ဘယ်သူက စပြီး ဘယ်တုန်းက တူးဖော်တွေ့ရှိတယ်လို့ မပြောတတ်ဘူး။ ဇောက်နက်တဲ့ ဖန်ခွက်တခွက်ထဲ ရေခဲများများထည့်၊ Scotch Whiskey နည်းနည်းလောင်း၊ Green Tea လက်ဖက်ရည်ကြမ်းနဲ့ အနေတော်စပ်လိုက်ရင် အတော်ကောင်းဆိုပဲ။ သောက်လေသောက်လေ ငတ်မပြေတဲ့။ (စမ်းကြည့် ကြတာပေါ့။)
တရုတ်ပြည်တလွှားက အရက်ဘားတွေ၊ ကာရာအိုကေခန်းတွေနဲ့ နိုက်ကလပ်တွေထဲတော့ ဒီလိုပုံစံမျိုးစပ်ပြီးသောက်တဲ့ဓလေ့က အတော်ရေပန်းစားတယ်။ အသည်းကောင်းလို့ အရက်တောင်းတာလား။ ၀င်ငွေကောင်းလို့ ရေလောင်းနိုင်တာလား။ ဖြေချင်သလိုဖြေ၊ Chivas Regal ကတော့ ဂုဏ်တုဂုဏ်ပြိုင်တစ်ခုလိုဖြစ်နေပြီ။
ညနေစောင်းတာနဲ့ Beijing မြို့ရဲ့လမ်းဘေးဝဲယာ လူမြင်ကွင်းတွေမှာ မီးထိန်ထိန်လင်းနေတဲ့ Chivas Regal ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေကို တွေ့ရလိမ့်မယ်။ 12-year-old Blend လို့ မြင်သာထင်သာရေးထားတဲ့ ဧရာမအရက်ပုလင်းပုံကြီးတွေပေါ့။ တခါတလေ Green Tea အကြမ်းရည်ဘူးတွေတောင်ပါလိုက်သေးတယ်။ လက်လက်ထနေတဲ့ ဖန်ခွက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ တခမ်းတနားပြင်ဆင်ထားပုံက ခုချက်ချင်းပြေးပြီး ၀ယ်သောက်ချင်စရာပဲ။
ပြီးခဲ့တဲ့နှစ်တွေထဲ တရုတ်ပြည်ကြီး အရှိန်အဟုန်နဲ့ တိုးတက်တော့ လူလတ်တန်းစားအလွှာလည်း သိသိသာသာ ကျယ်ပြန့်လာတယ်။ ထူးခြားချက်က ဒီလိုလူတွေ အတော်များများ ပညာတတ်တယ်။ ဗဟုသုတကြွယ်တယ်။ အနောက်တိုင်းယဉ်ကျေးမှုကို တနည်းမဟုတ် တနည်းနဲ့ အထင်ကြီးကြတယ်။ အရင်တုန်းကတော့ သူတို့လည်း ပြည်တွင်းဖြစ်ဘီယာလေးတွေ၊ ရိုးရာအရက်ကလေးတွေနဲ့ အာသာဖြေခဲ့ရတာမျိုး။ အခုတော့ စိတ်ကြိုက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ပွင့်ကုန်ပြီ။
၂၀၀၆ ခုနှစ်မှာ တရုတ်ပြည်ဟာ ကမ္ဘာ့ဝီစကီအသောက်ဆုံး (၁၀)နိုင်ငံစာရင်းထဲ ခုန်ပျံကျော်လွှားပြီး ၀င်လာတယ်။ တစ်နှစ်အတွင်း ဒေါ်လာ (၁၁၄)သန်းဖိုး ၀ီစကီပေါင်းစုံကို ပြည်ပကတင်သွင်းခဲ့ရတယ်လို့ Scotch Whiskey Association က ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။ Chivas Regal ကတော့ တရုတ်ပြည်ရဲ့ ယာမကာဈေးကွက်ကို မင်းမူလာတာ (၅)နှစ်ကျော်ပါပြီ။ တရုတ်ပြည်မှာ ထူးထူးခြားခြားအောင်မြင်ခဲ့လို့ ၂၀၀၇ ခုနှစ်မှာ Chivas ဟာ (၁၂)ပုလင်းဝင် စက္ကူဖာပေါင်း (၄.၄)သန်းနဲ့ သူ့သက်တမ်းတလျှောက် အရောင်းစံချိန်တင်နိုင်ခဲ့တယ်။ Chivas အနေနဲ့ တရုတ်ပြည် ယမကာလောကမှာ သူနဲ့ ယှဉ်စရာဆိုလို့ Hennessy ပဲကျန်တော့တယ်လို့ သိရပါတယ်။
Scotch Whiskey ဆိုပေမယ့် Chivas ကို Pernod Ricard ဆိုတဲ့ ပြင်သစ်ကုမ္မဏီတစ်ခုက လက်ရှိပိုင်ပါတယ်။ စစ်ပြီးခေတ် ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းတော့ U.S လိုနိုင်ငံမျိုးမှာ ထိပ်တန်းရောက်ခဲ့ဖူးတဲ့ ၀ီစကီတစ်ခုပါ။ Frank Sinatra တို့လို ကမ္ဘာကျော်တွေတောင် Chivas ကို အမြတ်တနိုးထားပြီး သောက်ခဲ့ကြတယ်။ ဒါပေမယ့် အခု U.S မှာ Chivas ရဲ့အဆင့်က (၆၉)ပဲ ရှိတော့တယ်။ အသက်ကြီးပိုင်း Golf ၀ါသနာအိုးတွေပဲ သောက်တော့တယ်လို့ သိရပါတယ်။ U.S မှာ ဈေးကွက်မရှိတဲ့နောက် တရုတ်ပြည်မှာ ဘာ့ကြောင့်လာပြီး အောင်မြင်ရသလဲ။ စဉ်းစားစရာပဲ။
Chivas Regal ရဲ့ ကြော်ငြာတွေကြောင့်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ သူ့ရဲ့ကြော်ငြာတွေက သိပ်ပြီး နန်းဆန်လွန်းတယ်။ ခေတ်ရေစီးကြောင်းနဲ့ ဘာမှမဆိုင်ဘူး။ နောက်ဆုံး ယမကာစံနှုံးအရ ကောင်းမှန်းသိတဲ့ အမာခံပရိတ်သတ်တွေတောင် Chivas ကို ကြုံတောင့်ကြုံခဲ ပွဲလမ်းသဘင်တွေမှာမှ သောက်သင့်တဲ့ အရက်လို့ ခေါင်းထဲစွဲနေကြပြီ။
တရုတ်ပြည်ကို WTO က ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းတွေကိုလျှော့ပေါ့ပေးလိုက်တဲ့ အချိန်ရောက်တော့ Chivas လည်း အများနည်းတူ ဈေးကွက်လာရှာတယ်။ မထင်မှတ်ပဲ တရုတ်ရိုးရာ Green Tea လက်ဖက်ရည်ကြမ်းနဲ့ တွဲပြီးကြော်ငြာလိုက်တာ ဘယ်လိုအစပ်အဟပ်တည့်သွားတယ် မပြောတတ်ဘူး။ ၀က်ဝက်ကွဲအောင်မြင်သွားတယ်။ “မိုးနတ်မင်းကြီးက ပေးတဲ့လက်ဆောင်”လို့တောင် တင်စားကြတဲ့ အထိပဲ။
ဒါပေမယ့် တရုတ်ပြည်မှာ မူပိုင်ခွင့်နဲ့ပတ်သက်တဲ့ ဥပဒေတွေက အခုအချိန်ထိ မပြည့်စုံသေးဘူး။ ကုန်အမှတ်တံဆိပ်တစ်ခုကို ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ အတော်ခက်ပါတယ်။ Chivas Regal အပါအ၀င် နိုင်ငံတကာအမှတ်တံဆိပ်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။
၂၀၀၆ ခုနှစ်တုန်းက နယ်ခံ တရုတ်စီးပွါးရေး စာစောင်တစ်ခုထဲ Chivas ရဲ့ 12-year-old Blend ဟာ တကယ် (၁၂)နှစ်မပြည့်ဘူးလို့ ဖွလိုက်တာ အတော်ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ဒီစာစောင်ထဲမှာ Chivas ဟာ (၁၂)နှစ်တာကာလသက်တမ်းရှိတဲ့ ယမကာတွေရဲ့ စံချိန်စံညွန်းအတိုင်းဖြစ်ဖို့ ခေတ်ပေါ်နည်းပညာတွေနဲ့ လှည့်စားထားတဲ့အကြောင်းကို အကျယ်တ၀င့် ရေးထားတယ်။ တကယ်တမ်း တပုလင်းကို (၃)ဒေါ်လာပဲ တန်တယ်လို့လည်း ပါတယ်။
Chivas Regal ရဲ့ တာဝန်ရှိသူတွေကတော့ အခြေအမြစ်မရှိတဲ့ ကောလဟာလလို့ ပြန်ပြီးချေပတယ်။ ချက်ချင်းဆိုသလိုပဲ British Embassy နဲ့ Scotch Whiskey Association မှာ Chivas 12-year-old Blend ဟာ (၁၂)နှစ် အမှန်တကယ်ဖြစ်ကြောင်း ထောက်ခံချက်ယူတယ်။ ပြီးမှ တရုတ်တရားရုံးတက်ပြီး အဲဒီစာစောင်ကို အသရေဖျက်မှုနဲ့ တရားစွဲတော့တာပဲ။ ပြီးခဲ့တဲ့နှစ်ကတော့ အမှုနိုင်သွားတယ်လို့ ပြောတယ်။ ဒါပေမယ့် Johnnie Walker က ပွဲလန့်တုန်းဝင်ပြီး ဖျာခင်းလိုက်တာ အတော်နေရာရသွားတယ်။
Chivas အနေနဲ့ သူ့ရဲ့ရေရှည်အောင်မြင်မှုအတွက် လူလတ်တန်းစားဈေးကွက်ရဲ့ အဓိကကျပုံကို သဘောပေါက်တယ်။ ဒါပေမယ့် ဒီလူလတ်တန်းစားအလွှာထဲ Elite ဖြစ်ချင်သူတွေက တမှောင့်။ မိုးခါးရေ မသောက်ချင်တာပဲလား။ အမူးသမားချင်း ပိုထူးချင်တာလားတော့ မပြောတတ်ဘူး။ တလောကလုံး Whiskey ရောဂါထနေတာကို ကြည့်ပြီး ဒီလူသိုက်က စိတ်နှလုံးမသာမယာ ဖြစ်နေတယ်။ နောက်ဆုံး အများထက် တမူထူးအောင် အပြင်းဆော်ချင်ရင် Vodka ၊ အပျော့ဆွဲချင်ရင် Champagne နဲ့ လိုင်းပြောင်းဖို့ ကြိုးစားကြတော့တာပဲ။
ဒီလိုလူတွေများကုန်ရင် မခက်ပါလား။ Chivas လည်း တိုက်ကွက်အသစ်တွေ ထွင်ရတယ်။ Chivas 18 နဲ့ Chivas 25 ဆိုတဲ့ အဆင့်မြင့်ဝီစကီတွေကိုပါ ဈေးကွက်ထဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အရှိန်မြှင့်ပြီး ကြော်ငြာတယ်။ ဂုဏ်သရေရှိ လူကြီးလူကောင်းဆိုရင် ၀ီစကီကို ရေမရောပဲ On The Rock သောက်ရတယ်လို့လည်း အသံကျယ်ကျယ်ဟစ်ပြီး နည်းပေးလမ်းပြလုပ်တယ်။ (ချင့်ချိန်ပြီး ယုံပေါ့။ ရေမရောရင် အသေစောမယ်ဆိုလားပဲ။)
Chivas Regal အတွက် တရုတ်ပြည်ဈေးကွက်က သေရေးရှင်ရေးနီးပါး အရေးကြီးနေပါပြီ။ ဒီဈေးကွက်ကို မရမကခြေကုတ်ယူပြီး ကမ္ဘာနဲ့ချီတဲ့ အောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေရှိနေလို့ပါ။ အနာဂတ်မှာ တရုတ်ပြည်တွင်းက Chivas ပရိတ်သတ်တွေ ကမ္ဘာအနှံ ခြေဆန့်ကြဦးမှာ သေချာသလောက်ပဲ။ Chivas Regal နဲ့ Green Tea အလေ့အထကလည်း သူတို့နဲ့အတူ ကမ္ဘာကိုဖြန့်ကျက်နိုင်ပါဦးမယ်။
ကဲ ... ။ ပြောတာတွေလည်း အတော်များသွားပြီ။ ဒါတွေထားပါဦး။ ဘော်ဒါတို့ရော ဒီနေ့ည ဘာတွယ်မယ် စိတ်ကူးထားလဲ။
(Forbes Magazine ထဲ ပါတဲ့ Bottoms Up! ဆောင်းပါးကို ဆီလျှော်အောင် ပြန်ရေးထားတာပါ။)

8 comments:
ရှလွတ်.. အဲ့ သမိုင်းတွေပြောပြတာ သည်းခံနားထောင်ပြီးပြီ.. နမူနာအမြည်းလေးတော့ တစ်ဖုံးစာလောက်လေးဖြစ်ဖြစ်.. နော့် နော် နော် .. နော်လို့
ဂျီကေရှိအောင် ဖတ်သွားတယ်...။
အရေးကြီးတာလူတွေရဲ့spending powerပဲဗျ၊economy mightပဲ၊military mightမဟုတ်ဖူး။
မှတ်သားရပါတယ်။
strike က စကားတွေဘာတွေ ပြောလို့ပါလာ။ အံသြကုန်နိုင်ဘွယ်။
: မောန်ငး.. တူဒေ အစ် သ်ာစဒေဒ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
too early to think,,,,,,,,,,,,even not Friday yet
ကျွန်တော်တော့ တခါမှ Chivas ကို Green Tea နဲ့ ရော မသောက်ဘူးဖူး။
မျှဝေ တင်ပြ ပေးတာကို ခံစားပီး ထပ်သောက်သွားပါတယ်။
Post a Comment