(နာမည်တွေနဲ့ ပတ်သက်လို့ ကျွန်တော်စိတ်လျှော့ထားတယ်။ ကျွန်တော့် သားနဲ့သမီးကို နာမည်ပေးတုန်းကပဲ ကြည့်။ တစ်ဆွေလုံး တစ်မျိုးလုံး အငြင်းပွါးကုန်တယ်။ မင်းသိင်္ခ၊ စံဇာဏီဘို၊ ကွန်ပျူတာ ဗေဒင်၊ ဆန်း၊ နက္ခတ်။ အားလုံးကို ရှုပ်နေတာပဲ။ နောက်ဆုံး ကျွန်တော်ပဲ ဘေးထွက်ပေးလိုက်ရတယ်။ အငြင်းပွါးမယ့်သူ တစ်ယောက်လျော့သွားတာပေါ့။
ဒါ့ထက် ကျွန်တော်နာမည်ရင်းကို ဗေဒင်ကိန်းခန်းနဲ့ ကြည့်ရင် မကောင်းဘူးဆိုပဲ။ မတတ်နိုင်ဘူး။ မိဘတွေက အမြတ်တနိုးပေးထားတာ။ ဘာဆိုင်လို့ ပြောင်းရမှာလဲ။ ၀ဋ်ခံရလှ ခဏပေါ့။ ပျော်ပျော်ပါးပါးပဲ။
တလောက Reader's Digest အဟောင်းလေး တစ်အုပ်ဖတ်ရင်းနဲ့ နာမည်ပြောင်းတွေအကြောင်း ရေးထားတဲ့ Essay တစ်ခုကို သဘောကျလို့ပါ။ ဒါနဲ့ အဆင်ပြေသလို ဘာသာပြန်ကြည့်ရင်း အခု Post လုပ်လိုက်တာ။ တလွဲဖြစ်ရင် ကျွန်တော်မှာ တာဝန်ရှိပါတယ်။ ကြံရာမရ ဆားချက်သွားတယ်ပြောလည်း ခံရမှာပဲ။ ခွင့်လွှတ်ပြီးသာ ဖတ်ကြ။)
x x x
လေဆိပ်ထဲက ကျွန်တော်ထွက်တော့ အပူချိန် 41 degree Celsius လို့ သိရတယ်။ Chennai မြို့ကိုသွားတဲ့ အငှားကားပေါ်မှာ အပူရှိန်ပြင်းပုံက ပေါင်းအိုးထဲ ၀င်ထိုင်နေရသလိုပဲ။ အရင်တုန်းက Madras လို့ လူသိများခဲ့တဲ့ India နိုင်ငံတောင်ပိုင်းက မြို့တစ်မြို့ကို Chennai လို့ ဘယ်တုန်းက ပြောင်းလိုက်မှန်းမသိတော့ ကားသမားကို မေးရတယ်။ “1996 တုန်းကပေါ့ဗျာ။ Madras ကနေ Chennai လို့ ပြောင်းသွားလည်း ရာသီဥတုကတော့ ပူတာပါပဲ” လို့ နဖူးကချွေးစကို တံတောင်နဲ့သုတ်ရင်း ဖြေတယ်။
ပြီးခဲ့တဲ့ သုံးလေးနှစ်တုန်းက St. Petersburg မြို့ကို ရောက်တော့ “ပြည်နယ်ယဉ်ကျေးမှုပြတိုက်”က လမ်းပြလေးပြောတဲ့ ဟာသတစ်ပုဒ်ကို သွားသတိရတယ်။ တစ်ခါက St. Petersburg မြို့ရဲ့ လမ်းတွေပေါ်သွားနေတဲ့ အဖိုးကြီးတစ်ယောက်ကို လျှပ်တပျက် အင်တာဗျူးတယ်။
“အဖိုးကို ဘယ်မှာမွေးလဲ။”
“St. Petersburg မှာပါ။”
“အဖိုး ကျောင်းနေတော့ ဘယ်မှာလဲ။”
“Petrograd မှာကွဲ့။”
“အဖိုး အလုပ်ဝင်တော့ရော။”
“Leningrad မှာလေကွာ။”
“အဖိုး ဘယ်မှာခေါင်းချမယ် စိတ်ကူးလဲ။”
“St. Petersburg မှာပေါ့။”
St. Petersburg ဆိုတာကတော့ Russia နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ပါ။ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာမှာတင် နာမည်လေးကြိမ် ပြောင်းသွားတော့ ပြောစရာဟာသတွေဖြစ်ကုန်တယ်။
ကမ္ဘာပေါ်က နေရာဒေသအားလုံးမှာ တင်စားလို့ပဲဖြစ်ဖြစ်၊ ထင်ရှားလို့ပဲဖြစ်ဖြစ် သူ့အရပ်သူ့ဇာတ်နဲ့ ကင်ပွန်းတပ်ထားတဲ့ နာမည်တွေရှိတယ်။ တခါတလေတော့ ဒီနာမည်တွေလည်း သင်္ခါရသဘောကို မလွန်ဆန်နိုင်ဘူး။ ပတ်ဝန်းကျင် အနေအထားနဲ့ လူတွေရဲ့ အစွဲအလမ်းကိုလိုက်ပြီး အပြောင်းအလဲတွေဖြစ်ရတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေထဲ ဒီနာမည်အပြောင်းအလဲ ဇာတ်လမ်းတွေက ပိုပြီး အရှိန်အဟုန်မြင့်လာသလိုပဲ။ မြေပုံဆရာတွေ၊ ဆိုင်းဘုတ်ရေးသူတွေ၊ စာပို့သမားတွေ၊ ဘူမိဗေဒပညာရှင်တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ အားလုံး မျက်စေ့လည်ကုန်တယ်။
များသောအားဖြင့် ဒီနာမည်ပြောင်းဇာတ်လမ်းတွေရဲ့ နောက်ကွယ်မှာ ပထ၀ီနိုင်ငံရေးက အဓိကကျတယ်။ ကမ္ဘာ့အကြီးဆုံး ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတော့ လွတ်လပ်တဲ့နိုင်ငံ (၁၃)နိုင်ငံတောင် ထွက်လာတယ်။ Moldavian Soviet Socialist Republic က Moldova ။ Kirghizia က Kyrgystan စသဖြင့်ပေါ့လေ။ နာမည်အသစ်ကိုယ်စီနဲ့ ကမ္ဘာမြေပုံပေါ်မှာ နေရာရကုန်တယ်။ ဒါကို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလို့ ပြောရင်တော့လည်း ရတယ်။
ဒါပေမယ့် ဒီနေ့ခေတ် Globalization ရဲ့ အရှိန်အဟုန်နဲ့ လူသိရှင်ကြား နာမည်အပြောင်းဆုံးနိုင်ငံက India ပဲ။ India အနေနဲ့ အတိတ်က ကိုလိုနီစနစ်ရဲ့အမွေဆိုးတွေကို ပြောင်းပြန်လှန်ပစ်ချင်ပုံရတယ်။ အင်္ဂလိပ်တွေ ပေးခဲ့တဲ့ နာမည်မှန်သမျှကို ပြောင်းပစ်ဖို့ ကြိုးစားတော့တာပဲ။ Bombay ကနေ Mumbai ။ Bangalore ကနေ Bengaluru စသဖြင့် ပေါ့လေ။ အားလုံး သိပြီးသားနေမှာပါ။
အာဖရိကနိုင်ငံတွေလည်း ထူးမခြားနားပဲ။ အရင် အင်္ဂလိပ်တွေ တန်ခိုးထွားတုန်းက လူသိများခဲ့တဲ့ Rhodesia ဆိုရင် လွတ်လပ်ရေးရတာနဲ့ Zimbabwe လို့ ပြောင်းလိုက်တယ်။ ဘိုးဘွားပိုင်နာမည်လို့ ပြောတာပဲ။ Democratic Republic of Congo က 1971 မှာ Zaire လို့ နာမည်ပြောင်းတယ်။ ၂ရ နှစ်ကြာပြီးတော့ အခု Congo ပြန်ဖြစ်သွားပြီ။ ဘာ့ကြောင့်မှန်းတော့ မသိဘူး။ Ivory Coast ကလည်း မူရင်း အင်္ဂလိပ်လိုခေါ်ရာကနေ ပြင်သစ်လို ပြောင်းလိုက်တယ်။ Côte d'Ivoire တဲ့။
Philippines လည်း သူ့ဒုက္ခနဲ့သူပဲ။ နှစ်ပေါင်း ၅၀၀ နီးပါး လူသိများခဲ့တဲ့ Philippines ဆိုတဲ့ နာမည်ကို စပိန်နယ်ချဲ့တွေက ပေးခဲ့တာပါ။ ၁၆ ရာစုတုန်းက ဒီကျွန်းစုကို သိမ်းပိုက်ခဲ့တဲ့ စပိန်ဘုရင် Philip II ကို အမှတ်တရ ဂုဏ်ပြုထားတဲ့ နာမည်တဲ့။ ဒီတော့ သူတို့လည်း လက်ရှိနိုင်ငံနာမည်ကို Maharlika လို့ ပြောင်းပစ်ဖို့ ကြိုးစားနေတာ ကြာပြီ။ စပိန်နယ်ချဲ့တွေလက်အောက် မရောက်ခင်တုန်းက ရိုးရာနာမည်လို့ ပြောတာပဲ။ Warrior လို့ အဓိပ္ပါယ်ရတယ်။ ဒါပေမယ့် ဒီလိုပြောင်းဖို့ကြိုးစားတိုင်း ဆင်ဖိုးထက်ချွန်ဖိုးကြီးနေလို့ လက်လျှော့နေရပုံပဲ။
ဘယ်တိုင်းပြည်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် အတိတ်ရဲ့ အရိပ်ဆိုးတွေအောက်က ရုန်းထွက်ချင်တာ သဘာဝပဲ။ ဒါပေမယ့် လက်တွေ့ကျကျ အကျိုးအမြတ်ကို အချိန်ယူစဉ်းစားသင့်တယ်။ ဒီထက်ပိုပြီး အာဏာရူးတွေရဲ့ လှည့်ကွက်ထဲ မျောပါမသွားဖို့ အရေးကြီးတယ်။ နောက်ဆုံး နိုင်ငံနာမည်သာ ပြောင်းသွားတယ်။ နိုင်ငံသားတွေကတော့ ဆင်းရဲတွင်းနက်တုန်းပဲ။ အရင်ကထက်တောင် ပိုဆိုးသွားတဲ့ သာဓကတွေလည်း ရှိတယ်။
Mombai အကြောင်းစာအုပ် ကိုးအုပ်ရေးပြီး ကမ္ဘာကျော်ခဲ့တဲ့ စာရေးဆရာ Sharada Dwivedi က ဒီနာမည်ပြောင်းဇာတ်လမ်းတွေရဲ့ နောက်ကွယ်က မရင့်ကျက်တဲ့ နိုင်ငံရေးအမြင်တွေကို ဝေဖန်တယ်။ “တကယ်တော့ ဒီနာမည်တွေက တိုင်းသူပြည်သားတွေရဲ့ အမှတ်တရဖြစ်ရပ်တွေကို ကိုယ်စားပြုတယ်။ သူတို့ ကျော်ဖြတ်ခဲ့ရတဲ့ သမိုင်းကြောင်းပဲ။ ဘိုးဘွားအမွေအနှစ်လို့ ပြောရင်လည်းဖြစ်တယ်။ နှစ်ပေါင်း ၃၀၀ လောက်သက်တမ်းရှိတဲ့ သမိုင်းကြောင်းကို နာမည်လေးပြောင်းရုံနဲ့ ပိုကောင်းအောင် လုပ်လို့ဘူး။ အဲဒါ မျိုးချစ်စိတ်မဟုတ်တာ သေချာတယ်။ နိုင်ငံရေးစတန့်ထွင်တာပါ” လို့ သူ့အမြင်ကို ပြောပါတယ်။
တလောက Singapore ကျွန်းကို ခဏရောက်တယ်။ Victoria လမ်းမပေါ် ဥဗဟိုပြုသွားနေတဲ့ Bus တွေလည်း သူ့တာဝန်နဲ့သူ အရင်အတိုင်းပဲ။ Havelock ၊ Mountbatten နဲ့ Raffles လမ်းတွေဆိုရင် ပိုပြီးတောင် အသက်ဝင်လာသလို ရှိတယ်။ Hong Kong ကျွန်းကိုလည်း သွားကြည့်ပါဦး။ Victoria Park Road ၊ Old Bailey Street နဲ့ Aberdeen Tunnel စသဖြင့်ပေါ့။ လမ်းနာမည်တွေ ဘာတစ်ခုမှ မပြောင်းသေးဘူး။ ဒါပေမယ့် အရေးပါအရာရောက်တဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့ အတော်သိသာတယ်။
အားကိုးစရာ သယံဇာတဆိုလို့ မရှိသလောက်ရှားတဲ့ ကျွန်းနိုင်ငံလေးတွေ။ ဒါပေမယ့် မျက်မှောက်ခေတ် အာရှစီးပွားရေးရဲ့ ဗဟိုချက်တွေ ဖြစ်နေပြီ။ သူတို့နှစ်နိုင်ငံလုံး ကိုလိုနီစနစ်ရဲ့ ဆိုးမွေကောင်းမွေအားလုံးကို ကျေကျေနပ်နပ်နဲ့ လက်ခံပြီး ကောင်းသထက်ကောင်းအောင်ပဲ အာရုံစိုက်ကြတယ်။ တိုးတက်ရာ တိုးတက်ကြောင်း ရုန်းကန်ရလွန်းတော့ နာမည်ပြောင်းဖို့ကိစ္စကို မေ့နေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့မှာ နာမည်ပြောင်းရလောက်အောင် ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းအခြေခံ မရှိခဲ့လို့လား။ ကျွန်တော် တွေးကြည့်နေတုန်းပဲ။
(William Ecenbarger ရဲ့ Goodbye Madras ကို အဆင်ပြေသလို Translate လုပ်ထားတာပါ။)