မနက်က ထုံးစံအတိုင်း မခင်ဦးမေရဲ့ Blog ကို ရောက်သွားတယ်။ Post အသစ်တက်နေပါလား။ စိတ်ချမ်းသာတယ်တဲ့။ သစ်ပင်တွေတောင် မိုးပေါ်ပျံကုန်ပြီ။ ဓါတ်ပုံထဲက အကြောင်းအရာကိုတော့ ကျွန်တော် ချက်ချင်းမှတ်မိတယ်။ ပြင်သစ်ရုက္ခဗေဒ ပညာရှင် Patrick Blanc (ပက်ထရစ်ဘလွန့်ခ်)ရဲ့ လက်ရာပါ။ မနှစ်က သူ Australia က အပြန်၊ Singapore မှာ တထောက်နားတော့ Show ပွဲတစ်ခုလုပ်တယ်။ အဲဒီ့တုန်းက ကျန်ခဲ့တဲ့ သူ့လက်ရာလို့ ထင်ပါတယ်။ Singapore ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားနေတဲ့ အသိတယောက်က ပြောဖူးလို့ Patrick Blanc အကြောင်း ရင်းနှီးနေတာ ကြာပါပြီ။
ဒီနေ့ခေတ်မြို့ပြလူနေမှု ဘ၀ကလည်း သိတဲ့အတိုင်းပဲ။ လေးဖက်လေးတန် နံရံတွေကြားထဲ မွန်းကျပ်ပြီး သဘာဝမဟုတ်တဲ့ ဓါတ်မီးရောင်အောက်မှာ ကျင်လည်ကျက်စားရတယ်။ မြို့ပြအင်ဂျင်နီယာတွေ၊ ဗိသုကာဆရာတွေကလည်း ဒါကို သဘောပေါက်ပါတယ်။ ခက်တာက သစ်ပင်ပန်းမာန်တွေနဲ့ ဝေေ၀ဆာဆာဖြစ်ဖို့ မြေနေရာက ရှားသထက်ရှားနေပြီ။ ဘယ်နေရာကြည့်ကြည့် မိုးထိအောင်ထိုးတက်နေတဲ့ နံရံတွေကိုပဲ စိမ်းစိမ်းလန်းလန်း ဖြစ်အောင် ဖန်တီးဖို့လိုပြီ။ ဒီမှာတင် Vertical Garden (ဒေါင်လိုက်ဥယျာဉ်)၊ Green Wall (စိမ်းလန်းတံတိုင်း)နဲ့ Sky Farm (မိုးပျံတောအုပ်)တို့လို ဝေါဟာရတွေပေါ်လာတယ်။
ဘီစီ (၆၀၀)၀န်းကျင်က အရှေ့အလယ်ပိုင်း ဘေဘီလုံမှာ Hanging Garden (မိုးပျံဥယျာဉ်)ဆိုပြီး ရှိခဲ့ဖူးတယ်။ ရှေးဟောင်းကမ္ဘာအံ့ဖွယ် (၇)ပါး စာရင်းဝင်ပေါ့။ အုတ်တံတိုင်းပေါ် ကျောက်ကျိုကျောက်ကြား ပေါက်တဲ့ မြေလျှောက်နွယ်ပင်လေးတွေနဲ့ အိမ်ကို အလှဆင်တာလည်း ဥရောပနိုင်ငံတွေမှာ ကြာပါပြီ။ Singapore မှာတောင် တွေ့တယ်။ ဒါပေမယ့် ခေတ်သစ် အဆောက်အဦခိုင်ခံ့မှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အနှောင့်အယှက်မပေးပဲ စရိတ်စကသက်သာတဲ့ မိုးပျံဥယျာဉ်မျိုးကို ဖန်တီးဖို့ကတော့ အခက်အခဲရှိတယ်။
Patrick Blanc at work

Patrick Blanc at workနည်းမျိုးစုံနဲ့ ဖြစ်အောင်ကြိုးစားကြသူတွေထဲ နှာတဖျားသာပြီး လမ်းသစ်ဖောက်နိုင်သူက Patric Blanc ပါ။ သူက အဆောက်အဦ နံရံတွေမှာ သတ္တု Frame တွေ ဆင်ပြီး PVC ပိုက်တွေ တွဲတယ်။ အပေါ်ကနေ Plyamide အစကို အထပ်ထပ်ပတ်ပြီး ပန်းပင်မျိုးစုံကို စိုက်ကြည့်တာ အောင်မြင်သွားတယ်။ Vertical Garden လို့ သူပေးတဲ့ နာမည်နဲ့ပဲ လူသိများလာတယ်။ အပင်တွေအတွက် လိုအပ်တဲ့ ရေနဲ့ အဟာရကိုတော့ ဒီပိုက်တွေထဲကနေပဲ ဖြန့်တယ်။ သတ္တု Frame၊ PVC ပိုက်နဲ့ အပင်တွေ ပါမှ တမီတာပတ်လည်ကို 30kg ပဲရှိလို့ ဘယ်အဆောက်အဦရဲ့ နံရံမျိုးဆို ခံနိုင်ရည်ရှိမယ်တဲ့။ ဒီ Vertical Garden ဆိုတဲ့ Concept နဲ့ပဲ Patrick တစ်ယောက် နိုင်ငံတကာအသိအမှတ်ပြု ဂုဏ်ထူးဆောင်လက်မှတ်တွေ၊ ဆုတံဆိပ်တွေ ရလိုက်တယ်။
Paris မြို့ Eiffel Tower နားက ပြတိုက်နံရံမှာ Patrick ရဲ့ကနဦးပိုင်းလက်ရာကို တွေ့နိုင်ပါတယ်။ အလျားမီတာ (၂၀၀)ကျယ်ပြီး အမြင့် (၁၂)မီတာမြင့်တဲ့ နံရံပေါ်မှာ အပင်ပေါင်းစုံနဲ့ အလှဆင်ထားတာပါ။ ဒီလက်ရာနဲ့ပဲ Patrick ကို စပြီး လူသိများခဲ့တယ်။ (ဒီမှာ သူ့ Interview ပါ။) လက်ရှိ အိန္ဒိယ၊ ဂျပန်နဲ့ ဥရောပတခွင်မှာ သူ့လက်ရာတွေ အတော်ခေတ်စားနေပါပြီ။ Bangkok မှာတော့ Siam Paragon Shopping Center နဲ့ Emporium Bangkok မှာ သူ့လက်ရာတွေ ရှိတယ်လို့ ပြောတာပဲ။ ကြုံကြိုက်လို့ ရောက်သူများ Digital Camera ပါရင်ရိုက်ပြီး Blog ပေါ်တင်ကြပေါ့။ (အားလုံးစိတ်ချမ်းသာအောင် မြင်ကွင်းကောင်းကောင်း၊ ကြည်ကြည်လင်လင်နဲ့ ပညာကုန်ထုတ်ပြီး ရိုက်ဖို့တော့ မမေ့နဲ့။)
လက်ရှိကမ္ဘာတစ်လွှားက Landscaping နဲ့ Decoration ကုမ္ပဏီတွေအားလုံး Patrick Blanc ရဲ့ ခြေရာကိုနင်းပြီး အလုအယက်စီးပွါးရှာဖို့ ကြိုးစားကုန်ပြီ။ မြို့ပြနေရာအနှံ့မှာ စိမ်းစိမ်းစိုစိုရှိတော့မယ်။ မကြာမီလာမည် မျှော်ဆိုပဲ။ ပျော်စရာကြီးပေါ့။ (ဓါတ်ပုံတွေကတော့ Blog တကာပတ်ပြီး ခွင့်မတောင်းပဲ ယူလာတာ။ Camera ဆိုလို့ နတ္ထိ၊ 2.0 MG Pixels နဲ့ Phone အစုတ်လေးကိုပဲ အဟုတ်လုပ်ကိုင်နေရတဲ့ လူဆင်းရဲလေးမို့ ခွင့်လွှတ်ကြမယ် ထင်ပါတယ်။)

11 comments:
ရန်ကုန်မှာလုပ်လိုက်လို့ကများ မြွေပေါက်စလေးတွေ၊ပုတ်သင်ညို၊ကင်းလိပ်လျှော၊ဖားပျံပေါက်စလေးတွေ ပျော်စံရာနေရာလေးပေါ့။
မတွေ့ဘူးတာတွေ လာကြည့်သွားပါကြောင်း...
Strike ရဲ့ အတွေးကို ရယ်သွားပါကြောင်း...
ကိုစမ်းချောင်း .. ဗဟုသုတမျှဝေတာ ကျေးဇူးပါဗျား။ စိတ်ဝင်တစားဖတ်သွားတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးထဲကအိမ်မှာလဲအဲလို အပင်တွေစိုက်ထားချင်တာဗျ။ Strike ပြောသလို အကောင်ပလောင်တွေလာနိုင်တယ်နော် ..
ခွင့်လွှတ်ပါတယ်လေ.. ဒါက တစ်ဆင့်မျှဝေတာကိုး..
PB အကြောင်း မျှဝေတာကျေးဇူး..
ကိုစမ်းချောင်းပိုစ်ကလေး ကို သဘောကျလို့ ကိုယ့်ကွန်မက်ထဲကို ကူးသွားမလို့စိတ်ကူးတာ ညီလင်းဆက် ရဲ့စကားနဲ့ ငြိနေမလားဆိုပြိး မလုပ်မိတော့ဘူး။
တစ်ခါတစ်လေ မသိတာက ပိုကကောင်းတယ။် မသိလို့လုပ်မိတာပါ။ခွင့်လွတ်ပါဆိုပြီး။
http://blog.nyilynnseck.com/2009/03/copy-paste.html
တို့က အာပလာပါ။ ကိုကေတို့လို gk မရှိပါဘူး။ လေးစားပါ၏၏၏၏။
ဗဟုသုတရအောင် ဝေမျှပေးလို့ ကျေးဇူးပါပဲနော်.. strike ပြောသလို အကောင်တွေ လာမှာတော့ ကြောက်တယ်.. ခြံဝင်းနဲ့ မနေနိုင်တဲ့ အခါ ဒီလိုမျိုး လေး မြင်ရတာ စိတ်ချမ်းသာ စရာပါ..
အဆန်းပါလား။ strikeရဲ့ အတွေ့းက တစ်ခါတစ်လေ ရီစရာလိုလိုနဲ့ အမှန်တွေ။
ပုံတွေကြည့်မိတော့ မြွေလာရင် အခက်လို့တွေးမိတယ်...။strike ပြောသလိုဆို
မြွေတင်မက အခြားအကောင်ဗလောင်တွေပါ..
ကြောက်တော့ကြောက်စရာ....။
မြန်မာဗီစီဒီသီချင်း အခွေတချို့မှာ သစ်ပင်စိမ်းတွေ ဖုံးနေတဲ့ အိမ်လေးတစ်လုံးကို တစ်ခါတစ်ခါ တွေ့ဖူးတယ်။ ရန်ကုန်တစ်နေရာက ဖြစ်မယ်ထင်တယ်။ အဲဒီအိမ်လေးက အပင်တွေကတော့ ဘယ်လိုနည်းပညာနဲ့ စိုက်ထားလဲ မသိဘူး။ ရိုးရိုးနွယ်ပင်တွေနဲ့ပဲ အိမ်ကို ဖုံးအောင် စိုက်ထားတယ်လို့ ထင်တယ်။ အဲဒီအိမ်လေးအကြောင်းကို သိတဲ့သူရှိရင် ပြောပြပေးသွားပါလား။ နည်းပညာချင်း မတူပေမယ့် မြန်မာမှာလည်း အဲဒီလို အဆောက်အဦးမျိုးရှိပါတယ်ဆိုတာ သိရအောင်ပေါ့။
အခုဆို ကာဗွန်ရှော့ ချ ဖို့ လေထဲမှာ သစ်တော တွေ ဆောက်ဖို့ ဒီဇိုင်းထုတ် နေပါ ပြီ ။ ပြီးခဲ့တဲ့ တရက် နှရက် အတွင်း က တင် cable TV က bbc မှာလားcnn လား national geographic မှာလား :( လာသွားတာ တွေ့ လိုက်ပါတယ်။ ဒါပေမဲ့ အခုထိ ပြန်ရှာလို့ မတွေ့ သေးဘူး ။
:((
Post a Comment