Sunday, December 20, 2009
ဝတ္ထုတို ဘာသာပြန် - Fat And Thin (Anton Chekhov)
ဝသူနှင့် ပိန်သူ
သူငယ်ချင်းနှစ်ယောက် - တယောက်က လူဝကြီး၊ နောက်တယောက်က လူပိန်လေး - နီကိုလက်ဗ်စကီး ဘူတာတွင် ဆုံကြသည်။ လူဝကြီးက ဘူတာရုံတွင်း၌ပင် နေ့လည်စာကို သုံးဆောင်ပြီးစ ရှိသေးသည်။ သူ့နှုတ်ခမ်းများက အဆီတ၀င်းဝင်း၊ ချယ်ရီရောင်တောက်နေသည်။ သူ့ထံမှ အကောင်းစားအရက်နှင့် ပြင်သစ်ရေမွှေးနံ့ သင်းပျံ့သည်။ လူပိန်လေးက ရထားပေါ်မှ အဆင်း . . . ၊ အ၀တ်သေတ္တာ၊ လက်ဆွဲအိတ်နှင့် ကဒ်ထူပုံးများကို မနိုင်မကန်သယ်လာသည်။ သူ့ထံမှ ၀က်ပေါင်ခြောက်နှင့် ကော်ဖီကြမ်းနံ့တို့ လှိုင်လှိုင်ရသည်။ မေးစေ့ချွန်ချွန် ပိန်ပိန်ပါးပါး မိန်းမတယောက်နှင့် မျက်လုံးတဖက် အညိုအမဲစွဲနေသော ကလန်ကလား ကျောင်းသားလေး တယောက်တို့က နောက်မှလိုက်လာသည်။
“ဟေ့။ ပေါ်ဖရီ။” လူဝကြီးက လူပိန်လေးကို အတွေ့ . . . ၊ လှမ်းခေါ်သည်။ “ဟေ့ကောင်။ သူငယ်ချင်း။ တို့နှစ်ယောက် မတွေ့တာ ဘယ်လောက်တောင် ကြာပြီလဲ။”
“သူတော်ကောင်း မစလို့ . . . ။” လူပိန်လေးကလည်း တအံ့တသြ လှမ်းအော်သည်။ “မီရှာ။ ငယ်ငယ်တုန်းက သူငယ်ချင်း။ မင်း ဘယ်က ဆင်းလာတာလဲ။”
သူငယ်ချင်းနှစ်ယောက်တို့ သုံးကြိမ်သုံးခါ ပွေ့ဖက်နမ်းရှုံသည်။ မျက်လုံးအိမ်၌ မျက်ရည်တို့လည်လျှက် တဦးကိုတဦး အချိန်အတော်ကြာအောင် စိုက်ကြည့်သည်။ သူတို့နှစ်ဦးလုံး ကိုယ်စီကိုယ်ငှ အံ့သြ၀မ်းသာမှုများနှင့် အခိုက်အတန့် မှင်သက်သွားသည်။
“မောင်ရင်လေး။” လူပိန်လေးက စကားစသည်။ “မထင်ဘူးကွာ။ အံ့သြစရာပဲ။ ငါ့ကိုလည်း ကြည့်စမ်းပါဦး။ ဘယ်လောက်ခန့်ညားလဲ။ တွေ့တယ်နော်။ ပိန်ပိန်ပါးပါး၊ သွက်သွက်လက်လက်နဲ့ ငယ်ဂုဏ်မပျောက်သေးဘူးကွ။ မင်းရော ဘယ်လိုလဲ။ အဆင်ပြေရဲ့လား။ မိန်းမရော ရပြီလား။ ငါကတော့ တွေ့တဲ့အတိုင်းပဲဟေ့။ မိန်းမရနေပြီ။ . . . ။ ဒါက ငါ့မိန်းမ လွစ်။ ဗန်ဆင်ဘတ် မျိုးရိုးပေါ့။ . . . ။ ဂျာမန်သွေး စပ်တယ်နော်။ . . . ။ ဒါက ငါ့သား နာဖညှာ။ သုံးတန်းရောက်ပြီကွ။ သားရေ။ ဒါ ဖေ့ဖေ့ ငယ်သူငယ်ချင်း။ သားတို့အရွယ်တုန်းက ကျောင်းအတူသွားခဲ့တာပေါ့။”
သားဖြစ်သူက အနည်းငယ် ခေါင်းရှုပ်သွားဟန်ဖြင့် ဦးထုတ်ကိုချွတ်သည်။
“ငယ်ငယ်တုန်းက ကျောင်းသွားဖော်ပေါ့။” လူပိန်လေးက စကားဆက်ပြန်သည်။ “မင်းကို ငါတို့ပေးထားတဲ့ နာမည်ပြောင် မှတ်မိသေးလား။ ဟယ်ရိုစထရေးတပ်စ်တဲ့။ စီးကရက်ခိုးသောက်ရင်း ဖတ်စာအုပ်ကို ထိုးမိပြီး မီးပေါက်သွားလို့လေကွာ။ ငါနာမည်ကတော့ ယူဖရေးတီးစ်တဲ့။ ဟဲဟဲ။ ငါက အပြောအဟောကောင်းတာကိုးကွ။ . . . ။ အခုလည်း အရင်အတိုင်းပါပဲ။ . . . ။ သားရေ။ အဲဒီလို မရှက်ရဘူးလေကွာ။ ဦးဦးနားကို သွား။ ဒါက ငါ့မိန်းမ။ ဗန်ဆင်ဘတ် မျိုးရိုးပေါ့။ ဂျာမန်သွေးစပ်သကွ။ . . . ။”
သားဖြစ်သူက အနည်းငယ် ခေါင်းရှုပ်သွားဟန်ဖြင့် အဖေဖြစ်သူကို ကွယ်၍ပုန်းသည်။
“၀မ်းသာတယ်ကွာ။ တခြားရော ဘာတွေထူးသေးလဲ။” လူဝကြီးက လှိုက်လှိုက်လှဲလှဲမေးသည်။ “အစိုးရ၀န်ထမ်းပဲလား။ ဘယ်အဆင့်တွေ ရောက်ကုန်ပြီလဲ။”
“ဒီလိုပေါ့ မောင်ရင်လေးရာ။ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး အကောက်ခွန်ရာဖြတ်ပေါ့။ စတန်နီဆလက် တံဆိပ်လေးတော့ ရလိုက်သကွ။ လခမကောင်းဘူးကွာ။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ငါ့မိန်းမက ဂီတသင်တန်းပေးတယ်။ ငါကလည်း သစ်သား စီးကရက်ဘူးတွေ လုပ်ရောင်းပြီး တဖက်တလမ်းက ငွေရှာတယ်။ အကောင်းစား စီးကရက်ထည့်တဲ့ ဘူးတွေနော်။ တဘူးရောင်းရင် တရူဘယ်လ်ရတယ်။ ဆယ်ဘူးအထက် ယူရင်တော့ နည်းနည်းပါးပါး လျှော့ပေးရတာပေါ့။ အဆင်ပြေပါတယ်။ မင်းသိတဲ့အတိုင်းပဲ ငါ့အလုပ်က စာရေးလေကွာ။ ဒါပေမဲ့ အခု အရင်ဌာနမှာပဲ ရုံးအုပ်ရာထူးတိုးပြီး ဒီကို ပြောင်းရတယ်။ ဒီမှာပဲ နေရတော့မယ်။ မင်းရော ဘယ်လိုလဲ။ မဟုတ်မှ လွဲရော။ အရပ်ဖက် ရှေ့နေလေးတော့ ဖြစ်လောက်ပြီ။ ဟုတ်တယ်နော်။”
“မဟုတ်ဘူး မောင်ရင်လေး။ အဲဒီ့ထက် မြင့်တယ်။” လူဝကြီးက ပြန်ပြောသည်။ “အစိုးရအတိုင်ပင်ခံ ဖြစ်နေပြီကွ။ ကြယ်နှစ်ပွင့်ပေါ့။”
လူပိန်လေးတကိုယ်လုံး အခိုက်အတန့် သွေးဆုတ်၍ ကြက်သေသေသည်။ သို့သော် ချက်ချင်းဆိုသလို ပါးပြင်ပေါ်မှ အကြောအခြင်ပေါင်းစုံတို့ စွေ့စွေ့ခုန်လျှက် ဖြီးနေအောင် ပြုံးတော့သည်။ အရောင်တလက်လက်ထွက်လာသော မျက်လုံးများကြောင့် မျက်နှာတခုလုံး ၀င်းပသွားသည်။ ခုန်ဆွခုန်ဆွနှင့် ဂဏာမငြိမ်ဖြစ်နေရာမှ ရို့ရို့ကျိုးကျိုးနှင့် တကိုယ်လုံး ကျုံဝင်သွားပြန်သည်။ . . . ။ အ၀တ်သေတ္တာ၊ လက်ဆွဲအိပ်နှင့် ကဒ်ထူပုံးများပါ သူနှင့်လိုက်၍ ကျုံဝင်သွားသယောင် ရှိသည်။ မိန်းမဖြစ်သူ၏ မေးစေ့လည်း ပို၍ ချွန်မြလာသည်။ သားဖြစ်သူက သူ့ကိုယ်သူ သတိအနေအထားပြင်၍ ယူနီဖောင်းကျယ်သီးများကို တပ်တော့သည်။
“အမတ်မင်းရယ်။ ကျွန်တော်မျိုး . . . ။ ၀မ်းသာလိုက်တာဗျာ။ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ငယ်ငယ်တုန်းက သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး တယောက်က အခုလို ရာထူးရာခံတွေနဲ့ ခမ်းခမ်းနားနား ပုဂ္ဂိုလ်ကြီး ဖြစ်နေတယ်ဆိုတော့။ ဟီးဟီး။”
“မဟုတ်ဘူးလေကွာ။ မဟုတ်ဘူး။” လူဝကြီးက ပြာပြာသလဲ ပြန်ပြောသည်။ “ဘာဖြစ်လို့ အသံတွေ ပြောင်းသွားရတာတုန်း။ မင်းနဲ့ ငါနဲ့က ငယ်သူငယ်ချင်းတွေလေကွာ။ ဒီလို ရုံးတွင်းစည်းကမ်းတွေနဲ့ အရိုအသေပေးစရာ မလိုပါဘူး။”
“ကောင်းကင်ဘုံက ကြင်နာပါစေ အမတ်မင်းရယ်။ ငါ ဘာတွေပြောမိပါလိမ့်။” လူပိန်လေးက သူ့ကိုယ်သူ တီးတိုးရေရွှတ်ရင်း ပို၍ ဂနာမငြိမ်ဖြစ်လာသည်။ “အမတ်မင်းလို လူမျိုးက ကျွန်တော်မျိုးပေါ် အခုလို ဂရုတစိုက်ရှိလို့ ဂုဏ်ယူမိပါတယ်။ . . . ။ အမတ်မင်း ခင်ဗျ။ ဒါက ကျွန်တော့်မျိုးရဲ့သား နာဖညှာ. . . ။ ဒါက ကျွန်တော့်မျိုးရဲ့မိန်းမ လွစ်။ ဂျာမန်သွေးပါတယ်ဆိုပေမဲ့ မဆိုစလောက်ပါခင်ဗျ။”
လူဝကြီးက ရှင်းပြဖို့ ကြိုးစားသေးသည်။ သို့သော် လူပိန်လေး၏ မျက်နှာပေါ်မှ အချိုသကာဆမ်းသော၊ ပကာသနဆန်သော၊ ဖော်လန်ဖားလွန်းသော အမူအရာများကြောင့် အစိုးရအတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးခမျာ စိတ်မသက်မသာဖြစ်လာသည်။ လူပိန်လေးထံမှ လှည့်ပြေးရန် အကြံဖြင့် ခွဲခွာခြင်းအထိမ်းအမှတ် လက်ကမ်းပေးသည်။
လူပိန်လေးက လက်ချောင်းလေးသုံးချောင်းကိုသာ ဖမ်းယူဆုပ်ကိုင်ပြီးသော် တကိုယ်လုံးကိုင်း၍ ဦးညွှတ်သည်။ ရင်မှ လျှံထွက်လာသော သူ့ရယ်ဟန်က တရုတ်သံဝဲ၏။ “ငြီးငြီးငြီး။” မိန်းမဖြစ်သူကလည်း အပြုံးပန်းတို့ ဝေဆာသည်။ သားဖြစ်သူက ခြေအစုံကိုညွှတ်၍ ဦးထုတ်ချွတ်သည်။ သူတို့သုံးယောက်လုံး စိတ်တူကိုယ်တူ ပီတိဇောအဟုန်တို့ လွှမ်းခြုံလျှက် . . . ။
(ရုရှားဝတ္တုတိုဆရာကြီး Anton Chekhov ရဲ့ Fat And Thin ကို ဘာသာပြန်ထားတာပါ။)
Subscribe to:
Post Comments (Atom)

3 comments:
21 Dec 09, 06:26 AM
kom: အရင်အတိုင်းဘဲ ဖြစ်ပရစေ။
21 Dec 09, 06:26 AM
kom: လူ့သဘော. လူ့မနော စိတ်မကောင်းစရာ။
21 Dec 09, 06:26 AM
kom: ဘာသာပြန်ကောင်းတယ်။
ဘာသာပြန်ချက်ကတော့ ချောနေတာပဲ
ဖတ်ကောင်းတယ်ဗျာ ^_^
ကျေးဇူး ဘာသာပြန်တာလှလိုက်တာ..
Post a Comment