။ အခက်အခဲပေါင်းစုံနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံတိုင်း သူတို့နဲု့ ဖွင့်ဟတိုင်ပင်လို့ရတယ်။ အတွေးအမြင်၊ အသစ်အဆန်းပေါင်းစုံနဲ့ ပျော်စရာလည်း ပျော်စရာမို့ မျှဝေခံစားလို့ရတယ်။ အွန်လိုင်းပေါ်အထိ တက်ပြောဖို့ မလိုပါဘူး။ အခုတော့ ဒီအနေအထားတွေ အားလုံး မွေးရပ်မြေမှာ ကျန်ခဲ့ပြီ။
Blog တွေကိုလား။ မြန်မာပြည်မှာတည်းက ကြည့်ဖြစ်ပါတယ်။ စွဲစွဲလမ်းလမ်း မရှိပါဘူး။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲ မပါတဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး အကြောင်းတွေလောက်ပဲ Blog တွေမှာ ရှာဖတ်ဖြစ်တယ်။ ဦးဦးဖျားဖျားသိလိုက်တာလေးရှိရင်တော့ အပေါင်းအသင်းတွေကို အာပေါင်အာရင်းသန်သန်နဲ့ ဖောက်သည်ချတတ်တယ်။
ဒါပေမယ့် ရေခြားမြေခြားကိုရောက်တော့ ပတ်ဝန်းကျင်ပြောင်းသွားတယ်။ ရောက်စဆိုတော့ ၀ါသနာမတူ၊ စရိုက်မတူသူတွေနဲ့ အတူနေရတယ်။ စိတ်ဝင်စားတာချင်းတူတာတောင် ရှုထောင့်တွေက လွဲနေတတ်တယ်။ ဒီမှာလည်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ အတော်များများရှိပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် တစ်ပတ်တစ်ခါတွေ့ဖို့တောင် အနိုင်နိုင်ပဲ။ ကြာတော့ ကျွန်တော်လည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အထီးကျန်သလို ဖြစ်လာတယ် ဆိုပါစို့။
တစ်ရက် ပျင်းပျင်းရှိတာနဲ့ ရန်ကုန်က သူငယ်ချင်းတစ်ယောက်ရဲ့ Blog ကို ဖွင့်ကြည့်တယ်။ ကျွန်တော် Address မှတ်မိတဲ့ တစ်ခုတည်းသော Blog ပါ။ သူပေးထားတဲ့ Link တွေအတိုင်းလိုက်ရင်း Blog တွေပေါ် ကျွန်တော်စရောက်တယ်။ Blogger တွေ ဘယ်သူဘယ်ဝါမှန်း ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က နေရာအနှံ့မှာ ကိုယ့်လိုပဲ အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်နေရတဲ့သူတွေ အတော်များမှန်း သိလာတယ်။ သူတို့ရင်ထဲက ခံစားချက်တွေကို ခံစားခွင့်ရတယ်။ သူတို့ရဲ့အတွေးအမြင်တွေကို တစေ့တစောင်း ကြည့်ခွင့်ရတယ်။ ဆောင်ရန်ရှောင်ရန်လေးတွေလည်း အတော်များများသိရတယ်။ နောက်ဆုံး မြန်မာပြည်ထဲ ကျန်ခဲ့တဲ့သူတွေလည်း အလွယ်တကူ ဆက်သွယ်မိနေသလိုပဲ။
ကိုယ်ပိုင် Blog နဲ့ ကိုယ်တိုင်ရေးပြီး Post လုပ်ဖို့ကတော့ အတော်ကြိုးစားရဦးမယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားရှိတယ်။ ကိုယ့်အတွေးအမြင်၊ တသီးပုဂ္ဂလဆန်တဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး အမြဲတမ်းလိုလို လက်တွန့်နေတတ်တယ်။ ညဖက်ရေးတာ မနက် ပြန်ဖတ်ကြည့်တိုင်း အတော် စိတ်ပျက်ဖို့ကောင်းတယ်။ လိုရင်းကို မရောက်သလိုပဲ။ အနုပညာ သိပ်ဆန်ချင်လွန်းတာလား။ မဟုတ်သေးပါဘူး။
တကယ်တော့ ကိုယ့်အတွေးအမြင်၊ ကိုယ့်ခံစားချက်၊ ကိုယ့်ဖြစ်ချင်တဲ့ အနာဂတ်တွေအားလုံးက စာနဲ့ရေးပြီး မှတ်တမ်းတင်ကြည့်မှ ထောင့်စေ့လာတတ်တယ်။ နောက်ဆုံး ရေးပါများရင် အလေ့အကျင့်ရမယ်။ အဝေဖန်ခံရမှ တိုးတက်မယ်။ ဘာပဲဖြစ်ဖြစ် ရေးဖြစ်အောင်တော့ ရေးကြည့်တာပေါ့။