Showing posts with label Myself. Show all posts
Showing posts with label Myself. Show all posts

Friday, June 5, 2009

Like Father Like Son

(စောစောစီးစီး ဘာလုပ်ရင် ကောင်းမလဲ အကြံထုတ်နေတဲ့ပုံ။)

သားရှင်မို့ ကြွားချင်တယ်ပဲ ဆိုပါတော့။ ကျွန်တော့်မှာ သားတယောက်ရှိတယ်။ ဖအေတူ သားလေးပေါ့။ သမီးရှင်များ ၀မ်းမြောက်စရာပဲ။

အိမ်နာမည် `ဗန်ဗန်´လို့ပဲ တွင်နေတယ်။ အသက်က (၂)နှစ်ကျော်နေပြီ။ ကျောင်းနာမည် အတည်မဖြစ်သေးဘူး။ ဖေဖေါ်ဝါရီလဖွား၊ တနင်္လာသား ဖြစ်ချင်းသကာလ ကျွန်တော်က `ချစ်ကိုကိုကျော်´ဆိုတဲ့ နာမည်ကို အဆိုပြုတယ်။ တလောကလုံး ၀ိုင်းဆဲလိုက်ကြတာ မိုးမွှန်သွားတာပဲ။ (ဟဲဟဲ)

ယောက်ျားလေးဆိုတော့ ယောက်ျားလေးပဲပေါ့။ မျောက်ရှုံးတယ်။ တလောက သူ့အမေ မနက်ဆွမ်းတော်တင် ဘုရားဝတ်ပြုနေတုန်း၊ အားလုံးပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့သားက ခွေးခြေခုံ ခုပြီး ဘုရားစင်ပေါ်က မုန့်တွေကို နှိုက်စားနေလေရဲ့။ တခါကလည်း ငိုသံကြားလို့ အပြေးအလွှား သွားကြည့်တယ်။ အိမ်ပြူတင်းက သံပန်းပေါ် တွယ်တက်သွားလိုက်တာ မျက်နှာကျက်ရောက်တော့မယ်။ ပြန်မဆင်းတတ်တော့လို့ တဲ့။ ပြောကို မပြောချင်ပါဘူး။

(မောင်နှမ နှစ်ယောက်တွဲ ရိုက်ထားတာပါ။)

ကြီးရင် ကျွန်တော့်လိုပဲ (ကျိန်ဆိုပြောရတဲ့) ကျားသားမိုးကျိုး အင်ဂျင်နီယာ ဖြစ်ဦးမယ်။ ကစားဖို့ အရုပ်တွေ ရတာနဲ့ တစစီဖြုတ်ပစ်တယ်။ ပြန်တပ်ဖို့လည်း ကြိုးစားရှာပါတယ်။ နောက်ဆုံး အကြံကုန်တဲ့နောက် ဟိုလိုလို ဒီလိုလိုနဲ့ ပျောက်သွားလိုက်တာ အဲဒီ့ဖက် လုံးဝခြေဦး ပြန်မလှည့်တော့ဘူး။ နောက်က လိုက်သိမ်းရတဲ့ သူတွေလည်း `တောက်´ တခေါက်ခေါက်နဲ့ ဒေါသတွေ ထွက်လို့ပေါ့။

(`စိုင်းစိုင်းခမ်းလှိုင်´ရဲ့ `တောဂေါ်လီ´သီချင်းကို နားထောင်နေတာဗျ။)

ဖုန်းဟန်းဆက်ကို မြင်သာထင်သာနေရာမှာ ချမထားရဲ့ဘူး။ လူလစ်တာနဲ့ ရောက်လာပြီး ကောက်ကလိတာပဲ။ အသံချဲ့စက်နဲ့ နားကျပ်ကိုလည်း သိပ်ကြိုက်ပါတယ်။ `စိုင်းစိုင်းခမ်းလှိုင်´နဲ့ `ရဲလေး´တို့ကို အသည်းစွဲပဲ။ သူ့ခေတ်နဲ့ သူ့ပရိတ်သတ်ဆိုတော့ ကိုယ်မှာ ဘယ်လိုမှ ကျော်မရဘူး။ လက်ပိုက်ကြည့်နေရတယ်။

(သင်္ကြန်မျက်မှန်တပ်ပြီး ဟာသလုပ်နေတဲ့ ပုံပေါ့။)

(၂)နှစ်သားရောက်တဲ့အထိ `အာဘာယာဘာ´နဲ့ ဟုတ်တိပတ်တိ စကားမပြောတတ်သေးဘူး။ မိဘဆိုတော့ ကြံဖန်ပြီး စိတ်ပူရတယ်။ ခုတော့လည်း ပြောလိုက်တာ ရေပက်မ၀င်ပဲ။ တီဗီကြော်ငြာတွေထဲ သူကြိုက်တဲ့ မင်းသမီးချောချောတွေများပါရင် တီဗီရှေ့ပြေးပြီး `အာဘွား´ `အာဘွား´ `အာဘွား´နဲ့ အသံကုန် ဟစ်တတ်နေပြီ။ (မနိုင်ဘူး)

အသိမိတ်ဆွေ သားရှင်တွေကလည်း အားပေးရှာပါတယ်။ `မင်းသားက သိပ်အေးတာပဲ´တဲ့။ (ဘုရား ဘုရား) သားနှစ်ယောက်မွေးထားတဲ့ ကျွန်တော့်မိဘတွေကို ခုမှ ကိုယ်ချင်းစာမိတယ်။ တကယ်ပါ။ ကလေးတယောက်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ မလွယ်မှန်း သဘောပေါက်နေပြီ။

(မိုးဖွဲလေးတွေကျတုန်း အပြင်ထွက်မဆော့ရဘူးဆိုလို့ သူ့အမေနားကပ်ပြီး စိတ်ကောက်နေတာ။ ကျွန်တော်က ယောက်ျားလေးတန်မဲ့ စိတ်ကောက်ရင် မကြိုက်တာအမှန်ပဲ။)

သူ့ထက်သူ လူစွမ်းကောင်းဖြစ်ဖို့ မမျှော်မှန်းပါဘူး။ လူတိုင်း သူ့ပါရမီနဲ့သူ လာခြင်းကောင်းကြပါတယ်။ ဘေးပတ်ဝန်းကျင်ကို ဒုက္ခမပေးဖို့၊ နိုင်ထက်စီးနင်း မလုပ်ဖို့ (တနည်းပြောရရင်) `လူဆန်´ဖို့ကတော့ ကျွန်တော့်မှာ အပြည့်အ၀ တာဝန်ရှိပါတယ်။

သြော်။ သမီးလား။ အိမ်မှာ ရှိပါတယ်။ ကိုယ့်လို သားရှင်တွေ လာပြဿနာရှာနေမှာ ကြောက်လို့ သူ့အကြောင်း နောက်ကြုံမှ ပြောပါရစေ။ (ဘိုင်းဘိုင်)

Friday, May 15, 2009

ထမင်းကြော်


ဒီနေ့မနက် စိတ်ကူးပေါက်တာနဲ့ ထမင်းကြော်ကို ကိုယ်တိုင်ကြော်စား ဖြစ်တယ်။ ထမင်းကြမ်းဆိုတော့ အေးတိအေးစက်နဲ့ ကြော်စားလိုက်တော့ ပိုပြီးအဆင်ပြေသလိုပဲ။ ဒီထက်ပိုပြီး သေချာအောင်ပြောရရင် အခုတလော ငွေစမရွှင်လို့ မနက်စာကို အိမ်မှာပဲ ရှာကြံဗိုက်ဖြည့်တဲ့ သဘောပါ။

ထမင်းကြော်တာလား။ လွယ်ပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်လေး တချို့ရှိတယ်။ ကျွန်တော်ကတော့ ပန်းကန်ပြားတချပ်ကို ယူပြီး ထမင်းတွေကို ပထမဆုံးဖွထားလိုက်တယ်။ ပြီးမှ ဒယ်အိုးထဲ ဆီပူတိုက်ပြီး ကြက်သွန်ဖြူနီ ကြိုက်ရာကို ဆီသတ်တယ်။ ကြက်သွန်ကျော် အနံ့ထွက်လာရင် ကြက်ဥတလုံးဖောက်ထည့်ပြီး သံယောင်းမနဲ့ မွှေလိုက်တယ်။

ထမင်းထည့်ဖို့ အချိန်တန်ပါပြီ။ ဆားနဲ့ သကြားတန်ရုံဖြူး။ များသွားလည်း အရေးမကြီးဘူး။ ထမင်းထပ်ထည့်ပေါ့။ အချိုမှုန့်ကို ကြိုက်ရင်ထည့်၊ မကြိုက်ရင် မထည့်နဲ့။ အရေးအကြီးဆုံးက ပဲငန်ပြာရည်အကြည်ပဲ။ ထမင်းကြော်အရသာကို သိသိသာသာကောင်းသွားစေတယ်။ ထမင်းကြော်ဖို့ သီးသန့် ပဲငံပြာရည်အကြည်လည်း ရှိတယ်။ မေးပြီး ၀ယ်လို့ရမယ် ထင်တာပဲ။ ပဲငံပြာရည်အနောက်ကိုတော့ အရောင်လိုမှ ထည့်။ သံယောင်းမနဲ့ နှံ့အောင် ခဏမွှေပြီးရင် ငြုတ်ကောင်းမှုန့် နည်းနည်းဖြူး။ စားလို့ ဖြစ်ပြီ။

ဒါ့ထက် ယောက်ျားလေးတွေလည်း ထမင်းဟင်းချက်တတ်ပါတယ်။ ထန်းတက်လက်မှတ် ရသွားမှာစိုးလို့ ရူးချင်ယောင်ဆောင်နေတာ။ သဘောပေါက်။

Thursday, May 14, 2009

ရပ်ကွက်ထဲမှာ (ဒီလိုပဲရှိတယ်)


မရမ်းကုန်းမြို့နယ်ထဲက အသွားအလာခက်တဲ့ ရပ်ကွက်တခုမှာ ကျွန်တော်နေလာတာ ငါးနှစ်နီးပါးရှိပြီ။ ကျွန်တော့်အိမ်ကနေ ကားလမ်းအတိုင်း ဘယ်ဖက်ပဲသွားသွား၊ အနီးဆုံး ကားမှတ်တိုင်ရောက်ဖို့ မိနစ်နှစ်ဆယ်ကနေ နာရီဝက်နီးပါး လမ်းလျှောက်ရတယ်။ မြောက်ဥက္ကလာဘုန်းကြီးလမ်း ကားဂိတ်ကို ထွက်ရင်တော့ ဆယ့်ငါးမိနစ်ပဲ ကြာတယ်။ ခက်တာက လမ်းမှာချောင်းတခု ကန့်လန့်ခံနေတယ်။ နွေဆို ပြဿနာမရှိပေမယ့် မိုးတွင်းရောက်ရင် ရေလျှံတယ်။ ဒါပေမဲ့ ကျွန်တော်ရောက်ပြီး သိပ်မကြာလိုက်ဘူး။ ရပ်ကွက်ထဲက လူငယ်တွေစုပြီး ၀ါးတံတားခင်းလိုက်တာ အဆင်ပြေသွားတယ်။ ၀ါးတံတားဆိုတော့ တနှစ်တကြိမ် ပိုက်ဆံစုပြီး အသစ်ပြန်ခင်းရတာမျိုးတော့ ရှိတယ်။


ဘယ်မှာနေလဲ မေးရင်တော့ (န၀ဒေး) “စွယ်တော်ဘုရား”လို့ပဲ ဖြေပါတယ်။ အိမ်ကနေလမ်းထိပ်ကို ဆယ်မိနစ်လောက်လျှောက်ရင် “စွယ်တော်ဘုရား”ကို ရောက်တယ်။ အနားမှာ “နာဂလှိုင်ဂူဘုရား”လည်း ရှိတယ်။ တခေတ်က လူသိများခဲ့တဲ့ ကလေးဝဆရာတော်ကြီး တည်ခဲ့တဲ့ ဘုရားပေါ့။ ထူးထူးခြားခြား ကျွန်တော်တို့လမ်းထဲမှာ မယ်သီလရှင်တပါးတည်တဲ့ ဘုရားတဆူရှိသေးတယ်။ ပုဂံက သဗ္ဗေညုဘုရားနဲ့ အရွယ်အစားတူ၊ ပုံစံတူ တည်ထားတာပါ။ ဘုရားက ထုထည်ကြီးလွန်းတော့ ခုထက်ထိ လက်စမသတ်နိုင်ဘူး။ အတောင်ဝေးဝေး လှမ်းမြင်နိုင်ပေမယ့် သတိထားမိသူ အတော်နည်းပါတယ်။


ရပ်ကွက်ထဲမှာ လက်လုပ်လက်စားလူတန်းစားတွေ ပိုများတယ်။ လက်သမား၊ ပန်းရံဆရာ၊ ဆိုက်ကားသမား စသည်ဖြင့်ပေါ့။ ရပ်ကွက်ဘေးမှာ ကိုးမိုင်ဂေါက်ကွင်းရှိတော့ ဂေါက်ကွင်းထဲမှာ ဂေါက်အိမ်ထမ်း၊ ဥယျာဉ်မှုးလုပ်ပြီး အသက်မွေးဝမ်းကျောင်းတဲ့သူတွေလည်း အတော်များတယ်။ လေ့လာကြည့်ရသလောက် ၀င်ငွေက ဒီလောက်မနည်းဘူး။ ဒါပေမဲ့ ရရင်ရသလို အရက်ကလေးတမြမြနဲ့ နှစ်လုံးသုံးလုံးထိုး၊ ဘောပွဲလေးလောင်းပြီး လူမွှေးပြောင်တယ်လို့ကို မရှိဘူး။

ရယ်စရာပြောရဦးမယ်။ အိမ်နားက လူတယောက်အကြောင်းပါ။ ငယ်ငယ်တည်းက ဂေါက်ကွင်းထဲ ကျင်လည်ခဲ့ရလို့ပဲလား မသိဘူး။ ဂေါက်အကြောင်း အတော်နားလည်တယ်။ ဂေါက်လာရိုက်တဲ့ လူကြီးတွေကိုတောင် ပြန်သင်ပေးနိုင်တယ်။ ဂေါက်ကွင်းထဲနေရင်း ဂေါက်ကွင်းထဲက မိန်းမနဲ့ပဲ ညားတယ်။ မိန်းမဖက်က ခွဲပေးတဲ့ မြေကွက်လေးမှာ ဂေါက်ကွင်းထဲက လူကြီးတွေကောင်းမှုနဲ့ သွပ်မိုးပျဉ်ကာ အိမ်လေးတလုံးဆောက်ပြီး အတော်လေးဟန်ဟန်ပန်ပန်ဖြစ်သွားတယ်။ ဒါပေမဲ့ သိပ်မကြာဘူး။ လင်မယားကွဲမယ်ကွာမယ် ထဖြစ်ကြတယ်။ ရာထူးရာခံနဲ့ လူကြီးတွေတောင် မနေသာဘူး။ ၀င်ရှင်းပေးရတယ်။

နောက်ဆုံး ယောက်ျားလုပ်သူက သူဆောက်ထားတဲ့ အိမ်ကို ပြန်ဖျက်ပြီး ယူဖို့ တောင်းဆိုတယ်။ ဒီလိုနဲ့ အိမ်လေးကိုဖျက်ရောင်းပြီး မည်သို့မည်ပုံဖြစ်သွားသည် မသိ။ အခုတော့ သူတို့လင်မယား ပြန်ပေါင်းထုပ်နေကြပြီ။ သွပ်မိုးပျဉ်ကာအိမ်နေ တဲစုတ်ဖြစ်သွားတာပဲ အဖတ်တင်တယ်။ ရပ်ကွက်ထဲ ဒီလိုဇာတ်လမ်းမျိုးတွေ မကြာခဏကြားရမယ်။ ဘာမှ မဆန်းဘူး။


ရပ်ကွက်ထဲက လူတွေရဲ့အပြောကတော့ ချမ်းသာတဲ့သူတွေ ကြီးစိုးလာပြီတဲ့။ ဒီနှစ်ပိုင်း ရပ်ကွက်ထဲက မြေကွက်တွေ အတော်အရောင်းအ၀ယ် ဖြစ်လို့ပဲ။ အခုပုံထဲမှာပါတဲ့ မြေကွက်ဆိုရင် Singapore အခြေစိုက် လူကုံထံလင်မယားက ပိုင်ပါတယ်။ လခတွေသောက်သောက်လဲကောင်းပြီး ပိုက်ဆံတွေထားစရာမရှိလို့ ရန်ကုန်တ၀ိုက်က မြေကွက်တွေ အတော်ဝယ်ထားတယ်ဆိုပဲ။ ဒီမြေကွက်ရဲ့ လက်ရှိကာလပေါက်ဈေး သုံးရာနီးပါးရှိတယ်။ ဒါတောင် ဥယျာဉ်ခြံမြေပဲ ရှိသေးလို့ပေပဲ။ နောက်ဖက် မလှမ်းမကမ်းမှာ လူသိများတဲ့ ရွှေနှင်းဆီရပ်ကွက်ရှိတယ်။ ရွှေနှင်းဆီရပ်ကွက်ကလည်း တဖြည်းဖြည်းတိုးချဲ့လာလိုက်တာ နောက်ငါးနှစ်လောက်ဆို ကျွန်တော်တို့ရပ်ကွက်နဲ့ တဆက်တည်းဖြစ်သွားမယ့် သဘောရှိတယ်။


တနိုင်တပိုင် စိုက်ခင်းလေးတွေပါ။ စီးပွါးဖြစ်တော့ ဟုတ်မယ်မထင်ဘူး။ မိသားစုဝမ်းစာ ဖူလုံရုံတော့ အထောက်အပံ့ဖြစ်ပါလိမ့်မယ်။



ရပ်ကွက်ထဲမှာ ဘုန်းကြီးကျောင်းတွေလည်း အတော်များပါတယ်။ နောက်ပိုင်း အလှူရှင်တွေပေါ်လာလို့ ထင်ပါတယ်။ တခမ်းတနားကျောင်းဆောင်ကြီးတွေ ဆောက်လာကြတယ်။ အလှူရှင်နာမည်တွေ ဖတ်လိုက်ရင် ခေတ္တ Singapore ၊ U.K ၊ U.S.A စသဖြင့်ပေါ့။ ပညာဒါန အခမဲ့ပြုပေးတဲ့ ဘုန်းကြီးကျောင်းတွေလည်း ရှိတယ်။ အင်္ဂလိပ်စကားပြောသင်တာ ပိုများသလိုပဲ။


ကျွန်တော်ပြောတဲ့ မြောက်ဥက္ကလာလမ်းမပေါ်က ဘုန်းကြီးလမ်းကားဂိတ်ပါ။ နိုင်ငံရပ်ခြားမှာလို စည်းကမ်းမရှိဘူး။ Singapore မှာတုန်းက လူစည်ကားတဲ့ ကားဂိတ်တွေမှာ ဘယ်နံပါတ်နဲ့ဘယ်ကားတွေ ဘယ်အချိန်ရောက်မလဲ၊ LED မီးလုံးတွေနဲ့ Information အတိအကျပေးတယ်။ မြန်မာပြည်က ကားဂိတ်တွေမှာတော့ ကွမ်းယာဆိုင်တွေသာ မေးလိုက်ပါ။ သူတို့က လာသမျှကားကို စာရင်းပြုစုပြီး အခမဲ့ ၀န်ဆောင်မှုပေးတယ်။ သူတို့ဆီမှာ ကွမ်းစား၊ ဆေးလိပ်သောက်တဲ့ ကားသမားဖောက်သည်တွေ အဆင်ပြေဖို့ပါ။ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့။

Saturday, May 2, 2009

တောင်တွေးမြောက်ရေး - ပေါ့ပေါ့ပါးပါး


ဧပြီလ ကုန်ပြီးခြင်းသကာလ မေလထဲကို ရောက်ပါပြီ။ အတိအကျပြောရရင် ဒီနေ့ မေလ (၂)ရက်နေ့၊ စနေနေ့ပေါ့။

ခက်တာက ပြီးခဲ့တဲ့ ဧပြီလ တလလုံး ဘာမှဟုတ်တိပတ်တိ မရေးဖြစ်ဘူး။ သိပ်အလုပ်များလို့လားတဲ့။ မဟုတ်ပါဘူး။ အလုပ်မရှိ အကိုင်မရှိ၊ တောင်စဉ်ရေရာမရ အာရုံများနေတာပါ။ ဧပြီလ ဆိုတာကလည်း သိတဲ့အတိုင်းပဲ။ သင်္ကြန်ကောင်းမှု အကြောင်းပြုပြီး အပျော်ဖက်ပဲ စိတ်ရောက်နေတယ်။ သင်္ကြန်မတိုင်ခင် ပြင်ဆင်တာက တမျိုး၊ သင်္ကြန်ပြီးတော့ စမြုံပြန်တာက တဖုံပေါ့။ ဘာမှကို အလုပ်မဖြစ်ဘူး။

ဒီကြားထဲ ပင်လယ်ရေအောက် ကြမ်းပြင်က အလင်းဖန်မျှင်လိုင်းကြီးကို ပြုပြင်နေတယ် ဆိုလား။ ကိုယ်တိုင်က ဂဂနနမသိတဲ့နောက် သူများပြောသမျှ ယုံရတာပဲ။ ကိုးနတ်ရှင်ကတော့ သုံးစားမရတာ သေချာတယ်။ ဘလော့ဂ်ဆိုတာ ဝေလာဝေး၊ ဂျီမေးလ်တောင် ဆန့်ငင်ဆန့်ငင်ရယ်။

ဒါတွေကလည်း အကြောင်းပြချက်တွေပါလေ။ ရေးချင်လို့ ဖြစ်အောင်ရေးရင် ဖြစ်တာပဲ။ ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ပို့စ်တခုဖြစ်အောင်တင်မှ တော်ချေမယ်။

ခေတ်ကာလအခြေအနေကလည်း သိတဲ့အတိုင်းပဲ။ ဆားချက်ရင် ငန်မယ်။ ရေထိုးရင် အချိန်စီးမယ်။ ဒီတော့ ပေါ့ပေါ့ပါးပါးလေးပေါ့။ လူဆိုတာ ငယ်တုန်းရွယ်တုန်းမှာ တိမ်တွေလို ပေါ့ပါးပြီး အသက်အရွယ်ရလာတာနဲ့အမျှ နှင်းပွင့်လေးတွေလို ဖြူစင်သင့်တယ်တဲ့။ ကြားဖူးနားဝ တရုတ်စကားပုံတခုပါ။

ပေါ့ပေါ့ပါးပါးတွေး၊ ပေါ့ပေါ့ပါးပါးရေး၊ ပေါ့ပေါ့ပါးပါးပြုံးတဲ့။ ဘယ်သူ့စကားလဲတော့ မမှတ်မိဘူး။ အတော်ကြိုက်တယ်။ ခက်တာက တခါတလေ အပေါ့လွန်ပြီး ပေါ့ပျက်ပျက်ဖြစ်သွားတတ်တယ်။ အားလုံးကို ခပ်ပေါ့ပေါ့တွေးပြီး မလေးမစား ကပျက်ကချော်ဖြစ်လုပ်မိတာမျိုးပေါ့။

ဒါ့ထက် ကျွန်တော့်သူငယ်ချင်းတယောက်ပြောသလို ပေါ့လျှံလျှံဆိုတာလည်း ရှိသေးတယ်။ ကိုယ့်အတွေးနဲ့ ကိုယ် လုပ်သမျှ အဟုတ်ကြီးထင်ပြီး လိုရင်းမရောက်တယ်ကို မရှိဘူး။ လျှံထွက်နေတာမျိုးပဲ။ အလေအလွင့် သိပ်များတယ်။ ကိုယ့်ကိုကိုယ်ဖြစ်လို့ဖြစ်မှန်းမသိ အားလုံးကို ပိတ်ပြီးစဉ်းစားရင် ပိုဆိုးတယ်။ အတွေးအခေါ်အယူအဆ၊ အကြံဥာဏ်ကောင်းတွေ ဘာမှအသစ်ထပ်ထည့်လို့ မရတော့ဘူး။

ကဲ။ နောက်ဆုံးတော့ တောင်တွေးမြောက်ရေး၊ ပို့စ်တခုဖြစ်သွားပြန်ပြီ။

Friday, April 17, 2009

တောင်တွေး မြောက်ရေး - အမှတ်တရ သင်္ကြန်


တခါတလေ တွေးမိတွေးရာတွေထဲက အမှတ်တရတချို့ကို မှတ်တမ်းတင်ဖို့ ကြိုးစားကြည့်တယ်။ တွေးတာက တမျိုး၊ ရေးတာက တခြား၊ လိုရင်းရောက်တယ်ကို မရှိဘူး။ ဒီတော့ ကိုကေရဲ့ `တောင်တွေး မြောက်ရေး´လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။

ဒီနှစ်သင်္ကြန် ပိတောက်တွေလှိုင်လှိုင်ပွင့်တယ်။ သင်္ကြန်အကြိုနေ့ မတိုင်ခင်တည်းက မိုးသည်းသည်းထန်ထန်ရွာလို့ပါ။ ပတ်ဝန်းကျင်တခုလုံး အတော်အေးချမ်းသွားတယ်။

မဏ္ဍပ်တွေ နည်းသွားတယ်လို့တော့ ပြောကြတယ်။ စပွန်ဆာပေးမယ်သူ မရှိလို့တဲ့။ ကိုယ်တိုင်မလည်ဖြစ်တဲ့နောက် သိပ်မသိဘူး။ လည်ချင်စိတ် ပျောက်နေတာလည်းပါလိမ့်မယ်။ ငွေစမှ မရွှင်ပဲ။

ဒါပေမယ့် သင်္ကြန်နဲ့ပတ်သက်လို့ အမှတ်တရလေးတွေရှိတယ်။ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်တို့နှစ်ယောက် သင်္ကြန်မှာ တွေ့ခဲ့တာပေါ့။ နောက်ဆုံး အတက်နေ့ တရက်တည်းရယ်။ ဒါပေမယ့် မြင်မြင်ချင်း ချစ်မိတယ်ဆိုလားပဲ။ သင်္ကြန်ပြီးတော့ လက်ထပ်လိုက်တယ်။ ရုပ်ရှင်ထဲကလိုပေါ့။ ကလေးကလား ဆန်တယ်။

မရယ်ပါနဲ့။ တကယ်ပြောတာပါ။ အာလုံး အဆင်ပြေတယ်။ သမီးတယောက်၊ သားတယောက်တောင် ရနေပြီ။

ခက်တာ ကျွန်တော်က မေ့တတ်တယ်။ `မိန်းမရေ။ တို့ ဘယ်သင်္ကြန်တုန်းက တွေ့တာလဲ´လို့ အကြိုနေ့က မေးလိုက်မိပါတယ်။ နှစ်ဆန်းတရက်နေ့အထိ စကားပြန်မရတော့ဘူး။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ အိမ်ထောင်သက်ကို မေးရင် ဦးနှောက်ကို အလုပ်ပေးပြီး အတော်ပြန်စဉ်းစားရတယ်။ သူ့မွေးနေ့ကိုလည်း ဇူလိုင်လား၊ သြဂုတ်လား၊ မှုန်ဝါးဝါးပဲ။

အဲ့လို ခေါင်းထဲ ဘာမှမရှိလို့ပဲလား။ ကလေးအဖေပုံ သိပ်မပေါက်ဘူး။ အမြဲတမ်း ပေါ့ပေါ့ပါးပါးပေါ့။

ကျွန်တော့်သမီးနဲ့ ကျွန်တော် အမြဲသွားနေကျ စတိုးဆိုင်လေးရှိတယ်။ သင်္ကြန်မတိုင်ခင် တနေ့က ကျွန်တော်သမီး ပါမသွားဘူး။ ဆိုင်က ကောင်မလေးတွေက `ဒီနေ့ အကို့တူမလေး မပါဘူးလား´တဲ့။ `ဟ။ ဘယ်က တူမတုန်း။ ကျွန်တော့် သမီးဗျ´လို့ ပြောတော့ ပြုံးစိစိလုပ်နေကြတယ်။ သိပ်မယုံဘူး။ စိတ်ဝင်စားလို့ တဖက်လှည့်နဲ့မေးတာလည်း ဖြစ်နိုင်တယ်။ နောက်တခါ ထပ်မေးရင် ဘယ်လိုဖြေသင့်လဲ။

ဟိုက်။ ရပ်တန်းက ရပ်မှ။ ကိုယ့်အကြောင်း ကိုယ်ပြန်ဖွသလို ဖြစ်နေပြီ။ အရိုအသေတန်တော့မယ်။

ဟုတ်ကဲ့။ အတာကူးတဲ့ နှစ်ဦးမှာ အားလုံးမင်္ဂလာပါ။

Wednesday, February 18, 2009

ကံမကုန်ရင် ပြန်ဆုံကြဦးမယ်

(Pacha Mama) Flickr.com

ဒီနေ့ညနေ စီးတီးဟောလ်ကို ရောက်တယ်။ ဘုရား ဘုရား။ ငွေဈေးတွေကလည်း ထိုးကျနေလိုက်တာ အ၀ီစိတောင် ရောက်တော့မလားပဲ။

အောက်ထပ်ကိုဆင်းတော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တယ်။ မျက်နှာမကောင်းလို့ မေးကြည့်လိုက်မှ ဒီနေ့ပဲ အလုပ်ပြုတ်သွားပြီတဲ့။ ရောက်တာ နှစ်နှစ်ကျော်ပါပြီ။ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံများပြီး ထူးချွန်သူတစ်ယောက်ပါ။ ပီအာရ်လည်း ကျပြီးသားမို့ တော်သေးတယ်ပဲ ပြောရမယ်။

အလုပ်ပြုတ်တဲ့ သတင်းတွေ ကြားတာကြာပါပြီ။ ဒါပေမယ့် ဒီအပတ်ထဲ အတော်အခြေအနေ ဆိုးလာပုံရတယ်။ တဖြုတ်ဖြုတ်နဲ့ အသိမိတ်ဆွေထဲကတင် ဆယ်ယောက်ကျော်သွားပြီ။ အိုင်တီသမား အများဆုံးပဲ။ အင်ဂျင်နီယာလိုင်းက နှစ်ယောက်ပါပေမယ့် ချက်ချင်းအလုပ်ပြန်ရသွားတယ်။

ကျွန်တော်လည်း ပြုတ်တာကြာလှပေါ့။ ဘောဇိက အီးပီပြန်မရုတ်သိမ်းသေးလို့ ကျေးဇူးတင်နေရတယ်။ အိုင်တီသမားပေမယ့် စလုံးမှာတော့ ပွဲမတိုးဘူး။ အင်ဂျင်နီယာဘွဲ့လေးဘန်းပြပြီး အရပ်ကူပါလူဝိုင်းပါ လုပ်လိုက်မှ အင်တာဗျူးလေး ဟိုတစ်စဒီတစ်စရတယ်။ တစ်ခုက အတော်နီးစပ်နေပြီ။ အဲဒီ့တစ်ခု အဆင်မပြေလို့ကတော့ ဘိုင်းဘိုင်စင်ကာပူပဲ။

စလုံးလာပြီး ဒုက္ခခံလိုက်တာ ရှိစုမဲ့စုလေး ကုန်ရှာပြီ။ အလုပ်လည်း ပြုတ်ဖူးသွားပြီ။ အတွေ့အကြုံပေါ့။ ဘလော့လေးတစ်ခုပဲ အမြတ်ထွက်တယ်။ အင်တာနက်ကြီးရှိနေသရွေ့ အွန်လိုင်းကနေ ဆုံကြမယ်။ ကောင်းလေစွ။ ကောင်းလေစွ။

Friday, January 30, 2009

ဖမ်းချင်တာတော့ ခြသေ့င်္ (ဒါပေမယ့်)

Ernest Hemingway on Safari (1934)

တစ်နေ့က CBox ထဲ မခင်ဦးမေက သတင်းပေးထားတယ်။ ကျွန်တော် Post ကို Wesheme Blog မှာ Link ပေးထားကြောင်း၊ 40 Clicks ဖြစ်နေတဲ့ အကြောင်းပေါ့။ သိပ်အထင်မကြီးကြပါနဲ့။ ကျွန်တော်ဆိုတဲ့ ကောင်က ပေါတောတောရယ်။ ပီတိတွေဖြာပြီး ကိုယ့် Link ကို ပြန်နှိပ်မိတာတင် ဘယ်လောက်မှန်းမသိဘူး။ တစ်ဝက်နီးပါးတော့ ရှိလိမ့်မယ်။ (ဟဲဟဲ။ ရှက်ရှက်နှင့် ရယ်သံ။)

ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို သတိရလို့ပါ။ တစ်ခါတော့ သူရေးတဲ့ မော်ဒန်ကဗျာလေး မဂ္ဂဇင်းထဲ ပါလာတယ်။ မှတ်မှတ်ရရ ကဗျာက ခုနစ်ကြောင်းတောင် မပြည့်ဘူး။ ဒါပေမယ့် သူခမျာ ၀မ်းသာလွန်းလို့ တွေ့သမျှသူငယ်ချင်း အကုန်လိုက်ပြတယ်။

လူတွေအကြောင်းလည်း သိမှာပါ။ မော်ဒန်ကဗျာဆိုတာမျိုးက တော်ရုံလူဖတ်တာ မဟုတ်ဘူး။ စာရေးစာဖတ် ၀ါသနာပါတဲ့ သူတွေပဲ ခံစားနားလည်ပေးနိုင်တာမျိုး။ ၀တ်ကျေတမ်းကျေတော့ ကောင်းတယ်လို့ ပြောမှာပေါ့။ ပိုဆိုးတာက မြောက်ပင့်ပြီး အခွင့်အရေးယူချင်တဲ့ သူတွေပဲ။ မင်းကဗျာလေးက ကောင်းလွန်းလို့ သိမ်းထားပြီး ဖတ်ချင်လိုက်တာ၊ ဘာညာနဲ့ မဂ္ဂဇင်းလက်ဆောင်တောင်းကြတယ်။

သူလည်း မဂ္ဂဇင်းတိုက်ကရထားရင် အလွန်ဆုံးနှစ်အုပ်ပေါ့။ ဒါပေမယ့် ဖတ်စေချင်လွန်းလို့ တောင်းသမျှလူကို အပြင်ဈေးကွက်ကနေ ၀ယ်ပေးတယ်။ ကျောင်းပိတ်လို့ သူ့မြို့ကို ပြန်ရောက်တဲ့အထိ အရှိန်က မသေဘူး။ ထုံးစံအတိုင်း မြို့ခံဆွေမျိုးတွေက တောင်းတော့ ၀ယ်ပေးရပြန်ရော။ ဘယ်လောက်တောင် ၀ယ်လိုက်တယ် မသိဘူး။ သူ့မြို့က စာအုပ်ဆိုင်မှာ အဲဒီမဂ္ဂဇင်း မလောက်တော့လို့ ရန်ကုန်ကတောင် ထပ်မှာရတယ် ဆိုပဲ။ တစ်မြို့တည်းသားချင်းက ပြန်ဖွတော့ အားလုံးသိကုန်တယ်။ သေချာတာတော့ အဲဒီမဂ္ဂဇင်း သူ့ကဗျာပါတဲ့လက အတော်ရောင်းလိုက်ရမယ့်ပုံပဲ။

လုပ်ကြံပြောတဲ့ ဇာတ်လမ်း မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်ပဲ။ သူ အခု UK ရောက်နေတယ်။ ဒီနေ့အထိ ကျောင်းတုန်းက သူငယ်ချင်းတွေဆုံရင် (သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) ဒီအကြောင်းပြောပြီး ရယ်လို့ကောင်းတုန်း။ ဒါပေမယ့် ကြုံဖူးတဲ့သူတိုင်း သူ့ကို ကိုယ်ချင်းစာနိုင်မယ် ထင်တယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု တစ်ခုကို စာတတန် ပေတတန်နဲ့ ပုံနှိပ်ဖော်ပြခံရတဲ့ ပျော်ရွှင်မှုက အတော်ထူးခြားတယ်။ ကောင်းတယ်ဟေ့လို့ ချီးကျူးသံကြားလိုက်လို့ကတော့ ဟုတ်တာမဟုတ်တာ အပထား။ ပီတိအဟုန်က ငယ်ထိပ်ရောက်ပြီးသားပဲ။

ကျွန်တော်တို့ ငယ်ငယ်က ကိုယ်လက်တည့်စမ်းထားတဲ့ စာတိုပေစလေးတွေ လူတွေကြားထဲ ကျယ်ကျယ်ပြန့်ပြန့်ရောက်ဖို့ မဂ္ဂဇင်းတွေပဲ အားကိုးစရာရှိတယ်။ ဂျာနယ်တွေတောင် သိပ်ခေတ်မစားသေးဘူး။ ကိုယ့်စာမူလေးပါဖို့ အစ်မမိုးချိုသင်းရဲ့ “သံသယကျွန်းသူ”ထဲကလိုပဲ အတော်ရင်မောရတယ်။ အခုခေတ်မှာတော့ Blog တွေ ပေါ်နေပြီ။ လက်စလက်နရှိတဲ့ လူငယ်လေးတွေ အများကြီး ပေါ်ထွက်လာစရာရှိတယ်။ နောက်ဆုံး သူတို့ရဲ့ အတွေးအခေါ် အကြံဥာဏ်တွေအားလုံး စာရွက်ပေါ်မှာ ပိုပြီး ပီပြင်လာနိုင်တယ်။ ဒီကြားထဲ Blog တွေကို ဟိုပိတ်ဒီပိတ်လုပ်တဲ့ ဥာဏ်ကြီးရှင်တွေကိုတော့ ကျွန်တော် နားလည်ပေးလို့ မရဘူး။

ဘယ်သူပဲဖြစ်ဖြစ် စာတစ်ပုဒ်ဖြစ်ဖို့ ကိုယ့်အတိုင်းအတာနဲ့ကိုယ် သိပ်မလွယ်လှဘူး။ အပျော်အပျက်လုပ်တာတောင် အချိန်တော့ ပေးရသေးတာပဲ။ ဂန္တ၀င်စာရေးဆရာကြီး Earnest Hemingway က ပြောတယ်။ သူ့အတွက် စာကောင်းပေမွန်တစ်ပုဒ်ဖြစ်အောင် အားထုတ်ရတာ ခြသေ့င်္တစ်ကောင်ဖမ်းရသလို အတော်ခက်သတဲ့။ သူပြောတဲ့ ခြသေ့င်္က ကေသရာဇာခြသေ့င်္မင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ အားအင်ချိနဲ့နေတဲ့ သတ္တ၀ါလေးတွေ ဖမ်းမိဖို့တောင် အလဲလဲအကွဲကွဲနဲ့ အတော်အားထုတ်ရမယ့်ပုံပဲ။ ဒါပေမယ့် လျာထားချက်ပြည့်မှီရင် ပြီးရော။ တွေ့သမျှအကောင် ဖမ်းထည့်တာမျိုးတော့လည်း မဟုတ်ဘူးနော့။

Saturday, January 17, 2009

ကျွန်တော် Blogger ဖြစ်ပြီလား

Online ကမ္ဘာနဲ့ ကင်းကွာခဲ့တာ ကြာပါပြီ။ တကယ်တမ်း ကျွန်တော့်အလုပ်က Computer ရှေ့မှာပဲ အချိန်ကုန်ပြီး Internet က လက်တစ်ကမ်းမှာ အမြဲရှိပါတယ်။ ဒါပေမယ့် Online ပေါ်က လူတွေနဲ့ပတ်သက်လို့ ကျွန်တော်စိတ်မ၀င်စားမိဘူး။ သူတို့ရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေနဲ့ ပတ်သက်လို့ကတော့ အတော်လေး ခေတ်နောက်ကျကျန်ခဲ့ပြီ။
ပြင်ပလောကမှာ ကျွန်တော်ကိုယ်တိုင် အပေါင်းအသင်းများသူ တစ်ယောက်ပါ။ ကျွန်တော့်မှာ ပြောမနာဆိုမနာ စိတ်တူကိုယ်တူ အဖော်တွေရှိတယ်။ အခက်အခဲပေါင်းစုံနဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ကြုံတိုင်း သူတို့နဲု့ ဖွင့်ဟတိုင်ပင်လို့ရတယ်။ အတွေးအမြင်၊ အသစ်အဆန်းပေါင်းစုံနဲ့ ပျော်စရာလည်း ပျော်စရာမို့ မျှဝေခံစားလို့ရတယ်။ အွန်လိုင်းပေါ်အထိ တက်ပြောဖို့ မလိုပါဘူး။ အခုတော့ ဒီအနေအထားတွေ အားလုံး မွေးရပ်မြေမှာ ကျန်ခဲ့ပြီ။
Blog တွေကိုလား။ မြန်မာပြည်မှာတည်းက ကြည့်ဖြစ်ပါတယ်။ စွဲစွဲလမ်းလမ်း မရှိပါဘူး။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲ ပါတဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး အကြောင်းတွေလောက်ပဲ Blog တွေမှာ ရှာဖတ်ဖြစ်တယ်။ ဦးဦးဖျားဖျားသိလိုက်တာလေးရှိရင်တော့ အပေါင်းအသင်းတွေကို အာပေါင်အာရင်းသန်သန်နဲ့ ဖောက်သည်ချတတ်တယ်။
ဒါပေမယ့် ရေခြားမြေခြားကိုရောက်တော့ ပတ်ဝန်းကျင်ပြောင်းသွားတယ်ရောက်စဆိုတော့ ၀ါသနာမတူ၊ စရိုက်မတူသူတွေနဲ့ အတူနေရတယ်။ စိတ်ဝင်စားတာချင်းတူတာတောင် ရှုထောင့်တွေက လွဲနေတတ်တယ်။ ဒီမှာလည်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ အတော်များများရှိပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် တစ်ပတ်တစ်ခါတွေ့ဖို့တောင် အနိုင်နိုင်ပဲ။ ကြာတော့ ကျွန်တော်လည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အထီးကျန်သလို ဖြစ်လာတယ် ဆိုပါစို့။
တစ်ရက် ပျင်းပျင်းရှိတာနဲ့ ရန်ကုန်က သူငယ်ချင်းတစ်ယောက်ရဲ့ Blog ကို ဖွင့်ကြည့်တယ်။ ကျွန်တော် Address မှတ်မိတဲ့ တစ်ခုတည်းသော Blog ပါ။ သူပေးထားတဲ့ Link တွေအတိုင်းလိုက်ရင်း Blog တွေပေါ် ကျွန်တော်စရောက်တယ်။ Blogger တွေ ဘယ်သူဘယ်ဝါမှန်း ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က နေရာအနှံ့မှာ ကိုယ့်လိုပဲ အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်နေရတဲ့သူတွေ အတော်များမှန်း သိလာတယ်။ သူတို့ရင်ထဲက ခံစားချက်တွေကို ခံစားခွင့်ရတယ်။ သူတို့ရဲ့အတွေးအမြင်တွေကို တစေ့တစောင်း ကြည့်ခွင့်ရတယ်။ ဆောင်ရန်ရှောင်ရန်လေးတွေလည်း အတော်များများသိရတယ်။ နောက်ဆုံး မြန်မာပြည်ထဲ ကျန်ခဲ့တဲ့သူတွေလည်း အလွယ်တကူ ဆက်သွယ်မိနေသလိုပဲ။
ကိုယ်ပိုင် Blog နဲ့ ကိုယ်တိုင်ရေးပြီး Post လုပ်ဖို့ကတော့ အတော်ကြိုးစားရဦးမယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့ စကားရှိတယ်။ ကိုယ့်အတွေးအမြင်၊ တသီးပုဂ္ဂလဆန်တဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး အမြဲတမ်းလိုလို လက်တွန့်နေတတ်တယ်။ ညဖက်ရေးတာ မနက် ပြန်ဖတ်ကြည့်တိုင်း အတော် စိတ်ပျက်ဖို့ကောင်းတယ်။ လိုရင်းကို မရောက်သလိုပဲ။ အနုပညာ သိပ်ဆန်ချင်လွန်းတာလား။ မဟုတ်သေးပါဘူး။
တကယ်တော့ ကိုယ့်အတွေးအမြင်၊ ကိုယ့်ခံစားချက်၊ ကိုယ့်ဖြစ်ချင်တဲ့ အနာဂတ်တွေအားလုံးက စာနဲ့ရေးပြီး မှတ်တမ်းတင်ကြည့်မှ ထောင့်စေ့လာတတ်တယ်။ နောက်ဆုံး ရေးပါများရင် အလေ့အကျင့်ရမယ်။ အဝေဖန်ခံရမှ တိုးတက်မယ်။ ဘာပဲဖြစ်ဖြစ် ရေးဖြစ်အောင်တော့ ရေးကြည့်တာပေါ့။

Thursday, December 18, 2008

ကျော်ကြီးပြောသော ပုံပြင်များ (၁)

နောက်ဆုံးတော့ “စ”လုံးရောက်ရှာပြီ

“ကျော်ကြီးရာ။ မင်းကတော့ လုပ်လိုက်ရင် သောက်တလွဲကြီးပဲ”လို့ အပေါင်းအသင်းတွေက ထုတ်ပြောရတဲ့အထိ။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုလား။ ကျော်ကြီးနဲ့တွေ့မှ “သေချင်တဲ့ကျား တောပြောင်း” ဖြစ်သွားတယ်။ ခေတ်ပျက်တဲ့နှစ်မှ ကျော်ကြီးတို့ ဆိုက်ဆိုက်မြိုက်မြိုက် စင်ကာပူရောက်လာတယ်။ ကျောင်းအတူပြီးတဲ့ အပေါင်းအသင်း၊ ညီအစ်ကိုမောင်နှမတွေအားလုံး အိမ်တွေ၊ ကားတွေနဲ့ အတည်တကျကိုဖြစ်လို့။ ကျော်ကြီးက အခုမှ ချောက်တိချောက်ချက် “စီဗီ”လေးတွေပို့ပြီး အလုပ်ရှာလို့ကောင်းတုန်း။ “နေပါဦး။ မင်းက အခုမှတစ်ရေးနိုးပြီး ဘာလာရှုပ်တာတုံး” တဲ့။ “ဟဲဟဲ။ မင်းတို့ အော်ဇီတို့၊ ကနေဒါတို့ မိုက်ဂရိတ်လုပ်တော့ ငါလည်းရောရောင်ပြီး ပါမလားလို့။ ဒိုင်ဗင်ပေါ့” လို့ အရှက်ပြေပြန်ပြောရတယ်။

ကျော်ကြီးငယ်ငယ်က ပညာတတ်ကြီးသိပ်ဖြစ်ချင်တယ်။ နိုင်ငံရပ်ခြားမှာ ခန့်ခန့်ကြီးအလုပ်သွားလုပ်ချင်တယ်။ စင်ကာပူမှာ အလုပ်လုပ်တဲ့ ဦးလေးတွေ၊ အဒေါ်တွေကိုလည်း ဘယ်လိုအားကျမှန်းကို မသိဘူး။ ကလေးအတွေးပေါ့။ ကျောင်းပြီးလို့ လုပ်သက်လေးမတောက်တခေါက်ရတော့ နိုင်ငံခြားကုမ္မဏီတစ်ခုမှာ အလုပ်ရတယ်။ ဒါပေမယ့် အလုပ်ဆင်းတဲ့အထိ မရောက်လိုက်ဘူး။ ဆေးစစ်လို့ “ဘီပိုး”တွေ့တာနဲ့တင် ကျော်ကြီးဘ၀ ဇောက်ထိုးမိုးမျှော်ဖြစ်သွားတယ်။ မိဘတွေလည်းအပူအပင်လွန်ပြီး ကျော်ကြီးကို ဆေးကုတာနဲ့တင် ပိုက်ဆံတွေသောက်သောက်လဲ ကုန်ပေါ့။ နိုင်ငံခြားဆိုတာကိုတော့ ခေါင်းထဲတောင် မထည့်ရဲတော့ဘူး။ စိတ်တူကိုယ်တူ အပေါင်းအသင်းတွေဦးဆောင်တဲ့ မြန်မာကုမ္မဏီတစ်ခုမှာပဲ အလုပ်ဝင်လိုက်တယ်။

ပြီးခဲ့တဲ့ သုံးလေးနှစ်တုန်းကတော့ ကိုယ်ပိုင်စီးပွါးရေးလေးတစ်ခု စလုပ်တယ်။ သမင်မွေးရင်း၊ ကျားစားရင်းပေါ့။ ကိုယ်တိုင်အသုံးမကျတာလည်း တစ်ဝက်ကျော်ပါတယ်။ “နာဂစ်” အပြီးမှာတော့ ခြေကုန်လက်ပန်းကျသွားသလိုပဲ။ ပိုဆိုးတာက ကျော်ကြီးအရက်စွဲချင်သလို ဖြစ်နေတယ်။ အသောက်အစားက လိုတာထက်ပိုလာသလိုပဲ။ မိဘတွေက ကျော်ကြီးကို ပတ်ဝန်းကျင်ပြောင်းသွားစေချင်တယ်။ အမျိုးသမီးကတော့ “ရှင့်သဘောပဲ”တဲ့။ ဒါပေမယ့် ကျော်ကြီးတို့ သားနဲ့သမီးမျက်နှာကို ကြည့်ရပြီလေ။

“ပတ်စ်ပို့”ရပြီး နှစ်ပတ်လောက်အတွင်းမှာပဲ ဖုတ်ပူမီးတိုက်နဲ့ ကျော်ကြီးတို့ စင်ကာပူရောက်လာတယ်။ ကျော်ကြီးစီးလာတဲ့လေယာဉ် “ချန်ဂီ”ကိုဆင်းတော့ မိုးတွေသည်းသည်းမဲမဲ ရွာတယ်။ လာကြိုတဲ့ အပေါင်းအသင်းတွေရဲ့အဆိုအရ ဒီလိုမိုးရွာထဲ စင်ကာပူမြေကိုခြေချမိရင် တော်ရုံနဲ့ အိမ်မပြန်ရဘူးဆိုပဲ။ ဟုတ်မဟုတ်တော့လည်း မပြောတတ်ဘူး။ ကျော်ကြီးတစ်ယောက် အခုအချိန်အထိ စင်ကာပူမှာလာပြီး သောင်တင်နေတာကိုပဲ ကြည့်။ အရည်အချင်းသိပ်ရှိတယ်လို့တော့ မထင်ပါနဲ့။ အားတက်သရော ကြံဖန်ကူညီတဲ့ အပေါင်းအသင်းတွေကိုပဲ ကျေးဇူးတင်ရမယ်။

ကျော်ကြီးတို့များ လူကသာ လိမ်ဖယ်လိမ်ဖယ်နဲ့ ရွာလည်နေတာ။ အပြောကတော့ လုံးဝမလျှော့ဘူး ဘဏ်ကတ်ဒ်ထဲရှိတဲ့ ပိုက်ဆံကနှစ်ပြားတစ်ပဲ၊ လုပ်ချင်တာက စတော့ရှယ်ယာ အရောင်းအ၀ယ်ဆိုပဲ။ “ဆန်းတက်စီးတီး”က စတော့နဲ့ရှယ်ယာ အထိမ်းအမှတ် နွားရိုင်းရုပ်ကြီးရှေ့ဓါတ်ပုံသွားရိုက်ရတာ အမော။ ဘာမဟုတ်တဲ့ အခုလို “ဘလော့ဂ်”လေးတောင် ဖြစ်မြောက်အောင် ပို့စ်မလုပ်နိုင်တယ်။ စိတ်ကူးထဲမှာတော့ “သောမတ်စ်ဖရိဒ်မင်း”တို့လို “ကမ္ဘာကြီးသည် ပြား၏”ဆိုသလို စာအုပ်မျိုးက ရေးချင်သေးသဗျ။ ပြေးကြည့်လို့ ၀န်ထမ်းငါးယောက်မပြည့်တဲ့ ကုမ္မဏီလေးတစ်ခုမှာ၊ ရတဲ့အလုပ်က ရုံးစာရေးသာသာ။ အောင်မယ်။ “ဂူးဂဲလ်”တို့၊ “ဒဲလ်”တို့လို ကုမ္မဏီမျိုးတွေထောင်ဖို့ကလည်း စိတ်ကူးယဉ်ချင်သေး။ တစ်နေ့ဖြစ်လို့ကတော့ ရွှေမြန်မာတွေကောင်းကျိုး သယ်ပိုးမယ်ဆိုပဲ။ ကြည့်ကြသေးတာပေါ့ကွာ။

ဒါနဲ့ ရယ်စရာပြောရဦးမယ်။ စိတ်ကူးအယဉ်ကောင်းလို့ ပြီးခဲ့တဲ့ အပတ်က “ကလယ်မင်တီ အမ်အာရ်တီ”မှာ “အီးဇက်လင့်ခ်ကတ်ဒ်”ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဘယ်လက်နဲ့ ထုတ်မိတယ်။ ထုံးစံအတိုင်း အပေါက်မှားပါလေရော့လား။ “ဟဲ့။ ပလုပ်တုတ်”။ သတိရလို့ ဘယ်ဖက်ကအပေါက်ထဲ ပြေးဝင်တော့ တံခါးကပိတ်သွားပြီ။ ကတ်ဒ်ကို ထပ်ပြတော့ မီးနီတွေပဲ လင်းတော့တာပဲ။ လူလည်း ထူပူပြီး ဘာဆက်လုပ်ရမှန်း မသိဘူး။ နောက်ဆုံးတော့ မှန်လှောင်အိမ်ထဲက ၀န်ထမ်းက လှမ်းခေါ်ပြီး လုပ်ပေးတော့မှ ထွက်လို့ရတယ်။

“ကျော်ကြီးရာ။ မင်းကတော့ လုပ်လိုက်ရင် သောက်တလွဲကြီးပဲ”ဆိုတဲ့ အပေါင်းအသင်းတွေရဲ့ စကား မှန်သလိုဖြစ်နေပြီ။