Monday, February 23, 2009
အလှမက်တဲ့ “စ”လုံးတွေ
အလုပ်တွေကလည်း ပြုတ်လိုက်ကြတာ တဖြုတ်ဖြုတ်။ တိုင်းပြည်စီးပွါးရေးကလည်း အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီ။ ဒါပေမယ့် “စ”လုံး (၁၀)ယောက်မှာ (၇)ယောက်က အလှကုန်ပစ္စည်းတွေ ၀ယ်သုံးလို့ ကောင်းတုန်း၊ အလှပြင်ဆိုင်တွေမှာ ၀င်ဖြုန်းလို့ ကောင်းတုန်းပဲ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုကနေ သိရတာပါ။
BeautyAsia 2009 ကုန်စည်ပြပွဲကို စီစဉ်သူတွေဆီက ရတဲ့ စစ်တမ်းတစ်ခုရှိပါသေးတယ်။ စစ်တမ်းအရ မေးခွန်းနှစ်ခုမေးတိုင်း တစ်ခုမှာ “စ”လုံးတွေအနေနဲ့ ကိုယ့်ကိုကိုယ် လှအောင်ပြင်ဖို့ အနည်းဆုံး တစ်လကို ဒေါ်လာ(၅၀)လောက် သုံးမယ်လို့ ပြန်ဖြေတယ်။ တတိယအုပ်စုကတော့ အသုံးအစွဲလျှော့ဖို့ ကြိုးစားနေသူတွေပါ။ ဒါပေမယ့် အလှအပနဲ့ပတ်သက်လာရင် လျှော့လို့မဖြစ်သေးဘူးလို့ ပြောပါတယ်။
“ကျွန်မတို့ စင်ကာပူနိုင်ငံသားတွေအတွက် အလှအပက ဒီလောက်အရေးကြီးမှန်း ကျွန်မကိုယ်တိုင်တောင် မစဉ်းစားမိဘူး ”လို့ ပြပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ Gillian Loh က မှတ်ချက်ပေးပါတယ်။
အလှအပနဲ့ပတ်သက်လို့ အကြောင်းမဲ့ဈေးဝယ်ထွက် ပိုက်ဆံဖြုန်းတယ်ဆိုတဲ့ အယူအဆက လူဦးရေ (၄.၆)သန်းနဲ့ မြို့ပြနိုင်ငံလေးအဆင့်မှာ ကျန်ခဲ့ပါပြီ။ Orchard Road ပေါ်က ကုန်တိုက်ကြီးတွေထဲဝင်ပြီး အလှကုန်ကောင်တာရှေ့မှာ တိုးကျိတ်ဝယ်ရတာမျိုးဟေ့လို့ ပြောရင် ဒီနေ့ခေတ်ကလေးတွေက ရယ်ကြဦးမယ်။
“အများစုအနေနဲ့ ဒါကို လျှပ်ပေါ်လော်လီတယ်ဆိုတာမျိုးထက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလို့ ယူဆကုန်ကြပြီ”လို့ Gillian က ပြောပါတယ်။
အခု စစ်တမ်းတွေအတိုင်းဆိုရင် ဘောဂဗေဒပညာရှင်တွေ ပြောလေ့ပြောထရှိတဲ့ "lipstick factor" ကို အတည်ယူရမလိုဖြစ်နေပြီ။ စီးပွါးကျလို့ ငွေကျပ်ပြီး ဇိမ်ခံပစ္စည်းတွေ မ၀ယ်နိုင်တဲ့နောက် အလှကုန်လို တန်ဖိုးနည်းတာလေးတွေနဲ့ စိတ်ဖြေကြရတာမျိုးပေါ့။ ခေတ်အဆက်ဆက် ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီး ရှိခဲ့ဖူးတယ်။
စင်ကာပူအစိုးရကတော့ နေ့စဉ်နဲ့အမျှ သတိပေးနေတာပဲ။ တိုင်းပြည်စီးပွါးရေးက လာမယ့်နှစ်ထဲ (၅%)တောင် ထပ်ပြီးကျုံ့သွားဦးမယ်တဲ့။ ဒါပေမယ့် (၃၆%)သော “စ”လုံးတွေအနေနဲ့ သူတို့ရဲ့ လက်ရှိလူနေမှုပုံစံ အဆင်အတန်းအတိုင်း လာမယ့်နှစ်ထဲ ရှေ့ဆက်ချင်ပါသေးတယ်။ ဇန်န၀ါရီလတုန်းက အသက် (၁ဂ)နှစ်ကျော်တဲ့ လူတစ်ရာအပေါ် လျှပ်တပြက်ကောက်ခဲ့တဲ့ စစ်တမ်းတစ်ခုရဲ့ ရလဒ်ပါ။
နောက်ဆုံး အလှအပနဲ့ပတ်သက်ပြီး အသုံးအစွဲဆင်ခြင်မယ့် ဦးကပ်စေး၊ ဒေါ်ကပ်စေးတွေတောင်မှ ကမ္ဘာကျော်တန်ဖိုးကြီးပစ္စည်းတွေ ၀ယ်မသုံးနိုင်တဲ့တစ်နေ့ ပြည်တွင်းဖြစ်ပေါချောင်ကောင်းလေးတွေ ရှာသုံးဦးမှာတဲ့။ ကဲ၊ မှတ်ကရော။
(Ref: Beauty and Recession Only Skin Deep in Singapore Poll - Reuters)
Thursday, February 19, 2009
U.S ကို အိမ်ဝယ်ထွက်မလား
Beijing မြို့က ရှေ့နေ Ying Guohua တစ်ယောက် U.S (United States) ကို ဈေးဝယ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။ ဈေးဝယ်ထွက်တယ်ဆိုလို့ တန်ဖိုးကြီးအ၀တ်အစားတွေ၊ စိန်ရွှေ့ရတနာထည်တွေလို့ မထင်လိုက်ပါနဲ့။ အိမ်ဝယ်ဖို့ သွားတာပါ။ New York မှာဖြစ်ဖြစ်၊ Los Angeles မှာဖြစ်ဖြစ် ဒေါ်လာတစ်သန်း ပတ်ဝန်းကျင်တန်တဲ့ အိမ်တစ်လုံးဝယ်ဖို့ အစီအစဉ်ရှိပါတယ်။
U.S လို နိုင်ငံမျိုးမှာ ဒီလို အိမ်တစ်လုံး ပေါချောင်ကောင်းရဖို့ မျှော်လင့်တာ Ying တစ်ယောက်တည်း မဟုတ်ပါဘူး။ အခုလို ခေတ်ပျက်ကြီးထဲ အိမ်ခြံမြေဈေးတွေ ထိုးကျသွားတဲ့ အခွင့်အရေးကို လက်မလွတ်တမ်းယူဖို့ U.S ကို သွားနေတဲ့ တရုတ်လူမျိုးတွေ များသထက်များလာလို့ ခရီးသွားလုပ်ငန်းအေဂျင်စီတွေတောင် အလုပ်ဖြစ်ကုန်တယ် ဆိုပဲ။
“အခုအချိန်က ၀ယ်မယ်ဆို ၀ယ်လို့ အကောင်းဆုံးပဲ။ အားလုံး ငွေကျပ်နေပြီလေ။ New York နဲ့ L.A တို့လို မြို့ကြီးတွေသာဝယ်။ မကြာဘူး။ ဈေးပြန်တက်မှာ သေချာပေါက်ပဲ” လို့ Ying က ပြောပါတယ်။ တကယ်တော့ အိမ်ဝယ်တယ်ဆိုတာလည်း ရင်းနှီးမြုပ်နှံမှု တစ်ခုပဲ။ Ying အနေနဲ့ ရေရှည်ကို ကြည့်ပါတယ်။ အခုမှ (၅)နှစ်သားပဲရှိသေးတဲ့ သူသားလေး U.S မှာ တက္ကသိုလ်တက်ရင် အဆင်သင့်ဖြစ်အောင်လို့ပါ။
ပြည်မကြီးက ကျိကျိတက်ချမ်းသာတဲ့ တရုတ်သူဌေးတွေ U.S မှာ အိမ်ဝယ်တာ မဆန်းပါဘူး။ ဒါပေမယ့် အခုလို ခရီးသွားအေဂျင်စီတွေ အလုပ်ဖြစ်လောက်အောင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာတော့ စိတ်ဝင်စားစရာပဲ။ ခေတ်ကာလအခြေအနေကိုက ပြည်မကြီးက သူဌေးတွေ ပိုက်ဆံတွေ ထားစရာနေရာ မရှိအောင်ဖြစ်နေပြီး U.S က စီးပွါးပျက်နေတယ်ဆိုတော့ ဘာပြောကောင်းမလဲ။ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတွေ့သလိုပေါ့။
Pennsylvania ပြည်နယ် Pittsburgh အခြေစိုက် Fortune Group အိမ်ခြံမြေလုပ်ငန်း ဥက္ကဋ္ဌ Mr. Chen Hang ရဲ့ အဆိုအရ ၂၀၀၈ ခုနှစ်ကုန်ပိုင်းတည်းက အုပ်စုဖွဲ့ပြီး လာလိုက်တဲ့ တရုတ်လူမျိုးတွေ အခုဆို အယောက် (၁၀၀)တောင်ကျော်ပြီ ဆိုပဲ။ “အခုအချိန်မှာ အရောင်းအ၀ယ်ဖြစ်ရင် ရမယ့် အကျိုးအမြတ်ကို အမိအရဖမ်းဆုပ်ဖို့ ကြိုးစားတဲ့ ၀ယ်လက်တွေထဲ တရုတ်တွေ ထိပ်ဆုံးကပါတယ်”လို့ Mr. Chen က ပြောပါသေးတယ်။
Beijing မြို့က ရှေ့နေ Mr. Ying ကိုပဲ ကြည့်လေ။ Feb 24 ကနေ Mar 6 အထိ တစ်ခြားအကြံတူ Investor အယောက်လေးဆယ်အုပ်စုနဲ့ New York, California, Boston နဲ့ Las Vegas မြို့တွေမှာ သင့်တော်တဲ့ အိမ်ခြံမြေကွက်တွေကို လေ့လာပါလိမ့်မယ်။ ဒီခရီးစဉ်ကို Beijing အခြေစိုက် SouFun Holdings က စီစဉ်တာပါ။ SouFun အနေနဲ့ သူ့ရဲ့ခရီးသွားတွေအတွက် ဒေါ်လာသုံးသိန်းကနေ ရှစ်သိန်းအထိတန်တဲ့ အိမ်ခြံမြေတွေကို လှည့်ပတ်ပြဖို့ ခရီးစဉ်ဆွဲထားပါတယ်။
“ဒီလို ခရီးစဉ်မျိုးကို ဒီလောက် စိတ်ဝင်စားမယ်လို့ ဘယ်တုန်းကမှ ထင်မထားဘူး။ အခုတော့ အားပေးပုံက မယုံနိုင်စရာပဲ” လို့ SouFun ကုမ္မဏီရဲ့ CEO Richard Dai က ပြောပါတယ်။
“အရင်တုန်းက U.S မှာ အိမ်ဝယ်နိုင်တယ်ဆိုလို့ ပြည်မကြီးနဲ့ ဟောင်ကောင်က မင်းသား၊ မင်းသမီးတွေလောက်ပဲ ကြားဖူးတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ဒီလိုဝယ်နိုင်စွမ်းရှိတဲ့ တရုတ်လူမျိုးတွေ များသထက်များလာပြီ” လို့လည်း သူက ပြောပါတယ်။ ဒီနေခေတ်ရဲ့ တားမရတဲ့ ရေစီးကြောင်းတစ်ခုလို့ပဲ ဆိုပါစို့။ ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးရဲ့ ရေမြေအနေအထား အပြောင်းအလဲမှာ ငွေကြေးပိုလျှံတဲ့ တရုတ်ကုမ္မဏီတွေ အနေနဲ့ အိမ်ခြံမြေဈေးကွက်တင်မကပဲ တစ်ခြားရင်းမြစ် နယ်ပယ်ပေါင်းစုံမှာလည်း သူ့ထက်ငါ ဈေးပေါနှိုက်ဖို့ ကြိုးစားနေရတယ်။
ပြီးခဲ့တဲ့အပတ်ကဆိုရင် တရုတ်အမျိုးသားပိုင် Chinalco အလျူမီနီယမ် ကုမ္မဏီကြီးက ကမ္ဘာနဲ့ချီပြီး ကြွေးပတ်လည်ဝိုင်းနေတဲ့ Rio Tinto Group သတ္တုတွင်းလုပ်ငန်းမှာ ဒေါ်လာ (၁၉.၅)ဘီလီယံတောင် ရင်းနှီးမြုပ်နှံလိုက်တယ်လို့ သိရပါတယ်။ တရုတ်ပြည်ရဲ့ ပြည်ပရင်းနှီး မြုပ်နှံမှု သမိုင်းကြောင်းမှာ စံချိန်တင်ပမာဏပဲ။
အစိုးရပိုင်း ထိပ်တန်းတာဝန်ရှိသူတွေအတွက်ကတော့ ခေါင်းကျိန်းစရာပဲ။ တကယ်တမ်း ကမ္ဘာ့စီးပွါးရေးပျက်ကပ်က တရုတ်ပြည်ကို ရိုက်ခတ်တာ သူများနိုင်ငံတွေနဲ့ ယှဉ်ရင် အစွန်အဖျားလို့တောင် ပြောရင်ရတယ်။ ပြီးခဲတဲ့ နှစ်တွေထဲ ပြည်တွင်းကို လှိမ့်ဝင်ထားတဲ့ ငွေတွေကလည်း ကြောက်ခမန်းလိလိပဲ။ Boston Consulting Group ရဲ့စာရင်းအရ ကမ္ဘာပေါ်မှာ သန်းကြွယ်သူဌေး အများဆုံးနိုင်ငံတွေထဲ တရုတ်က ပဉ္စမလိုက်နေပြီတဲ့။ ၂၀၀၈ ခုနှစ် တစ်နှစ်ထဲမှာတင် သန်းကြွယ်သူဌေးတွေ ၂၀% ထိ ထပ်တိုးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ပြဿနာက ဒီလိုပါ။ ပြည်တွင်းက ဘဏ်တွေထဲ နှစ်ရှည်လများလည်ပတ်တဲ့ ငွေတွေအနေနဲ့ ပြည်တွင်းမှာပဲ ထပ်လည်စရာ အခွင့်အလမ်းတွေ ရှားကုန်ပြီ။ ကာလရှည်ကြာတက်ခဲ့တဲ့ အိမ်ခြံမြေဈေးတွေက အေးစက်ကုန်ပြီ။ ပြီးခဲ့တဲ့ နှစ်တွေထဲ ဆောင့်တက်ခဲ့တဲ့ စတော့ရှယ်ယာဈေးတွေကလည်း အမြင့်ဆုံးမှာ ခေါင်ခိုက်နေပြီ။ နောက်ဆုံးတော့ ဒီငွေတွေအနေနဲ့ ပြည်ပက အခွင့်အလမ်းတွေကိုပဲ အားကိုးရတော့မယ်။ ၂၀၀ဂ ခုနှစ်ရဲ့ နောက်ဆုံး (၃)လထဲမှာတင် တရုတ်ပြည်တွင်းက ပြန်ထွက်သွားတဲ့ ငွေကြေးပမာဏ ဒေါ်လာဘီလီယံ ဆယ်ဂဏန်းရှိမယ်လို့ စီးပွါးရေးပညာရှင်တွေက ခန့်မှန်းထားကြတယ်။
U.S ဆိုတဲ့ နိုင်ငံမှာလည်း ရောင်းစရာတွေက တစ်ပုံတစ်ပင်ပဲ။ အိမ်ခြံမြေဈေးကွက်ထဲမှာတင် ၂၀၀၈ ဒီဇင်ဘာလကုန်အထိ ရောင်းမစွံတဲ့ အိမ်ပေါင်း (၃.၆၇) သန်းနီးပါးတောင်ရှိသတဲ့။ ဒီတော့ ရေရှည်မှာ ဘယ်ဘက် ဘယ်လိုအမြတ်ထုတ်သွားမလဲ။ စောင့်ကြည့်ကြတာပေါ့။
လတ်တလော တရုတ်ဝယ်လက်အများစု အနေနဲ့ ပြဿနာက U.S ဈေးကွက်ကို သိပ်ပြီးအကျွမ်းတ၀င် မရှိလှဘူး။ ဒီတော့ U.S က နီးစပ်ရာ နယ်ခံတရုတ်လူမျိုးချင်းပဲ အားကိုးရတယ်။ သေချာတာက U.S ရေမြေကိုကျွမ်းတဲ့ တရုတ်လူမျိုးပွဲစားတွေ အလုပ်ဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားရင် လာသာလာခဲ့။ လိုအပ်သမျှ လိုလေသေးမရှိအောင် စီစဉ်ပေးမယ်ဆိုပဲ။
ခရီးစရိတ်ကိုလည်း ပေါ့သေးသေးလို့ မထင်လိုက်ပါနဲ့။ ဒေါ်လာ ၂၂၀၀ အထက်မှာရှိတယ်။ သာမန်တရုတ်နိုင်ငံသား တစ်ယောက်ရဲ့ တစ်နှစ်စာဝင်ငွေနီးပါးပဲ။ ဒါတောင် လေယာဉ်ခ မပါသေးဘူး။ နောက်ပြီး ဒီခရီးစဉ်နဲ့ လိုက်မယ့်သူတွေအားလုံး ပြည်တွင်းမှာတင် အိမ်တစ်လုံး၊ ကားတစ်စင်းနဲ့ တစ်နှစ်ဝင်ငွေ ဒေါ်လာသုံးသောင်းအထက်မှာ ရှိတဲ့အကြောင်း အထောက်အထားပြဖို့ လိုပါတယ်။
တရုတ်ပြည်တောင်ပိုင်း Changsha က ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကတော့ ဒေါ်လာငါးသိန်းကနေ တစ်သန်းအထိတန်တဲ့ အိမ်တွေလိုက်ကြည့်ဖို့ (၁၀) ရက်စာခရီးစဉ်အတွက် ဒေါ်လာ သုံးထောင့်ငါးရာ အကုန်ခံလိုက်တာ ခရီးဆုံးတော့ အလုပ်ဖြစ်သွားတယ် ဆိုပဲ။ California ပြည်နယ် Silicon Valley မှာ စိတ်ကြိုက်အိမ်တစ်လုံး တွေ့တယ်။ အသက် (၂၀)အရွယ် သူ့သမီး တက္ကသိုလ်ကျောင်းသူလေး နေရေးထိုင်ရေး အဆင်ပြေစေဖို့ ၀ယ်ဖြစ်သွားတာတဲ့။
“ကျွန်တော့်သမီးအတွက် အိမ်လခက တစ်လကို ဒေါ်လာတစ်ထောင်လောက် ကျတယ်။ နောက်ဆုံး အိမ်ဝယ်ရင်ကောင်းမလား စဉ်းစားမိတာပဲ။ ပိုက်ဆံတွေကို အလကား ပေးပစ်နေရတာထက်စာရင် အိမ်ဝယ်ထားတာက အကျိုးအမြတ်ပြန်ပြီး မျှော်ကိုးလို့ရသေးတယ်”လို့ သူက ပြောပါတယ်။
သူ့အဆိုအရ ၂၀၀၇ ခုနှစ်တုန်းက ဒေါ်လာ ၁.၃ သန်းအထိ ပေါက်ဈေးရှိခဲ့တဲ့အိမ်တွေ အခုဆို ဒေါ်လာတစ်သန်းပဲ တန်တော့တယ်တဲ့။ “အိမ်ဈေးတွေ ကျကုန်ပြီ။ ပတ်ဝန်းကျင်ကောင်းကောင်း၊ ဆိတ်ငြိမ်ရပ်ကွက်မျိုးဆိုလို့ကတော့ လုံး၀၀ယ်သင့်တယ်” သူက ပြောပါသေးတယ်။
ကဲ။ Blogger မိတ်ဆွေတွေရော ဘယ်လိုလဲ။ ဒီနေ့မဟုတ်တောင် တစ်နေ့တော့ ၀ယ်နိုင်ကြပါစေဗျား။
(Ref: Chinese buy up US homes - AP)
Subscribe to:
Posts (Atom)

