Thursday, April 30, 2009
မေတ္တာလက်နဲ့ လဖက်ရည်
ကုတင်ပေါ်မှာ ဆံပင်တွေ ကျိုးတိုးကျဲတဲ၊ မျက်တွင်းဟောက်ပက်နဲ့ လူနာတယောက်ကို တွေ့တယ်။ ဖျော့တော့ကျုံလှီတဲ့ သူ့တကိုယ်လုံး အဖြူရောင် အိပ်ယာခင်းနဲ့ စောင်တွေကြားထဲ ပျောက်နေတယ်။ ရိုးတွင်းခြင်ဆီ အစားထိုးကုသခံထားရတဲ့ `လူကီးမီးယား´ဝေဒနာသည်တယောက်မှန်း ကျွန်မသိပြီးသားပါ။
အခန်းထဲ ခပ်ဖွဖွနင်းပြီး ၀င်တယ်။ `ဟယ်လို။ Mr. Jensen လားရှင်။ ကျွန်မနာမည် Hanne ။ တာဝန်ကျ သူနာပြုပါ´လို့ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်တယ်။
သူက ခေါင်းညိတ်ပြရုံပဲ။ မျက်လုံးတွေကို မှိတ်ထားတယ်။ ကျွန်မလည်း လုပ်ရိုးလုပ်စဉ်အတိုင်း သူ့ရဲ့ဆေးမှတ်တမ်းကို စစ်တယ်။ `စွပ်ပြုတ်လေးနည်းနည်းလောက် သောက်ပါဦးလား´လို့ မေးလိုက်တယ်။
သူက ခေါင်းကိုပဲ တွင်တွင်ယမ်းတယ်။ `ကျွန်တော် အိပ်ပါရစေဗျာ´တဲ့။
သိပ်မကြာဘူး။ သူ့ကို ဆေးတိုက်ဖို့ တခေါက်ပြန်ရောက်တယ်။ သူ့ပုံစံက ဆေးတလုံးခြင်းစီကို မနည်းအားယူပြီး မျိုချနေရပုံပဲ။ ပြီးတော့ ထုံးစံအတိုင်း အရုပ်ကြိုးပြတ် ပြန်လှဲနေတယ်။ သတင်းစာဖတ်ပြရမလားလို့လည်း မေးပါသေးတယ်။ သှူ့ဆီက စကားပြန်မရဘူး။
ဒီလူကို ကြည့်ရတာ အရမ်းစိတ်ပျက်အားငယ်နေပုံပဲ။ မျှော်လင့်ချက်တွေအားလုံးကို အရှုံးပေးလိုက်ပုံပေါ်တယ်။ ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူး။
မီးဖိုခန်းထဲမှာ လဖက်ရည်သွားသောက်တယ်။ ခရားကိုင်ပြီး လဖက်ရည်ငှဲ့နေတုန်း ရုတ်တရက်အကြံရတယ်။ ဒါနဲ့ လဖက်ရည်ခရားရယ်၊ ပေါင်မုန့်မီးကင်လေးတွေရယ်၊ ခွက်နှစ်လုံးကိုပါ တွန်းလှည်းပေါ် ကောက်တင်ပြီး သူ့အခန်းဆီ ပြန်လာလိုက်တယ်။
`ကျွန်မ ဒီအခန်းထဲ လဖက်ရည်သောက်လို့ ရမလားရှင်။ အနှောင့်အယှက်ဖြစ်နေမှာ စိုးလို့ပါ´လို့ ခွင့်တောင်းလိုက်တယ်။ `ကျွန်မ တီဗီသတင်းလေးလည်း ကြည့်ချင်လို့ပါ´။
`ရပါတယ်ဗျာ´ တဲ့။
ကျွန်မတီဗီကို ဖွင့်တယ်။ သတင်းကြည့်နေတုန်း သတိထားမိတော့ သူလည်း သတင်းကြည့်နေတယ်။ ဒါနဲ့ ကျွန်မလည်း စကားစကြည့်တယ်။
`ကျွန်မ ခွက်တလုံး အပိုယူလာတယ်။ လဖက်ရည်လေး နည်းနည်းလောက် သောက်ကြည့်ပါလား´။
`နည်းနည်းတော့ သောက်ကြည့်မယ်ဗျာ´ တဲ့။
ကျွန်မတို့ အချိန်အတော်ကြာအောင် စကားမပြောဖြစ်ဘူး။ သတိရလို့ လှည့်အကြည့် ကျွန်မကို ခေါင်းညိတ်ပြတယ်။ ကျွန်မ ပြန်ဖို့ အချိန်ရောက်တော့ သူမေးတယ်။ `နက်ဖြန်ရော လာဦးမလား´။
ကျွန်မ ပြုံးမိတယ်။ `လာရမှာပေါ့ရှင်။ ရှင် ကျွန်မနဲ့အတူ လဖက်ရည်သောက်မယ် ဆိုရင်ပေါ့´။
`ကောင်းလိုက်တာဗျာ။ ကျွန်တော် သောက်မှာပေါ့´။
နောက်နေ့ညမှာ သူ လဖက်ရည်နှစ်ခွက်သောက်ပြီး ပေါင်မုန့်မီးကင်တချပ်စားတယ်။ တလလုံး သူ့ပါးစပ်နဲ့ ပထမဆုံးဝါးစားတဲ့ အစာပါ။
တတိယညရောက်တော့ သူ့ဇနီးနဲ့ ကလေးတွေအကြောင်း စပြောတယ်။ စူပါမတ်ကက်တခုမှာ မန်နေဂျာအဖြစ်နဲ့ ကျင်လည်ခဲ့ရတဲ့ သူဘ၀အကြောင်း ပြောလိုက်တာ စီကာပတ်ကုံးပဲ။ သူ့နေရပ်က အခုဆေးရုံနဲ့လှမ်းလို့ မိသားစုဝင်တွေအနေနဲ့ အချိန်ပြည့်လာပြီး မပြုစုနိုင်တဲ့ အကြောင်းလည်း ပြောတယ်။ ဖြစ်ချင်တော့ သူနေတဲ့ မြို့က ကျွန်မရဲ့မွေးရပ်ဇာတိ ဖြစ်နေတယ်။
စတုတ္ထည အရောက်မှာ သူကုတင်အောက်ကို ဆင်းနိုင်ပြီ။ အခန်းထဲက ခုံလေးတလုံးပေါ်ထိုင်ပြီး စကားတွေအများကြီး ပြောဖြစ်တယ်။
ရက်တွေ သိပ်မကြာလိုက်ဘူး။ Mr. Jensen တယောက် ဆေးရုံက ဆင်းခွင့်ရတယ်။ သူ့အိမ်မှာပဲ ပြန်နားလို့ရလောက်အောင် ကျန်းမာရေးကောင်းလာပြီလေ။
နောက်ထပ်လေးလလောက်ကြာတော့ ကျွန်မလည်း ဇာတိမြို့ကို ပြန်ပြီး မိဘတွေဆီသွားလည်တယ်။ ဈေးဝယ်နေတုန်း ရုတ်တရက် အားရပါးရ နှုတ်ဆက်သံကြားတယ်။
`Hanne ။ ခင်ဗျားကို တွေ့ရတာ ၀မ်းသာလိုက်တာဗျာ´။
ကျွန်မရုတ်တရက် မမှတ်မိဘူး။ မှတ်မိတဲ့ အချိန်မှာတော့ ကျွန်မအရမ်းအံ့သြသွားတယ်။ ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်စရာ။ Mr. Jensen ပါလား။ သူမှ သူအစစ်ပဲ။ ကျန်းမာသန်စွမ်းတဲ့ လူတယောက်အဖြစ်နဲ့ ပြန်တွေ့တာ။ သူ ကျွန်မကို ၀မ်းသာအားရပြေးဖက်တယ်။ သူဇနီးနဲ့လည်း မိတ်ဆက်ပေးတယ်။
`ကိုယ် အမြဲပြောတဲ့ Hanne ဆိုတာ သူလေ´။
ဒီထက်ပိုပြီး သူထပ်ခါတလဲလဲ ပြောသွားတဲ့ စကားလေးတခွန်းကို ကျွန်မတသက်လုံး မေ့နိုင်မယ် မထင်ဘူး။
`သူပေါ့။ ကိုယ့်အသက်ကို လဖက်ရည်တခွက်နဲ့ ကယ်ခဲ့တာ´တဲ့။
(RD ထဲက Tea and Sympathy ဆိုတဲ့ Story လေးကို ဘာသာပြန်ကြည့်တာပါ။)
Subscribe to:
Post Comments (Atom)

8 comments:
30 Apr 09, 09:07 PM
ုkom: နားလည်မှူ။ စာနာမှူ။ အကြင်နာ။ အပြုံး။ တွေ လိုအပ်တယ်။
30 Apr 09, 09:07 PM
ုkom: ဖတ်တယ် မမန့်တတ်ဘူု.ူ ကောင်ပါတယ်။ စာနာစိတ်ကလေး။ ရှိတာ . နညးလဘ်မှူ.
ဖတ်လို့ကောင်းပါသည်။ သေချာဖတ်ပြီး ထပ်ရေးဦးမယ်
ပြောချင်နေတယ် စကားလုံးရှာမရဘူး..
နက်ဖြန်မှ လက်ဖက်ရည် ထပ်လာသောက်တော့မယ်..
အဲဒီလက်ဖက်ရည်လေး နည်းနည်းတိုက်ပါ။
မေတ္တာတရားရဲ့ အစွမ်းပါ။ အားကျလိုက်တာ။
ကြည်နူးစရာ...
ကိုယ့်ဦးလေးတယောက် ပြီးခဲ့တဲ့လကပဲ လူကီးမီးယားနဲ့ ဆုံးသွားတယ်... သိတဲ့အချိန်ကစလို့ ဆုံးတဲ့အချိန်ဟာ ၂ ပတ်ပဲကြာလိုက်ပါတယ်...
သူနာပြုဆရာမရဲ့ ကြင်နာတဲ့ နှလုံးသားနဲ့ လဖက်ရည်သောက်ရဖို့ ဝေးစွ... မသွားမဖြစ် သွားရတဲ့၊ မတက်မဖြစ်တက်ရတဲ့ ဆေးရုံကြီးက အပေါက်စောင့်ကစပြီး စာရေး စာချီလေးတွေ သူနာပြုတွေရဲ့ အော်ဟစ် ငြူစူ ဆူပွက်သံတွေကြားထဲမှာပဲ...
တို့ကတော့ အောက်ကပုံပဲကြိုက်တယ်...
မမီယာပြောသလိုပါပဲ။မေတ္တာတရားရဲ့ အစွမ်းပေါ့။
Post a Comment