Monday, November 24, 2014

နောက်ဆုံးသင်ခန်းစာ

(ပြင်သစ်စာရေးဆရာ Alphonse Daudet ရဲ့ The Last Lesson ဆိုတဲ့ ၀တ္တုတိုလေးကို ဘာသာပြန်ထားတာပါ။

ဒီဝတ္တုတိုလေးနဲ့ပတ်သက်တဲ့ သမိုင်းကြောင်း နောက်ခံကိုလည်း ရှင်းပြပါရစေ။ ၁၈၇၀ မှာ ပြင်သစ်နဲ့ ဂျာမန်အင်ပါယာကြား စစ်ဖြစ်ကြတယ်။ Franco-Prussian War လို့ ခေါ်ပါတယ်။ နောက်ဆုံး ပြင်သစ်တွေ စစ်ရှုံးလုနီးပါးဖြစ်ပြီး Alsace နဲ့ Lorraine နယ်တွေကို ဂျာမန်တွေလက်ထဲ အပ်လိုက်ရတယ်။ ဒီတော့ ပြင်သစ်နဲ့ ယဉ်ကျေးမှုရော၊ ဘာသာစကားပါ အပြိုင်ဖြစ်နေတဲ့ ဂျာမန်တွေက ဒီနယ်တွေမှာ ပြင်သစ်ဘာသာစကားကို စွန့်ခိုင်းပြီး ဂျာမန်ဘာသာစကားနဲ့ အစားထိုးဖို့ ကြိုးစားပါတယ်။ ဒီဖြစ်ရပ်လေးပေါ် အခြေခံပြီး ကလေးတယောက်ရဲ့အမြင်နဲ့ ရေးဖွဲ့ထားတဲ့ ၀တ္ထုတိုလေးတပုဒ်ပါ။

ဒါပေမဲ့ မျက်မှောက်ခေတ်မှာ ဒီနယ်နှစ်ခုလုံးကို ပြင်သစ်ကပဲ ပိုင်ပါတယ်။

"နောက်ဆုံးသင်ခန်းစာ"

အဲဒီမနက်က ကျွန်တော် ကျောင်းသွားတော့ အတော်နောက်ကျနေပြီ။ ဆူပူကြိမ်းမောင်းခံရမယ့် အရေးတွေးပြီး အကြောက်လွန်မိတယ်။ အထူးသဖြင့် မွန်စီယာအားမဲလ်ကိုပါ။ သူက ကျွန်တော်တို့ကို ပုံမှန်မဟုတ်တဲ့ တြိယာတွေနဲ့ပတ်သက်ပြီး စစ်ကြောမေးမြန်းမယ့်အကြောင်း အသိပေးထားပါတယ်။ ကျွန်တော် တလုံးဆို တလုံးမှ မသိသေးဘူး။ ကျောင်းပြေးပြီး လယ်ကွင်းတွေထဲ လျှောက်သွားဖို့ အခိုက်အတန့်တော့ တွေးမိသေးတယ်။

နွေးထွေးပြီး သာယာတဲ့ နေ့တနေ့ပါ။ တောစပ်မှာ ငှက်မည်းလေးတွေ တေးသီနေသံကို ကြားရတယ်။ သစ်စက်ရဲ့နောက်ဖက်၊ ကွင်းပြင်ကျယ်ကြီးထဲမှာတော့ ပရပ်ရှန်းစစ်သားတွေ စစ်ရေးပြလေ့ကျင့်နေကြတယ်။ ဒါတွေအားလုံး ကျွန်တော့်အတွက် တြိယာသဒ္ဒါ စည်းကမ်းတွေထက် ဆွဲဆောင်မှု ပိုရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် အားတင်းပြီး ကျောင်းကိုပဲ အပြေးသွားလိုက်တယ်။

မြို့ဝန်ရုံးရှေ့ ကျွန်တော်ဖြတ်တော့ ကြေငြာစာတမ်းတွေ ထုတ်ပြန်နေကျ ဆိုင်းဘုတ်လေးနားမှာ လူတွေ ရုံးစုနေကြတာကို တွေ့တယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လုံး ဒီဆိုင်းဘုတ်လေးကတဆင့် ကျွန်တော်တို့ သတင်းဆိုးတွေ ကြားခဲ့ရတယ်။ ရှုံးနိမ့်သွားတဲ့ စစ်ပွဲတွေအကြောင်း၊ စစ်မှုမထမ်းမနေရ ဆင့်ခေါ်စာတွေနဲ့ မြို့တော်က ချမှတ်တဲ့ အမိန့်တွေစသဖြင့်ပေါ့။ ကျွန်တော်တွေးရင်း ရှေ့ဆက်တယ်။

"ဘာတွေ ဖြစ်နေကြပြန်တာတုန်း"

ရင်ပြင်ကို အပြေးအလွှား ဖြတ်နေတုန်း ပန်းပဲသမားကြီး ၀ပ်ရှာက သူ့တပည့်လက်သားတွေနဲ့အတူ လက်ကမ်းကြေငြာစာ တစောင်ကို ဖတ်ရင်း ကျွန်တော့်ဖက် လှမ်းအော်ပြောတယ်။

"ဖြည်းဖြည်းပေါ့ ငါ့တူရာ။ အချိန်တန်ရင် ကျောင်းရောက်မှာပေါ့"

သူလေသံက ကျွန်တော့်ကို လှောင်ပြောင်နေမှန်း သိသာပါတယ်။ မွန်စီယာအားမဲလ်ရဲ့ ကျောင်းဝင်းလေးထဲ ပြေးဝင်ချိန်ရောက်တော့ ကျွန်တော် မောလွန်းလို့ အသက်ရှုမှားနေပြီ။

အမြဲတမ်းလိုလိုပဲ ကျောင်းတက်ချိန်စတာနဲ့ ဟိန်းထွက်လာတဲ့ အသံကြီးကို ခပ်လှမ်းလှမ်း လမ်းပေါ်ကတောင် ကြားရတယ်။ စာသင်ခုံ ဖွင့်သံပိတ်သံတွေ၊ သံပြိုင်ရွတ်ဆို စာအံသံတွေနဲ့ စည်စည်ကားကားပဲ။ ကျောင်းသူကျောင်းသားတွေအားလုံး ကိုယ့်အသံ ကိုယ်ပြန်ကြားပြီး သင်ခန်းစာတွေကို အမြန်ဆုံး အလွတ်မှတ်မိလွယ်ဖို့ ကျယ်သထက်ကျယ်အောင် အခေါက်ခေါက်အခါခါ ကုန်းအော်ကြတယ်။ ဒီအချိန်မှာ ဆရာကြီးက သူ့ရဲ့ ထူထူထဲထဲ ပေတံတုတ်တုတ်ကြီးနဲ့ စားပွဲကို ရိုက်ရင်း ပြောမယ်။

"နည်းနည်း အသံတိုးကြဦးဟေ့"

ကျွန်တော်ကတော့ ဒီအသံတွေနဲ့အတူ စည်းချက်ညီ လှုပ်ရှားရင်း ကျွန်တော့်ရဲ့ စာသင်ခုံဆီ လူမသိသူမသိ ပုန်းကွယ်သွားနေကျပါ။ ဒါပေမဲ့ ဒီနေ့ ဘာ့ကြောင့်မှန်း မသိ၊ တနင်္ဂနွေမနက်ခင်းတခုလိုပဲ ထူးထူးခြားခြား တိတ်ဆိတ်နေတယ်။ ဖွင့်ထားတဲ့ ပြူတင်းပေါက်ကတဆင့် ကိုယ်စီနေရာယူပြီးနေနှင့်တဲ့ ကျွန်တော့်ရဲ့အတန်းဖော်တွေကို လှမ်းတွေ့တယ်။ မွန်စီယာအားမဲလ်က ကြောက်စရာ သံပေတံကြီးကို ချိုင်းကြားညှပ်ရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ ကျွန်တော်လည်း အခန်းတံခါးတောင် ဖွင့်စရာမလိုပဲ ပကတိ တိတ်ဆိတ်မှုကြီးရဲ့ အလယ်ကို ရောက်သွားပြီ။ ကျွန်တော် ဘယ်လောက်တောင် သိမ်ငယ်ပြီး ဘယ်လောက်တောင် အကြောက်လွန်နေပြီလဲ၊ ခံစားနားလည်ကြမှာပါ။

ဒါပေမဲ့ ထင်သလို မဟုတ်ဘူး။ မွန်စီယာအားမဲလ်က ကျွန်တော်ကို ဒေါသမာန်မပါတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ရင်း အခုလို သိမ်သိမ်မွေ့မွေ့ ပြောတယ်။

"ဖရန့် ... ၊ သားရေ ... ၊ မင်းထိုင်ခုံကိုသာ တန်းပြီးသွားပေတော့။ ဆရာတို့ မင်းမပါပဲနဲ့တောင် အတန်းစဖို့ လုပ်နေပြီ"

ကျွန်တော်လည်း ခုံတန်းရှည်ပေါ် တွယ်တက်ပြီး စာသင်ခုံရှေ့ ချက်ချင်းထိုင်လိုက်တယ်။ ကြောက်စိတ် ပြေစပြုချိန်ရောက်မှ အခြေအနေကို သတိထားမိပြီ။ ကျွန်တော်တို့ ဆရာကြီးက ခန့်ညားတဲ့ အပြာရောင်ကုတ်အင်္ကျီ၊ မွှေးပွလည်စည်းနဲ့ အနက်ရောင် ပိုးသားဘောင်းဘီကို ၀တ်ထားတယ်။ ကျွန်တော်သိသလောက် ကျောင်းကို စစ်ဆေးရေးဝင်မယ့်နေ့တွေနဲ့ ဆုပေးပွဲနေ့တွေကလွဲပြီး ဆရာကြီးက ဒီလို ၀တ်လေ့ဝတ်ထ မရှိဘူး။ ဒီထက်ပိုပြီး တတန်းလုံးကို ကြည့်ရတာ သာမာန်မဟုတ်ပဲ အလေးအနက်ထားရမယ့် ကိစ္စတခု ရှိနေသလိုပဲ။ ဒါပေမဲ့ ကျွန်တော် အအံ့သြဆုံးကတော့ စာသင်ခန်းရဲ့နောက်ဖက်၊ အမြဲတမ်းနီးပါး လူမရှိတဲ့ ခုံတန်းရှည်တွေပေါ်မှာ ရွာထဲက လူတချို့ ထိုင်နေကြတယ်။ သူတို့လည်း တိတ်ဆိတ်လို့ပဲ။ သုံးရောင်ချယ် ဦးထုပ်ကြီး ဆောင်းထားတဲ့ အဖိုးကြီးအော့ဆာ၊ ပြီးတော့ သူနဲ့အတူ မြို့ဝန်ဟောင်း၊ စာပို့သမားဟောင်းနဲ့ အခြားသူတွေလည်းပါတယ်။ သူတို့အားလုံးလည်း မျက်နှာမကောင်းကြဘူး။ အော့ဆာက အနားစွန်းတွေ စုတ်ပြဲနေတဲ့ သတ်ပုံစာအုပ် အဟောင်းကြီးကို ပေါင်ပေါ်မှာ ဖွင့်လျှက်သားတင်ပြီး မျက်မှန်အထူကြီးနဲ့ စောင်းရွဲ့ဖတ်နေတယ်။

ကျွန်တော် အရာရာကို နားမလည်နိုင်အောင် ဖြစ်နေတုန်း မွန်စီယာဟာမဲလ်က စင်မြင့်ပေါ်ကို တက်တယ်။ ကျွန်တော်ကို ခရီးဦးကြိုပြုခဲ့သလို နူးညံ့သိမ်မွေ့သော်ငြား၊ တည်ကြည်လေးနက်တဲ့ အသံနဲ့ ကျွန်တော်တို့ဖက် လှည့်ရင်း ပြောတယ်။

"ကလေးတို့ရေ၊ ဆရာ့အနေနဲ့ မင်းတို့ကို စာသင်ခွင့်ရတာ ဒီတကြိမ် နောက်ဆုံးပဲ။ အားလ်ဆပ်စ်နဲ့ လော်ရင်းနယ်တွေမှာရှိတဲ့ ကျောင်းတွေအားလုံး ဂျာမန်လိုကလွဲပြီး တခြားဘာသာစကားတွေနဲ့ မသင်ရတော့ဘူးလို့ ဒီနေ့ပဲ ဘာလင်က အမိန့်စာ ရောက်တယ်။ မနက်ဖြန် ဆရာအသစ်တယောက်နဲ့ အစားထိုးလိမ့်မယ်။ အခုသင်ခန်းစာကတော့ ပြင်သစ်ဘာသာစကားနဲ့ သင်တဲ့ နောက်ဆုံးသင်ခန်းစာပဲ။ ဒါကြောင့် တပည့်တို့အားလုံးကို လေးလေးနက်နက် နားထောင်ပေးဖို့ ဆရာက မေတ္တာရပ်ခံပါတယ်။"

ပြောသွားတဲ့ စကားက ရှည်ရှည်ဝေးဝေး မဟုတ်ပေမဲ့ ကျွန်တော် တုန်လှုပ်မိတယ်။ လူယုတ်မာတွေ ... ၊ မြို့ဝန်ရုံးမှာ တင်ထားတဲ့ ကြေငြာစာကလည်း ဒီအကြောင်းပဲ ဖြစ်မယ်။

ပြင်သစ်ဘာသာစကားနဲ့ နောက်ဆုံးသင်ခန်းစာဆိုပါလား။

ခက်တာက ကျွန်တော် စာတောင် ကောင်းကောင်းမရေးတတ်သေးဘူး။ အခုတော့ နောက်ကျခဲ့ပြီ။ သင်ယူခွင့် မရှိတော့ဘူး။ ပညာတပိုင်းတစနဲ့ ရပ်ရတော့မယ်။ ကျောင်းပြေးပြီး ငှက်ဥလိုက်နှိုက်၊ မြစ်ထဲ ရေဆင်းကူးရင်း ဖြုန်းတီးခဲ့မိတဲ့ အချိန်တွေအတွက် ယူကျုံးမရ ဖြစ်မိတယ်။ သယ်ရတာ လေးလွန်းလို့ ဆိုးဆိုးရွားရွား စိတ်ကုန်နေတဲ့ စာအုပ်တွေအားလုံးက ချက်ချင်းဆိုသလိုပဲ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းကြီးတွေ ဖြစ်သွားပြီ။ ကျွန်တော့်ရဲ့ သဒ္ဒါ၊ ကျွန်တော် မြတ်နိုးရမယ့် သမိုင်း၊ အခုတော့ သူတို့ကို စွန့်လွှတ်ရတော့မယ်။ မွန်စီယာအားမဲလ် ကိုယ်တိုင်လည်း ကျွန်တော့်လိုပဲ ကြွေကွဲရမယ် ထင်တယ်။ သူ မကြာခင် ကျွန်တော်တို့ကို စွန့်ခွာရတော့မယ်၊ နောက်ထပ်ပြန်တွေ့ဖို့ မလွယ်တော့ဘူးဆိုတဲ့ အသိနဲ့ သူပေးခဲ့တဲ့ ပြစ်ဒဏ်တွေ၊ ပေတံနဲ့ အရိုက်ခံခဲ့ရတာတွေ အားလုံးကို ကျွန်တော်မေ့သွားတယ်။

ဝမ်းနည်းစရာပဲ။ ဆရာကြီးက သူ့ရဲ့ အမြတ်တနိုး ပွဲနေပွဲထိုင် ၀တ်စုံတွေကို ဆင်မြန်းပြီး နောက်ဆုံးသင်ခန်းစာကို ဂုဏ်ယူစွာနဲ့ ပို့ချပေးနေတယ်။ ရွာထဲက လူတွေ၊ အတန်းနောက်မှာ ထိုင်နေရခြင်းအကြောင်းကိုလည်း ကျွန်တော် သဘောပေါက်ပြီ။ သူတို့လည်း ကျောင်းလေးကို ခပ်ပေါ့ပေါ့ထားပြီး လှစ်လျူရှုထားခဲ့မိတဲ့အတွက် နောင်တရကြမှာပါ။ အခုတော့ ပျောက်ကွယ်လုနီးပါး အဖနိုင်ငံတော်ကြီးအတွက် ဦးညွှတ်ရင်း နှစ်ပေါင်းလေးဆယ်ကျော် တာဝန်ကျေပွန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဆရာကြီးကို လာရောက်ဂါရ၀ပြုကြပုံပဲ။

အတွေးနဲ့ နစ်မျောနေခိုက် ကျွန်တော့်နာမည် ခေါ်သံ ကြားလိုက်ရတယ်။ ကျွန်တော် စာမေးခံရမယ့် အလှည့်ရောက်ပြီ။ တြိယာနဲ့ပတ်သက်လို့ အရေးပါအရာရောက်တဲ့ သဒ္ဒါစည်းကမ်းတွေကို အစအဆုံး ကျွန်တော် ဘာ့ကြောင့် မသိနိုင်ရမှာလဲ။ ပီပီသသ၊ ကျယ်ကျယ်လောင်လောင်နဲ့ အထစ်အငေါ့မရှိ ကျွန်တော် ရွတ်ဆိုနိုင်ရမယ်။ ဒါပေမဲ့ အခုတော့ ပထမဆုံးတလုံးကိုတောင် ကျွန်တော် စဉ်းစားလို့ မရဘူး။ ခုံတန်းရှည်ပေါ်က ထရပ်ပြီး ဒယိမ်းဒယိုင် ဖြစ်နေပြီ။ ရင်တွေတုန်ပြီး မျက်နှာတောင် မော်မကြည့်ရဲဘူး။ မွန်စီယာအားမဲလ်ကတော့ ကျွန်တော်ကို အခုလို ဆုံးမတယ်။

"သားရေ၊ ဖရန့်ဇ်။ မင်းကို အပြစ်မဆိုရက်ပါဘူး။ မင်းကို ပေးခဲ့တဲ့ ပြစ်ဒဏ်တွေလည်း များခဲ့ပါပြီ။ ဒါကလည်း ဆရာ့အနေနဲ့ မဖြစ်မနေမို့ လုပ်ရတာပါ။ သားရေ၊ တို့တတွေ ကိုယ့်ကိုကိုယ် လိမ်ခဲ့ကြတယ်ကွ။ သွားစမ်းပါ။ အချိန်ရပါသေးတယ်။ သင်စရာရှိတာတွေ မနက်ဖြန်မှ ဆက်သင်တာပေါ့။ ကဲ ... ၊ အခုတော့ ဘာတွေဖြစ်ကုန်ပြီလဲ၊ မင်းတွေ့ပြီ မဟုတ်လား။ အားလ်ဆပ်စ်နယ်ကြီး တခုလုံးသာ အခုလို သင်ယူစရာရှိတာတွေကို လက်ငင်းမသင်ယူပဲ၊ နေ့ရွှေ့ညရွှေ့ လုပ်ခဲ့မယ်ဆိုလို့ကတော့ တို့ရဲ့အနာဂတ်က တွေးရဲစရာတောင် မရှိဘူး။ သူတို့က တို့များရဲ့ အားနဲချက်ကို ထိုးနှက်ကြတော့မယ်။ အော် ... ၊ မင်းတို့က မင်းတို့ကိုယ် မင်းတို့ ပြင်သစ်လို့လည်း အမျိုးဂုဏ်မောက်ချင်သေးတယ်။ ကိုယ့်မိခင် ဘာသာစကားလေးတောင် မရေးတတ် မဖတ်တတ်နဲ့၊ ဘာကို ယုံရမှာလဲလို့ သူတို့က ၀ိုင်းပြီး လက်ညိုးထိုးကြလိမ့်မယ်။ အဆုံးသတ်တော့ ဖရန့်ရေ၊ မင်းက သနားစရာ ကောင်းသူပါ။ ဒါပေမဲ့ ကြေကွဲစရာ အကောင်းဆုံး သူတယောက်တော့ မဟုတ်သေးဘူးကွ။ ငါတို့အားလုံး ကိုယ့်အတိုင်းအတာနဲ့ကိုယ်၊ ကိုယ်စီကိုယ်ငှ တာဝန်ပျက်ကွက်ခဲ့ကြတယ်"

"မင်းရဲ့မိဘတွေကိုယ်တိုင်လည်း မင်းကို ပညာတတ်ကြီးဖြစ်တဲ့အထိ ပြုစုပျိုးထောင်ဖို့ အတွေးအခေါ် အမျှော်အမြင်ပိုင်းမှာ အားနည်းခဲ့တယ်။ သူတို့က မင်းကို လယ်ကွင်းထဲမှာ အလုပ်လုပ်စေချင်တယ်။ စက်ရုံအလုပ်ရုံတွေကို ပို့ချင်တယ်။ ငွေပိုငွေလျှံလေး ရလိုရငြားပေါကွာ။ ဒါဆို ဆရာ့မှာလည်း ကိုယ့်ကိုကိုယ် အပြစ်တင်ဝေဖန်စရာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ တပည့်တို့ကို မကြာခဏဆိုသလို စာသင်ချိန်မှာ ပန်းခြံထဲ ရေလောင်းခိုင်းခဲ့တာမျိုး ရှိခဲ့လား။ ပြီးတော့ မြစ်ထဲ ငါးမျှားထွက်ချင်လို့ အတန်းဖျက်ပြီး သွားခဲ့တာမျိုး ရှိဖူးလား"

အကြောင်းအရာတွေ တခုပြီးတခုပြောင်းရင်း မွန်စီယာအားမဲလ်က ပြင်သစ်ဘာသာစကားအကြောင်းကို စပြောတယ်။ ပြင်သစ်ဘာသာစကားဟာ ကမ္ဘာပေါ်မှာ အားအကောင်းဆုံး၊ အရှင်းလင်းဆုံးနဲ့ အလှပဆုံး ဘာသာစကားတခုဖြစ်ကြောင်း၊ ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ကြောင်း၊ မေ့ဖျောက်ပစ်ဖို့ရန် မသင့်ကြောင်း၊ နောက်ဆုံး သူ့ကျွန်ဘ၀ပဲ ကျစေဦးတော့၊ မိခင်ဘာသာစကားကို လျှာပေါ်မှာ ထိန်းသိမ်းထားနိုင်သရွေ့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း သော့တချောင်းက လက်တကမ်းအကွာမှာ ရှိနေဆဲပဲလို့ စီကာပတ်ကုံး ပြောပြတယ်။ ပြီးတော့ သဒ္ဒါစာအုပ်ကို ထုတ်ပြီး ဖတ်ခိုင်းတယ်။ ကျွန်တော် ရှင်းရှင်းလင်းလင်းနဲ့ နားလည်ရလွယ်ကူနေလို့ ကိုယ့်ကိုကိုယ် အံ့သြမိတယ်။ အားလုံး လွယ်ကူလွန်းနေသလိုပဲ။ တကယ်ကို လွယ်ကူလွန်းနေပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ သင်ခန်းစာတခုကို ဒီလောက်အထိ အလေးအနက်ထားပြီး မသင်ယူခဲ့မိတာလည်း ပါလိမ့်မယ်။ ကျွန်တော် ယုံကြည်ပါတယ်။ ဆရာကြီးကိုယ်တိုင် ရှင်းလင်းပြသပေးနေတာတွေကလည်း ခါတိုင်းထက် ပိုပြီး စိတ်ရှည်လက်ရှည် ရှိသလိုပဲ။ ၀မ်းနည်းဖို့ကောင်းတဲ့ ဆရာကြီးက ကျွန်တော်တို့နဲ့ မခွဲခွါခင် သူ့မှာရှိသမျှ အသိအမြင် ဗဟုသုတတွေအားလုံးကို ပုံအောပေးခဲ့ချင်ပုံရတယ်။ တကြိမ်တည်းနဲ့ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲ အပြီးအပိုင် ရိုက်သွင်းပေးခဲ့ချင်ပုံပဲ။

စာဖတ်တဲ့ သင်ခန်းစာပြီးတော့ စာရေးခိုင်းတယ်။ မွန်စီယာ အားမဲလ်က သူကိုယ်တိုင် ပြင်ဆင်လာတဲ့ စာရွက်လေးတွေကို လိုက်ဝေတယ်။ ကျွန်တော်တို့ တခါမှ မမြင်ဖူးသေးဘူး။ စာရွက်လေးတွေပေါ်မှာ သပ်ရပ်လှပတဲ့ လက်ရေးနဲ့ အခုလို ရေးထားတယ်။ "ပြင်သစ်၊ အားဆပ်စ်၊ ပြင်သစ်၊ အားဆပ်စ်"။ အတန်းထဲက စာသင်ခုံတိုင်းမှာ စိုက်ထူထားတဲ့ အလံလေးတွေလိုပဲ၊ ကျွန်တော်တို့ပေါ် ဖမ်းစားနိုင်လွန်းတယ်။ ကျွန်တော်တို့လည်း တယောက်မကျန် ကြိုးစားပမ်းစား လိုက်ရေးကြပြီ။ စာသင်ခန်းထဲ ကျွန်တော်တို့ရဲ့ ကလောင်တံတွေနဲ့ စာရွက်တွေပေါ် ပွတ်တိုက်သံကလွဲပြီး အားလုံးပကတိ တိတ်ဆိတ်လွန်းနေတယ်။ အခိုက်အတန့်တခုမှာ ပိတုန်းကောင်လေးတွေ ပျံဝဲပြီး အခန်းထဲ ၀င်လာသေးပေမဲ့ ဘယ်သူကမှ ဂရုပြုဖော် မရကြဘူး။ မျဉ်းလေးတကြောင်းတောင် ဖြောင့်အောင်မဆွဲနိုင်သေးတဲ့ အငယ်ဆုံး ကျောင်းသားလေးတွေကအစ ပြင်သစ်စာရယ်လို့ တာဝန်သိ၊ တန်ဖိုးထားပြီး အလှပဆုံးဖြစ်အောင် ရေးနေကြပြီ။ ကျောင်းဆောင်ရဲ့ ခေါင်မိုးထက်မှာတော့ ခိုတွေက ဆွဲဆွဲငင်ငင်နဲ့ ညည်းနေကြတယ်။ ကျွန်တော် နားထောင်ရင်း တွေးမိသေးတယ်။

"ဒီကောင်တွေ နောက်ကျရင် ခိုတွေကိုပါ ဂျာမန်လို ညည်းခိုင်းဦးမလား မသိဘူး"

မကြာခဏဆိုသလို စာရွက်ပေါ်ကနေ မျက်လုံးခွာပြီး ကြည့်မိသေးတယ်။ မွန်စီယာ အားမဲလ်က သူ့ခုံပေါ်မှာ ထိုင်ရင်း သူ့ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို မလှုပ်မယှက် စိုက်ကြည့်နေပြီ။ သူ့ရဲ့ အမြင်အာရုံနဲ့အတူ ကျောင်းလေးထဲ ရှိသမျှအားလုံးကို ယူဆောင်သွားချင်ပုံပဲ။ တွေးကြည့်ပါဦး။ နှစ်ပေါင်းလေးဆယ်လုံး ဒီနေရာလေးမှာ ကျင်လည်ခဲ့ရတယ်။ သူ့ရှေ့က ကျောင်းဝင်းနဲ့ စာသင်ခန်းက သူ့ရဲ့ဘ၀ပါ။ အပြောင်းအလဲဆိုလို့ မရှိသလောက်ပဲ။ ခုံတန်းရှည်တွေနဲ့ စာသင်ခုံတွေအားလုံး အကြိမ်ကြိမ်အခါခါ ပွတ်တိုက်ပြီး အရောင်တင်ခဲ့သော်ငြား အိုဟောင်းစပြုပြီ။ ကစားကွင်းဘေးက သစ်ကြားပင်တွေဆိုရင် ဝေေ၀ဆာဆာနဲ့ အရွယ်ရောက်နေတာကို တွေ့ရမယ်။ သူကိုယ်တိုင် စိုက်ခဲ့တဲ့ နံရံကပ်နွယ်ပင်လေးတွေကတော့ အခုဆို ပြူတင်းပေါက်ဘောင်တွေကို ကျော်ပြီး ခေါင်မိုးနားအထိ ရောက်လုရောက်ခင်ပေါ့။ ရင်နဲ့အမျှ ပြုစုပျိုးထောင်ခဲ့ပြီးမှ အခုလို ခွဲခွါရတော့မယ်ဆိုတော့ ကြေကွဲစရာပဲ။ အပေါ်ထပ်အခန်းထဲမှာ ပစ္စည်းတွေကို အပြီးသတ် သိမ်းဆည်းထုပ်ပိုးရင်း လူးလာခေါက်ပြန်သွားနေတဲ့ အစ်မဖြစ်သူရဲ့ ခြေသံကို ကြားနေရတယ်။ မနက်ဖြန် သူတို့ ဒီပြည်နယ်ကြီးကို အပြီးအပိုင် စွန့်ခွာရတော့မယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အတန်းကို ပြီးဆုံးချိန်အထိ ခရီးဆက်ဖို့ ရဲစွမ်းသတ္တိကတော့ ဆရာကြီးရဲ့ ရင်ထဲ အပြည့်ရှိနေတုန်းပဲ။ ကျွန်တော်တို့ စာရေးတဲ့ လေ့ကျင်ခန်းပြီးတော့ သမိုင်းသင်ခန်းစာဖက် ဦးလှည့်ကြတယ်။ ကလေးငယ်လေးတွေက "ဘာ ဘယ် ဘီ ဘို ဘူ" သီချင်းကို သံပြိုင်ရွတ်တယ်။ စာသင်ခန်းနောက်ဖက်မှာတော့ အဖိုးကြီးအော်ဆာက သူ့ရဲ့မျက်မှန်ကြီးကိုတပ်ရက်သား၊ သတ်ပုံစာအုပ်ကို လက်နှစ်ဖက်နဲ့ကိုင်ရင်း စာတွေကို တလုံးချင်းလိုက်ပြီး စာလုံးပေါင်း ဖတ်တယ်။ စိတ်ပါလက်ပါ ဖတ်နေမှန်း သိသာပါတယ်။ ခံစားရလွန်းလို့ တုန်ခါနေတဲ့ သူ့အသံကို ကြားရတော့ ကျွန်တော်တို့လည်း မရယ်ပဲ မနေနိုင်တော့ဘူး။ ငိုအားထက် ရယ်အားသန် ဆိုသလိုပေါ့။ အင်း ... ၊ ဒီနောက်ဆုံး သင်ခန်းစာကို ကျွန်တော့်တသက်တာ မေ့နိုင်မယ် မထင်ဘူး။

ရုတ်တရက် ဘုရားကျောင်းရဲ့ နာရီကြီးက ဆယ့်နှစ်နာရီကို ရောက်ပြီ။ ခေါင်းလောင်းထိုးသံကို ကြားရတယ်။ တချိန်တည်းမှာပဲ စစ်ရေးပြ လေ့ကျင့်ပြီး ပြန်လာတဲ့ ပရပ်ရှန်းတွေရဲ့ စူးစူးဝါးဝါး စစ်ခရာသံကို ပြူတင်းပေါက်တွေကတဆင့် ကြားရတယ်။ ဖြူဖွေးလုနီးပါး သွေးဆုတ်နေတဲ့ မွန်စီယာအားမဲလ်က ထရပ်ပြီ။ သူ့ရဲ့ဟန်ပန်က မားမားမတ်မတ်၊ ဒီလို မာန်နဲ့ဟန်နဲ့ ရပ်တည်ပုံမျိုးကို ကျွန်တော် တခါမှ မတွေ့ဖူးသေးဘူး။

"ကျွန်တော့်ရဲ့ မိတ်ဆွေကြီးများ ခင်ဗျာ" သူက စကားစတယ်။ "ကျွန်တော့်ရဲ့ ... ၊ ကျွန်တော် ... ၊ ကျွန်တော် ..."

ဒါပေမဲ့ တစုံတရာကြောင့် ဆို့နင့်နေသလိုပဲ။ စာလေးတကြောင်းပြည့်အောင် အဆုံးမသတ်နိုင်တော့ဘူး။

ချက်ချင်းဆိုသလို မြေဖြူတခဲကို ကောက်ကိုင်ပြီး ကျောက်သင်ပုန်းဖက် လှည့်တယ်။ တတ်နိုင်စွမ်းသမျှ အင်အားကုန် စုစည်းရင်း စာလုံးကြီးတွေကို ကြီးနိုင်သမျှ ကြီးအောင် ရေးပါပြီ။

"ပြင်သစ်ပြည် အဓွန့်ရှည် တည်တံ့ပါစေ။"

ပြီးတော့ သူ့ခေါင်းနဲ့ နံရံကို မှီရင်း အချိန်အတော်ကြာအောင် ရပ်နေတယ်။ စကားတခွန်း မဆိုတော့ပဲ လက်ဟန်ခြေဟန်သာ ပြပေမယ့် ကျွန်တော်တို့ နားလည်ရပါပြီ။

"ဒီနေ့ သင်ခန်းစာကတော့ ဒီလောက်ပဲ။ အတန်းဆင်းပြီ။ ပြန်ကြတော့"။            ။

Thursday, November 20, 2014

ရှန်းဇန့် - အပိုင်း (ဂ)