Saturday, October 11, 2014

တော်ပါတော့။ လုပ်သားပြည်သူတဲ့



 (Checkov ရဲ့ Oh! The Public ကို ကျွန်တော် ဘာသာပြန်ကြည့်တာပါ။)

တော်ပါတော့။ လုပ်သားပြည်သူတဲ့

"လုပ်ပြန်ပြီ။ ငါလည်း အရက်ပဲ သောက်ဖြစ်နေတော့တာပဲ။ ဘယ်လိုအကြောင်း … ဘယ်လိုအကြောင်းကြောင့်မှ ငါ ဒီလို မဖြစ်သင့်ဘူး။ ငါ့ကိုယ်ငါ ထိန်းကွပ်ဖို့ အချိန်တန်ပြီ။ မားမားမတ်မတ်ရပ်ပြီး အလုပ်ထဲ ၀င်ချိန်တန်ပြီ။ ငါ့နှယ်၊ လစာကျတော့ ၀မ်းသာအားရ ယူတတ်တယ်။ အိပ်ရေးပျက်တာနဲ့ အနေအစား ဆင်းရဲတာတွေကို ခဏထားဦး။ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ တာဝန်သိတတ်ဖို့ ကောင်းတယ်။ အခုတော့ မဟုတ်ဘူး။ ငါဆိုတဲ့ကောင်က လစာကို အလကားမတ်တင်း၊ မတန်မရာ ယူသလိုဖြစ်နေပြီ။ ဒါ နည်းမှန်လမ်းမှန် မဟုတ်သေးဘူး … ၊ လုံးဝကို နည်းလမ်းမကျဘူး"

ထူးမခြားနား သြ၀ါဒပေါင်းများစွာဖြင့် မိမိကိုယ်မိမိ အပြစ်တင် ဆုံးမပြီးသော် လက်မှတ်စစ်ကြီး ပိုတျာဂျင်တစ်ယောက် လုပ်ငန်းခွင်သို့ ၀င်ရန် သွေးပူစပြုလေပြီ။ အချိန်က ညတစ်နာရီနီးပါး ... ၊ သို့သော် လက်အောက်ငယ်သားများအား နှိုး၍ လူစီးတွဲများကြား အစုန်အဆန် ဖြတ်သန်းလျှက် လက်မှတ်စစ်ခြင်းအမှုကို ပြုတော့သည်။

"ကျေးဇူးပြု၍ လက်မှတ်လေး တဆိတ်လောက် ပြပါခင်ဗျာ" ပိုတျာဂျင်က အော်ဟစ်နှိုးဆော်ရင်း လက်မှတ်ဖြတ်စက်အား အဆက်မပြတ်ဖိနှိပ်လျှက် ကလစ်ကလစ် မြည်သံပေး၏။

လူစီးတွဲ၏ လင်းတစ်လှည့် မှိန်တစ်လှည့် အလင်းရောင်များကြား အိပ်မှုံစုံဖွား လူရုပ်သဏ္ဍာန်များက ကုန်းရုန်းထ၍ ခေါင်းများကို ခါယမ်းလျှက် လက်မှတ်များကို ထုတ်ပြကြသည်။

"ကျေးဇူးပြု၍ လက်မှတ်လေး တဆိတ်လောက် ပြပါခင်ဗျာ" ပိုတျာဂျင်က ဒုတိယတန်း ခရီးသည်တစ်ဦးအား ဦးတည်၍ ပြောလိုက်သည်။ ထိုသူ၏ ပုံပန်းသဏ္ဍာန်က ရိုးပိန်နံချောင်လျှက် အားအင်ကုန်ခမ်းနေသယောင် ရှိ၏။ သားမွှေးကုတ်အင်္ကျီနှင့် စောင်များ အထပ်ထပ်ရစ်ပတ်လျှက် ခေါင်းအုံးများကြား နစ်မြုပ်နေသည်။ "ကျေးဇူးပြု၍ လက်မှတ်လေးပါခင်ဗျာ" ပိုတျာဂျင်က ထပ်ပြောသည်။

ရိုးပိန်နံချောင် ပုဂ္ဂိုလ်က တုံပြန်မှုမပေး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဟန် ရှိ၏။ လက်မှတ်စစ်ကြီးကလည်း သူ့၏ ပုခုံးအား လှုပ်နှိုး၍ သည်းမခံနိုင်စွာ ထပ်တလဲလဲ ပြောတော့သည်။ "ကျေးဇူးပြု၍ လက်မှတ်လေး တဆိတ်လောက် ပြပါဗျာ"

ခရီးသည်က လှုပ်လှုပ်ရှားရှား နိုးလာသည်။ ရီဝေသော မျက်လုံးအစုံဖြင့် ပိုတျာဂျင်အား နားမလည်ဟန် ကြည့်၏။ 

"ဘာကွ … ၊ ဘယ်သူလဲ … ၊ ဟာကွာ …"

"ခင်ဗျားကို အရိုးရှင်းဆုံး ဘာသာစကားနဲ့ ပြောနေတယ်။ ကျေးဇူးပြုပြီး လက်မှတ်လေးတစ်ဆိတ်လောက်။ ကျုပ်က ကျေးဇူးပြုပြီး တောင်းနေတာပါ"

"ဘုရား ဘုရား" ရိုးပိန်နံချောင်ပုဂ္ဂိုလ်က မရွှင်မပျ၊ ညိုးငယ်သော မျက်နှာထားဖြင့် ညည်းတွား၏။ "ကောင်းကင်ဘုံကို တိုင်တည်ပါရစေ။ ငါ့မှာ အိပ်မရတဲ့ရောဂါ ခံစားနေရတယ်ကွ။ … မအိပ်နိုင်တာ သုံးရက်တောင် ရှိပြီ။ အခုမှ အိပ်ပျော်လိုပျော်ငြား အိပ်ဆေးလေးသောက်ပြီးခါစ ရှိသေးတယ်။ … ၊ မင်းလက်မှတ်ကို ငါက ဘာလုပ်ရမှာလဲ။ အကြင်နာတရား ခေါင်းပါးလွန်းတယ်။ လူမဆန်တဲ့ အကောင်။ ငါ့မှာ တစ်ရေးလေး အိပ်ခွင့်ရဖို့အရေး ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ မင်းသိရင် အခုလို အရေးမပါတဲ့ ကိစ္စတွေအတွက် လာပြီး အနှောင့်အယှက်ပေးဝံ့မှာ မဟုတ်ဘူး။ ရက်စက်ကြမ်းကြုတ်တဲ့ အကောင်။ လက်ခံနိုင်စရာကို မရှိဘူး။ ငါ့လက်မှတ်ကို မင်းက ဘာလုပ်ချင်တုန်း။ သုံးစားမရအောင် အသိဥာဏ်မဲ့တဲ့ အကောင်"
ပိုတျာဂျင်အနေဖြင့် ခွန်းတုံ့ ပြန်ရန် သင့်မသင့် ချိန်ဆရတော့သည်။ … နောက်ဆုံး ခွန်းတုံ့ ပြန်ရန် ဆုံးဖြတ်လိုက်၏။

"ခင်ဗျား မအော်ပါနဲ့။ ဒါ ပျံကျဈေး မဟုတ်ဘူး"

"အေး ... ၊ သိတယ်ကွ။ ဒါပေမဲ့ ပျံကျဈေးက သူတွေက မင်းထက် ပိုပြီး လူဆန်တယ်" ခရီးသည်က ချောင်းဟန့်သံတစ်ဝက် စွက်၍ ပြောသည်။ "မင်း ငါ့ကို ကောင်းကောင်းအိပ်ခွင့်ပေးရင်တော့ အံ့မခန်းပဲကွာ။ ငါဆိုတဲ့ကောင်က နိုင်ငံရပ်ခြားမှာ နေရာအနှံ့ လျှောက်ပတ်ခဲ့တာကွ။ ငါ့ကို ဘယ်သူမှ လက်မှတ် မတောင်းဖူးဘူး။ မင်းပဲ တောင်းပြီးရင်း တောင်းနေတာ။ မင်းကို ဘီလူးစီးနေလား"

"ကောင်းပြီလေ။ ဒါဆိုလည်း ခင်ဗျားကြိုက်တဲ့ နိုင်ငံရပ်ခြားကို ဘာဖြစ်လို့ ပြန်မသွားလဲ"

"အော် ... ၊ ဟုတ်ကဲ့။ ကျွန်တော် မှားပါတယ်ခင်ဗျာ။ အေး ... ၊ မင်းတို့ကပဲ ပြောရတယ်ရှိသေး။ ခရီးသည်တွေကို တိုးကျိတ်ကျပ်ညှပ်နေအောင် တင်ပြီး အနံအသက်ဆိုးတွေနဲ့ အသေသတ်လို့ အားမရဘူး။ ကြိုးနီစနစ်နဲ့ ဇွဲကြိုးချ ကွပ်မျက်ချင်သေးတယ်။ မင်းတို့အားလုံး သေလိုက်ပါလား။ လက်မှတ်ပြရမယ်တဲ့။ ဘုရားသခင် ... ၊ ကယ်တော်မူပါ။ ခရီးသည်တစ်ဝက်လောက်က လက်မှတ်မပါပဲ ခိုးစီးနေကြမှန်း ဒီကောင်တွေ သိရင် ဘယ်လိုများနေမယ် မပြောတတ်ဘူး"

"ဒီမယ် ဆရာကြီး။ ကျွန်တော်ပြောတာကို နားထောင်ပါ" ပိုတျာဂျင်ကလည်း မာမာထန်ထန် ပြန်ပြောသည်။ "ခင်ဗျား ဒီအတိုင်းပဲ အော်ဟစ်ပြီး ခရီးသွားလုပ်သားပြည်သူတွေကို အနှောင့်အယှက် ပေးနေမယ်ဆိုရင် နောက်ဘူတာမှာ ခင်ဗျားကို ဆင်းခိုင်းရလိမ့်မယ်။ ပြီးရင် ကျွန်တော့်ဖက်က အခင်းဖြစ်ပွားပုံကို အစီရင်ခံစာ တင်လိုက်ရုံပဲ"

ခရီးသွား "လုပ်သားပြည်သူ"အပေါင်းက မခံမရပ်နိုင်၊ တစ်ယောက်တစ်ပေါက် အော်ဟစ်ဆဲဆိုကြတော့သည်။ "မိုက်ရိုင်းလှချည်လားကွ။ မစွမ်းမသန်ကိုမှ လာပြီး နှိပ်စက်ရတယ်လို့ကွာ။ ဒီမယ် ဟေ့ကောင် … ။ မင်းမှာ ဦးနှောက်မပါဘူးလား"

"ဒါပေမဲ့ ဒီဆရာကြီးက စပြီး မဆီမဆိုင် ရုပ်ရင်းကြမ်းတမ်းနေတာလေဗျာ" ပိုတျာဂျင့်ခမျာ ပြောသာပြောရသည်။ အနည်းငယ် ခြောက်ခြားစပြုလေပြီ။ "ကောင်းပြီလေ။ ကျွန်တော် လက်မှတ်ကို မယူတော့ပါဘူး။ ခင်ဗျားတို့ သဘောပဲ။ ဒါပေမဲ့ ခင်ဗျားတို့ ကောင်းကောင်းသိပါတယ်။ ဒါ ကျွန်တော့်တာဝန်ဗျ။ ဒါကို ကျွန်တော်နဲ့ မဆိုင်ဘူးလို့ ခင်ဗျားတို့ ယူဆရင် ရုံပိုင်ကြီးကိုသာ သွားမေးကြည့်။ ကြိုက်တဲ့သူကို မေးကြည့်နိုင်ပါတယ်။"

ပိုတျာဂျင် ပုခုံးကို အသာတွန့်၍ မစွမ်းမသန် ပုဂ္ဂိုလ်ထံမှ ထွက်ခွါသည်။ ဦးစွာပထမ၊ စိတ်ပျက်အားမိငယ်မိသလို နာကျင်စွာ ခံစားရ၏။ သိုသော် ရထားတွဲ နှစ်တွဲသုံးတွဲခန့် ဖြတ်သန်းပြီးသော် လက်မှတ်စစ်တစ်ဦး၏ မာန်မာနဖြင့် ရင်ထဲ ထူးထူးခြားခြား မခံမရပ်နိုင်ဖြစ်လာသည်။ 

ပိုတျာဂျင် တွေးမိသည်။ "ငါကလည်း ငါပဲ။ မစွမ်းမသန်ကိုမှ သွားနိုးမိတယ်။ … ၊ ဒါပေမဲ့ ဒါကလည်း ငါ့အမှား မဟုတ်ပါဘူးလေ။ … ၊ သူတို့က ငါ့ကို အကြောင်းမဲ့သက်သက် ပြသနာရှာတယ်လို့ ထင်နေကြတယ်။ ငါ့ဖက်က ၀တ္တရားအတိုင်း ဆောင်ရွက်ရတယ်ဆိုတာကို သဘောမပေါက်ကြဘူး။ သူတို့ မယုံတော့လည်း ရုံပိုင်ကြီးကို ခေါ်လာပြီး တွေ့ပေးရုံပဲ ရှိတယ်" 

နောက်တစ်ဘူတာ၌ ငါးမိနစ်စာ ရထားဆိုက်သည်။ တတိယအကြိမ် ခေါင်းလောင်းသံ မပေးမှီ ပိုတျာဂျင်တစ်ယောက် အခင်းဖြစ်ပွားရာ ဒုတိယတန်း ရထားတွဲအတွင်းသို့ ပြန်လည်ရောက်ရှိလာ၏။ သူနှင့်အတူ ဦးထုပ်နီဆောင်းထားသော ရုံပိုင်ကြီးက ဒေါင်းတင်မောင်းတင် လိုက်ပါလာသည်။

ပိုတျာဂျင်က စကားစ၏။ "ဒီလူကြီးမင်းပါပဲ ခင်ဗျာ။ ကျွန်တော့်အနေနဲ့ သူ့ဆီက လက်မှတ်တောင်းပိုင်ခွင့် မရှိဘူးလို့ ငြင်းပါတယ်။ ကျွန်တော်ကိုလည်း ရန်လုပ်ပါတယ်။ ရုံပိုင်ကြီးခင်ဗျာ။ သူ့ကို ရှင်းပြပေးစေလိုပါတယ်" ပိုတာဂျင်မှ ရိုးပိန်နံချောင် ပုဂ္ဂိုလ်ဖက် လှည့်၍လည်း ပြောသည်။ " ဆရာကြီးခင်ဗျာ။ ကျွန်တော်က စည်းမျည်းစည်းကမ်းအတိုင်း လက်မှတ်စစ်တာပါ။ ကိုယ်ရေးကိုယ်တာကြောင့် မဟုတ်ပါဘူး။ ကျွန်တော်ပြောတာကို မယုံရင် ရုံပိုင်ကြီးကို မေးကြည့်နိုင်ပါတယ်"

မစွမ်းမသန် ပုဂ္ဂိုလ်က ပျားတုပ်ခံရသူပမာ ဆတ်ကနဲထ၍ မျက်လုံးဖွင့်ကြည့်သည်။ ထို့နောက် မရွှင်မပျ၊ ညိုးငယ်သော မျက်နှာထားဖြင့် ခုံနောက်မှီ၌ နစ်မြုပ်လုမတတ် ပြန်လှဲကာ နေ၏။

"ဘုရားဘုရား။ ဆေးနောက်တစ်ခွက် ထပ်သောက်ပြီး မှေးခါစ ရှိသေးတယ်။ မင်းက နောက်တစ်ခေါက် ထပ်ရောက်လာပြန်ပြီ။ ငါ့ကို မသနားတော့ဘူးလားကွာ။ တောင်းပန်ပါတယ်"

"ရုံပိုင်ကြီးကိုသာ မေးကြည့်ပါဗျာ။ ကျွန်တော့်အနေနဲ့ ခင်ဗျားဆီက လက်မှတ်တောင်း ပိုင်ခွင့် ရှိတယ်၊ မရှိဘူးဆိုတဲ့ ကိစ္စကို …"

"လွန်လွန်းတယ်ကွာ။ လက်မှတ်လား … ၊ လက်မှတ်။ အေး … ၊ နောက်ထပ် ငါးစောင်စာ ထပ်ပေးပြီးပဲ အေးအေးချမ်းချမ်း သေလိုက်ချင်တယ်။ မင်း လူမမာ မဖြစ်ဖူးဘူးလား။ အသည်းနှလုံးမရှိတဲ့ ကောင်တွေပဲ"

စစ်ဖက်ဆိုင်ရာ ယူနီဖောင်း ၀တ်ထားသူတစ်ဦးက မခံမရပ်နိုင် ၀င်ပါတော့သည်။ "ခင်ဗျားဟာက လူတစ်ဖက်သားကို သက်သက်မဲ့ နှိပ်စက်ညှင်းပန်းနေတာပဲဗျ။ လွန်လွန်းတယ်။ အခုမှ လာပြီး ရှင်းပြမနေနဲ့။ အပိုပဲ"

"ထားလိုက်စမ်းပါကွာ …" ရုံပိုင်ကြီးက စိတ်မသက်သာစွာ ပြောရင်း ပိုတျာဂျင်အား ဆွဲခေါ်သွားသည်။

ပိုတျာဂျင်လည်း ပုခုံးကို တွန့်၍ ရုံပိုင်ကြီးနောက်မှ လေးကန်သော ခြေလှမ်းများဖြင့် လိုက်ပါသွား၏။

"ကျေနပ်နိုင်ကြတယ်ကို မရှိဘူး" ပိုတျာဂျင် စိတ်ရှုပ်ထွေးစွာ တွေးမိ၏။ "သူ့အတွက် ရုံပိုင်ကြီးကိုလည်း ခေါ်လာပြီးပြီ။ ဒီလောက်ဆို နားလည်သဘောပေါက်ပြီး ကျေအေးဖို့ ကောင်းတယ်။ ဒီလူတော့ … ၊ ကျိန်ပြောလိုက်ချင်တယ်"

နောက်ထပ် ဘူတာတစ်ခုသို့ ရောက်၏။ ရထားက ဆယ်မိနစ်စာ ရပ်နားသည်။ ဒုတိယအကြိမ် ခေါင်းလောင်းသံ မပေးမှီ၊ ပိုတျာဂျင် တစ်ကိုယ်တည်း နားနေဆောင်ဘား၌ ရေသန့်သောက်နေခိုက် သူ့ထံသို့ လူကြီးလူကောင်းနှစ်ဦး ရောက်လာ၏။ တစ်ဦးက အင်ဂျင်နီယာ ယူနီဖောင်းနှင့် နောက်တစ်ဦးက စစ်ဖက်ဆိုင်ရာ ကုတ်အင်္ကျီကို ၀တ်ထားသည်။

"ဒီမယ် လက်မှတ်စစ်ကြီး" အင်ဂျင်နီယာပုဂ္ဂိုလ်က ပိုတျာဂျင်အား ဦးတည်၍ စကားစသည်။ "ဒီ မစွမ်းမသန် ခရီးသည်ပေါ် မင်းရဲ့ လုပ်ရပ်တွေက ဘေးလူတွေ အမြင်မှာ မခံမရပ်နိုင်စရာပဲ။ ဒါ့ထက် ငါ့နာမည်က ပူဇစ်စကီးပါ။ အင်ဂျင်နီယာနော်။ ဒီလူကြီးမင်းက ဗိုလ်မှုးကြီးကွ။ မင်း ဒီခရီးသည်ကို မတောင်းပန်ရင် မင်းကို ငါတို့ ဂတ်ဗိုလ်နဲ့ တိုင်ရလိမ့်မယ်။ ဂတ်ဗိုလ်နဲ့ ငါတို့က အရမ်းခင်တဲ့ မိတ်ဆွေတွေနော်"

ပိုတျာဂျင် ကတုန်ကယင် ဖြစ်လာသည်။ "လူကြီးမင်းများခင်ဗျာ။ ကျွန်တော်ဖက်က ဘာဖြစ်လို့ … ဆရာတို့က ဘာဖြစ်လို့ …"

"ဟေ့ကောင်။ မင်းရဲ့ ဆင်ခြေတွေကို နားထောင်ဖို့ ငါတို့ လာတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကို တင်းတင်းကျပ်ကျပ် သတိပေးလိုက်မယ်။ ကိုးယိုးကားယား လုပ်လို့ကတော့ ဥပဒေကြောင်းအရ မင်းကို ဆုံးမရလိမ့်မယ်"

"ဟုတ်ကဲ့။ … ၊ ကျွန်တော့်ဖက်က … ၊ တောင်းပန်ဖို့ ပါပဲ။ … ၊ ကျွန်တော် သေချာပေါက် …"
နောက်ထပ် နာရီဝက်အကြာ၊ ပိုတျာဂျင်တစ်ယောက် မိမိ၏ ဂုဏ်သိက္ခာကို မထိခိုက်စေပဲ၊ ခရီးသည်ဖက်မှလည်း ကျေအေးနိုင်မည့်၊ ပြေရာပြေကြောင်း တောင်းပန်စကားကို တွေးရင်း ရထားတွဲအတွင်းသို့ ၀င်ရောက်လာသည်။ ထို့နောက် မစွမ်းမသန် ပုဂ္ဂိုလ်အား ရည်ရွယ်၍ စကားစလိုက်သည်။ "ဟုတ်ကဲ့ … ၊ ဆရာကြီးခင်ဗျာ"

မစွမ်းမသန် ပုဂ္ဂိုလ်က ခုန်ထွက်လုမတတ် ထထိုင်၏။ "ဘာကွ"

"ဟုတ်ကဲ့ … ၊ ဒီလိုပါဗျာ … ၊ ခင်ဗျားအနေနဲ့ ဒီလောက်အထိ ရန်မလိုသင့်ပါဘူး …"

မစွမ်းမသန် ပုဂ္ဂိုလ်က ရင်ဘတ်စည်တီးရင်း ပင့်သက်ရှိုက်၏။ "အဟွတ် … ၊ အဟွတ် … ၊ ရေတောင် ငတ်လာပြီ။ … ၊ ငါ အခုမှ တတိယအကြိမ် အိမ်ဆေးထပ်သောက်ပြီး အိပ်မောကျခါစ ရှိသေးတယ်။ မင်း ထပ်ရောက်လာပြန်ပြီ။ အညိုးအတေးနဲ့များ ညှင်းပန်းနှိပ်စက်နေတာလားကွာ။ ဘုရားသခင် … ၊ ကယ်တော်မူပါ"

"ကျွန်တော်ဖက်က … ၊ ဟို … ၊ ခင်ဗျားကို ခွင့်လွှတ်စေချင်တာပါ …"

"အား … ၊ ငါ့ကို နောက်ထပ် တစ်ဘူတာရောက်ရင်သာ ကန်ချလိုက်ပါတော့ကွာ။ မခံစားနိုင်တော့ဘူး။ ငါအခု … ၊ ငါ သေငယ်ဇောနဲ့ မျောနေပြီကွ … "

ခရီးသွား "လုပ်သားပြည်သူ"အပေါင်းက သောင်းသောင်းဖျဖျ ၀ိုင်းဝန်းကန့်ကွက်ကြလေပြီ။ "ဘာကောင်လဲကွ။ အော့နှလုံးနာတယ်။ ဟေ့ကောင် … ၊ ထွက်သွားစမ်းကွာ။ မင်းလုပ်ရပ်နဲ့ပတ်သက်ပြီး ၀ဋ်လည်မယ့်အကောင်။ ထွက်သွားစမ်းဟေ့"

ပိုတျာဂျင်လည်း မျှော်လင့်ချက်မဲ့စွာ ခေါင်းကို တွင်တွင်ယမ်းလျှက် သက်ပျင်းအခါခါချကာ ရထားတွဲအတွင်းမှ ထွက်လာခဲ့၏။ ၀န်ထမ်းများသီးသန့်တွဲသို့ ပြန်ရောက်သော် ခုံတစ်လုံး၌ ခြေပစ်လက်ပစ်ထိုင်၍ ညည်းတွားတော့သည်။

"တော်ပါတော့။ လုပ်သားပြည်သူတဲ့။ ဘယ်တော့မှ ကျေနပ်နိုင်ကြတယ်ကို မရှိဘူး။ ငါ့အလုပ်ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားလည်း အလကားပဲ။ ငါ့ကို မူးရူးဆဲဆိုနေမိအောင် တွန်းပို့နေကြသလိုပဲ။ ... ဘာမှ မလုပ်ပြန်တော့လည်း သူတို့က ၀ိုင်းဆဲကြတယ်။ ငါ့တာဝန် ငါကျေအောင် ထမ်းဆောင်ပြန်တော့လည်း အဆဲခံရတာပဲ။ မထူးဘူး။ ငါ့ဟာငါ အရက်ထိုင်သောက်တာပဲ ကောင်းတယ်"

ပိုတျာဂျင်တစ်ယောက် ပုလင်းထဲရှိသမျှ အားလုံးကို ဒလဟော လောင်းထည့်သည်။ သူ့အတွေးထဲ၌ လုပ်ငန်းသဘာဝ၊ တာဝန်ဝတ္တရားနှင့် ရိုးသားဖြောင့်မတ်ခြင်းများ မရှိတော့ပြီ။

0 comments: