တခါတလေ တွေးမိတွေးရာတွေထဲက အမှတ်တရတချို့ကို မှတ်တမ်းတင်ဖို့ ကြိုးစားကြည့်တယ်။ တွေးတာက တမျိုး၊ ရေးတာက တခြား၊ လိုရင်းရောက်တယ်ကို မရှိဘူး။ ဒီတော့ ကိုကေရဲ့ `တောင်တွေး မြောက်ရေး´လို့ပဲ ခေါင်းစဉ်တပ်ပါရစေ။
ဒီနှစ်သင်္ကြန် ပိတောက်တွေလှိုင်လှိုင်ပွင့်တယ်။ သင်္ကြန်အကြိုနေ့ မတိုင်ခင်တည်းက မိုးသည်းသည်းထန်ထန်ရွာလို့ပါ။ ပတ်ဝန်းကျင်တခုလုံး အတော်အေးချမ်းသွားတယ်။
မဏ္ဍပ်တွေ နည်းသွားတယ်လို့တော့ ပြောကြတယ်။ စပွန်ဆာပေးမယ်သူ မရှိလို့တဲ့။ ကိုယ်တိုင်မလည်ဖြစ်တဲ့နောက် သိပ်မသိဘူး။ လည်ချင်စိတ် ပျောက်နေတာလည်းပါလိမ့်မယ်။ ငွေစမှ မရွှင်ပဲ။
ဒါပေမယ့် သင်္ကြန်နဲ့ပတ်သက်လို့ အမှတ်တရလေးတွေရှိတယ်။ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်တို့နှစ်ယောက် သင်္ကြန်မှာ တွေ့ခဲ့တာပေါ့။ နောက်ဆုံး အတက်နေ့ တရက်တည်းရယ်။ ဒါပေမယ့် မြင်မြင်ချင်း ချစ်မိတယ်ဆိုလားပဲ။ သင်္ကြန်ပြီးတော့ လက်ထပ်လိုက်တယ်။ ရုပ်ရှင်ထဲကလိုပေါ့။ ကလေးကလား ဆန်တယ်။
မရယ်ပါနဲ့။ တကယ်ပြောတာပါ။ အာလုံး အဆင်ပြေတယ်။ သမီးတယောက်၊ သားတယောက်တောင် ရနေပြီ။
ခက်တာ ကျွန်တော်က မေ့တတ်တယ်။ `မိန်းမရေ။ တို့ ဘယ်သင်္ကြန်တုန်းက တွေ့တာလဲ´လို့ အကြိုနေ့က မေးလိုက်မိပါတယ်။ နှစ်ဆန်းတရက်နေ့အထိ စကားပြန်မရတော့ဘူး။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ အိမ်ထောင်သက်ကို မေးရင် ဦးနှောက်ကို အလုပ်ပေးပြီး အတော်ပြန်စဉ်းစားရတယ်။ သူ့မွေးနေ့ကိုလည်း ဇူလိုင်လား၊ သြဂုတ်လား၊ မှုန်ဝါးဝါးပဲ။
အဲ့လို ခေါင်းထဲ ဘာမှမရှိလို့ပဲလား။ ကလေးအဖေပုံ သိပ်မပေါက်ဘူး။ အမြဲတမ်း ပေါ့ပေါ့ပါးပါးပေါ့။
ကျွန်တော့်သမီးနဲ့ ကျွန်တော် အမြဲသွားနေကျ စတိုးဆိုင်လေးရှိတယ်။ သင်္ကြန်မတိုင်ခင် တနေ့က ကျွန်တော်သမီး ပါမသွားဘူး။ ဆိုင်က ကောင်မလေးတွေက `ဒီနေ့ အကို့တူမလေး မပါဘူးလား´တဲ့။ `ဟ။ ဘယ်က တူမတုန်း။ ကျွန်တော့် သမီးဗျ´လို့ ပြောတော့ ပြုံးစိစိလုပ်နေကြတယ်။ သိပ်မယုံဘူး။ စိတ်ဝင်စားလို့ တဖက်လှည့်နဲ့မေးတာလည်း ဖြစ်နိုင်တယ်။ နောက်တခါ ထပ်မေးရင် ဘယ်လိုဖြေသင့်လဲ။
ဟိုက်။ ရပ်တန်းက ရပ်မှ။ ကိုယ့်အကြောင်း ကိုယ်ပြန်ဖွသလို ဖြစ်နေပြီ။ အရိုအသေတန်တော့မယ်။
ဟုတ်ကဲ့။ အတာကူးတဲ့ နှစ်ဦးမှာ အားလုံးမင်္ဂလာပါ။
7 comments:
ကိုစမ်းချောင်းရေ..
ချန်းချန်းက ကျနော့်ညီမလေးဗျ..
ဟိဟိ..
နှစ်သစ်မှာပျော်ရွှင်ပါစေ..
အရာရာအဆင်ပြေပါစေ..
ဦးလေးသယ်ရင်း ဘယ်တော့ပြန်လာမှာလဲ။ သတိရနေတယ်။ နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေ။
မန်လာပါဗျို့
တောင်တွေးမြောက်တွေး ဖတ်သွားတယ်... သင်္ကြန်ဇာတ်လမ်း ပြန်ပြောပြခိုင်းရင် ဘာမှ မှတ်မိတော့မှာ မဟုတ်ဘူးထင်တယ်... မိန်းမ မွေးနေ့ မမှတ်မိတာ ထမင်း မငတ်ဘူးလား :D
နှစ်သစ်မှာ အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေ
အတက်နေ့မှာတွေ့၊ သင်္ကြန်ပြီးတော့ လက်ထပ် ဆိုတော့ ဒုန်းပျံခေတ်ပဲလို့ အတွေးရောက်တယ်။ ကိုယ့်လူက ခပ်သုတ်သုတ် လုပ်တတ်ပုံရတယ်။ ဒီလိုလူက မိန်းမ နံမည် မမေ့တာ ကံကောင်းပေါ့လို့ ပြောပြီး ချော့ပါလေ။ တူလေးတယောက် တူမလေးတယောက်အပြင် ညီမလေး(မိန်းမ)တယောက်ကိုပါ သွားလေရာ ခေါ်သွားရင် မီယာ ပြောသလို ထမင်း မငတ်ပါဘူး။ :)
်မိန်းမမွေးနေ့ကို မေ့စရာလား။ မုန်းစရာကောင်းတဲ့သူပဲ။
း)
မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ....။
** သားနဲ့ သမီးကို လူကြားထဲရောက်ရင် ဖေဖေ မခေါ်ခိုင်းပဲ ဦးဦးလို့ ခေါ်ဖို့ သင်ထားတာ မသိဘူး မှတ်လို့လား.... ဟွင်းဟွင်း
Post a Comment