ဟယ်လိုကစ်တီ Hello Kitty အစရှိသဖြင့် တောက်တောက်ပပ၊ ကြောင်ကြောင်ကြားကြား၊ အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ မျက်မှန်မျိုးစုံကို ဘီဂျင်းမြို့က မျက်မှန်မြို့တော် Eyeglass City မှာ ၀ယ်ယူရရှိနိုင်ပါတယ်။ အဲဒီကိုရောက်ရင် လေးထပ်စာမြင့်တဲ့ ရှော့ပင်းမောလ်ကြီး တခုလုံး မျက်မှန်ဆိုင်တွေနဲ့ ပြည့်ကျပ်နေတာကို တွေ့ပါလိမ့်မယ်။
မျက်မှန်တစ်လက်ကို နာရီဝက်အတွင်း အသင့်ကောက်တပ်ရုံ အပြီးအစီး လုပ်ပေးနိုင်ပါတယ်။ ၀န်ဆောင်မှုက အံသြချီးမွမ်းလောက်စရာပဲ။ ဒါပေမဲ့ ဆိုးတာက တရုတ်ပြည်မှာ မျက်မှန်တပ်ဖို့ လိုတဲ့ မျက်စိမှုံသူ အရေအတွက် အဆမတန် တိုးလာပါတယ်။ အများစုက ကလေးတွေဖြစ်နေလို့ပါ။
၁၉၇၀ ခုနှစ်တုန်းလောက်က တရုတ်ပြည်မှာ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်တွေထဲ၊ အဝေးမှုံတဲ့သူ သုံးပုံတစ်ပုံတောင် မပြည့်ဘူး။ အခုတော့ ငါးပုံလေးပုံနီးပါးအထိ မြင့်တက်လာတယ်။ အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာ ပိုဆိုးတယ်။ ဒီထက်ပိုပြီး ဒီမျက်မှန်သမား လူငယ်ငါးပုံတပုံရဲ့ မြင်နိုင်စွမ်းအားက အတော်ဆိုးပါတယ်။ ၁၆ စင်တီမီတာ (၆ လက်မ)ထက် ပိုဝေးတဲ့ အရာဝတ္ထုနဲ့ ပုံရိပ်တွေကို ပြတ်ပြတ်သားသား မြင်နိုင်စွမ်း မရှိတော့ဘူး။
မူလတန်းကျောင်းသား ကလေးတွေကြားမှာလည်း ဒီအရေအတွက် သိသိသာသာ တိုးလာပါတယ်။ တိတိကျကျ ဆိုရရင် ၄၀% က အဝေးမှုံနေပြီ။ သက္ကရာဇ် ၂၀၀၀ တုန်းကထက်စာရင် နှစ်ဆနီးပါးတိုးလာတဲ့ သဘောပါ။ ဒါပေမဲ့ အမေရိကန်နဲ့ ဂျာမဏီနိုင်ငံတွေမှာတော့ ဒီအသက်အရွယ်တန်း ကလေးတွေကြား ဒီလို အမြင်အာရုံ ချို့တဲ့သူက ၁၀% ပဲ ရှိပါတယ်။
တကယ်တော့ ဒီအမြင်အာရုံ ချို့တဲ့တဲ့ ဖြစ်ရပ်က တရုတ်ပြည်တခုတည်းမှာတင် မဟုတ်ပါဘူး။ အရှေ့အာရှ တခုလုံးပါ။ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တွေမှာလည်း ၁၈ နှစ်သား လူငယ် ၈၀-၉၀% က မျက်မှန်တပ်ကြရတယ်။ ဒါဆို ပြဿနာရဲ့ အရင်းအမြစ်က မျိုးရိုးဗီဇကြောင့်လား။ မဟုတ်ပါဘူး။ နေမှုထိုင်မှု ပုံစံတွေကြောင့်ပါ။ ၂၀၁၂ ခုနှစ်မှာ ဘီဂျင်းမြို့ပတ်ဝန်းကျင်က အမြင်အာရုံ အားနည်းသူ ကလေးသူငယ်ပေါင်း ၁၅,၀၀၀ ကို သုသေသနလုပ်ခဲ့တယ်။ ဒီမှာတင် ဒီပြဿနာက စာသင်ချိန်၊ စာဖတ်ချိန်တွေ အရမ်းများလွန်းတာနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ အဖြေထွက်လာပါတယ်။ ပိုဆိုးတာက အားလပ်ချိန်တွေရောက်ရင်လည်း အီလက်ထရွန်းနစ် ပစ္စည်းတွေနဲ့ပဲ အချိန်ကုန်ပြီး အပြင်မှာ ကစားခုန်စားချိန် နည်းလာလို့ပါ။
အများအားဖြင့် ဒီလို အလေ့အထတွေကို ၀င်ငွေကောင်းတဲ့ မိသားစုတွေကြား ပိုပြီးတွေ့ရလေ့ရှိတယ်လို့ ဘီဂျင်းတုန်ဂရန်ဆေးရုံ Beijing Tongren Hospital ရဲ့ အထူးကုဆရာဝန်ကြီး ကျိုးရင် Guo Yin က ပြောပါတယ်။ ချမ်းသာတဲ့ မိသားစုတွေဖြစ်လို့ သူတို့ရဲ့ သားသမီးတွေကို ကျောင်းသင်ခန်းစာတွေနဲ့ပဲ အချိန်ကုန်စေချင်ပါသတဲ့။ အရှေ့အာရှတလွှားမှာ ပုံမှန်ဝင်ငွေနဲ့ ပညာရေး အဆင့်အတန်းတွေ မြင့်တက်လာသော်ငြား အမြင်အာရုံတော့ ချို့တဲ့လာတယ်လို့ သူက အခိုင်အမာ ပြောပါတယ်။
အဝေးမှုံရခြင်းရဲ့ အဓိကအကြောင်းရင်းက ပြင်ပအလင်းရောင်အောက်ကို ထွက်တဲ့ အချိန်တွေ နည်းသထက် နည်းလာလို့ပါ။ နေ့လည်ခင်း အလင်းရောင်ကြောင့် မျက်လုံးအိမ်ထဲမှာ ဓါတုဗေဒအရည်တွေ ထုတ်လွှတ်နိုင်မှု စွမ်းအားကို မြင့်တက်ပြီး မျက်လုံးကြွက်သားတွေကိုလည်း သန်မာစေပါတယ်။ တကယ်တော့ အဝေးမှုံရခြင်းက မျက်လုံးကြွက်သားတွေ အားနည်းပြီး လိုသလို အာရုံ မစူးစိုက်နိုင်တော့လို့ပဲ။
ဒါပေမဲ့ ပြင်ပအလင်းရောင်အောက် ထွက်ဖို့ အချိန်ပေးတာ နည်းလာတဲ့အပြင် အနီးကပ် မျက်လုံးအားစိုက်ရတဲ့ စာရေးစာဖတ်အလုပ်တွေ ထပ်ပေါင်းတော့ ပြဿနာက ပိုဆိုးလာပါတယ်။ သြစတြးလျှ အမျိုးသားတက္ကသိုလ် Australian National University က သုသေသနပညာရှင် အီယန်မော်ဂင် Ian Morgan ကတော့ အခုလို အကြံပေးပါတယ်။ ကလေးတွေကို ပြင်ပ ဟင်းလင်းပြင် အလင်းရောင်အောက်က မြေကြီးထက်မှာ ကစားခုန်စားဖို့ လုံလောက်တဲ့ အချိန်သာ ပေးလိုက်ပါ။ သူတို့ စိတ်ကြိုက် စာရေးစာဖတ်လည်း မျက်စိပျက်မယ့် အန္တရာယ်ကို မစိုးရိမ်ရတော့ဘူးတဲ့။
ခက်တာက တရုတ်ပြည်နဲ့ အရှေ့အာရှနိုင်ငံတိုင်းလိုလိုမှာ အိမ်ပြင်ထွက်ပြီး အပန်းဖြေတဲ့ အလုပ်ကို တန်ဖိုးမထားကြဘူး။ ဥပမာ၊ သြစတြေးလျှနိုင်ငံမှာပဲကြည့်။ တရုတ်လူမျိုးနဲ့ ဌာနေသြစတြေးလျှ ကလေးတွေအားလုံး အသက် ၆ နှစ်မှာ အဝေးမှုံမယ့် လက္ခဏာတွေကို တွေ့လာရတယ်။ ဒါပေမဲ့ ကျောင်းနေပြီဆိုတာနဲ့ ဌာနေသြစတြေးလျှ ကလေးတွေက တနေ့ကို သုံးနာရီကနေ လေးနာရီနီးပါး ပြင်ပအလင်းရောင်အောက်မှာ အချိန်ကုန်ကြတယ်။ တရုတ်လူမျိုး ကလေးတွေကတော့ အပြင်မှာ တနာရီကျော်အောင်တောင် အချိန်ကုန်မခံဘူးလို့ သိရပါတယ်။
တရုတ်ပြည်ထဲက ကလေးတွေကတော့ ပိုဆိုးပါတယ်။ နေ့စဉ် ကျောင်းမှာ နေ့လည်စာ စားပြီးတာနဲ့ အပြင်ထွက် မကစားတော့ပဲ တမှေးအိပ်ကြတယ်။ အိမ်ပြန်ရောက်တော့လည်း ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေနဲ့ မအားလပ်တော့ဘူး။ သူတို့အားလုံး အသက်အရွယ် ရလာတာနဲ့အမျှ အပြင်ထွက်ချိန်က သိသိသာသာ နည်းလာပါတယ်။ တရုတ်ပြည်ရဲ့ လေထုညစ်ညမ်းမှု တခုတည်းကြောင့်လည်း ဟုတ်မယ်မထင်ပါဘူး။
ဒါဆို အဝေးမှုံခြင်း ပြဿနာက ၀င်ငွေကောင်းခြင်းနဲ့ ကျောင်းချိန်ပိုခြင်းကြောင့်ချည်းပဲလား။ ဖြစ်နိုင်ပါတယ်။ တရုတ်ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကျေးလက်နေ ကလေးတွေရဲ့ သုံးပုံတပုံပဲ အမြင်အာရုံ ချို့တဲ့တဲ့ဒဏ်ကို ခံစားရပါသတဲ့။ မြို့ပြနေ ကလေးတွေက တ၀က်နီးပါးဆိုတော့ အရေအတွက်ချင်း ယှဉ်ပြီး နည်းတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ မဟုတ်ဘူး။ စတန်းဖို့တက္ကသိုလ် Stanford University ရဲ့ သုသေသနပြုချက်တခုအရ အမြင်အာရုံချို့တဲ့နေတဲ့ ကျေးလက်နေ ကလေးခြောက်ယောက်မှာ တယောက်က ဆင်းရဲလွန်းလို့ မျက်မှန်မ၀ယ်နိုင်ဘူးတဲ့။ စရိတ်စက အကုန်အကျ မခံနိုင်တဲ့အပြင် ကျောင်းတွေကလည်း ကလေးတွေကို အမြင်အာရုံ ကောင်းမကောင်း ဂရုစိုက်ပေးဖော် မရကြဘူး။ ဒါတင်မက၊ မျက်မှန်တပ်ရင် အမြင်အာရုံကို ပိုပြီး ချို့တဲ့သွားစေတယ်ဆိုတဲ့ အယူအဆမှားကလည်း ပြဿနာကို ကြီးထွားလာစေပါတယ်။
နောက်ဆုံး စတန်းဖို့က ထောင်နဲ့ချီတဲ့ ကလေးတွေကို မျက်မှန် အလကား ဝေပေးရတယ်။ ဒီမှာတင် ဒီအပြုအမူလေးက သူတို့ ကလေးတွေကို အဟာရတိုက်ကျွေးတာနဲ့ အဆင့်မြင့်ပညာရေး အထောက်အပံ့တွေ ပေးတာထက်တောင် အများကြီးပိုပြီး ထိရောက်သွားကြောင်း၊ တအံ့သသြ သိလိုက်ရတယ်လို့ ပရိုဂရမ် တွဲဖက်ဒါရိုက်တာ စကော့ရိုဇဲလ် Scott Rozelle က ဖွင့်ဟပါတယ်။ နောက်ထပ် လေ့လာချက်တခုမှာတော့ မျက်မှန်အထောက်အပံ့ရလိုက်တဲ့ ကလေးတွေ အတော်များများ နှစ်ကုန်စာမေးပွဲမှာ ယခင်နှစ်ကထက် အောင်မှတ်တွေ ထူးထူးခြားခြား ပိုပြီး တိုးတက်လာပါသတဲ့။
ဒါဆို နိုင်ငံနဲ့အ၀ှန်း အဆမတန် ကြီးထွားလာတဲ့ ပြဿနာတခုကို ကုစားနိုင်ဖို့ နေ့လည်ခင်း အလင်းရောင်နဲ့ မျက်မှန်အလှူတွေက ပဓါနကျပါသလား။ တစိတ်တပိုင်း မှန်ပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ မိဘတွေရဲ့ ကိုယ့်သားသမီးတွေပေါ် ထိန်းသိမ်းစောင့်ရှောက်ပုံ အမြင်တွေက ပိုပြီး အဓိကကျတယ်လို့ပဲ ဆိုပါရစေ။
(THE ECONOMIST: Why So Many Chinese Children Wear Glasses)

