Sunday, August 9, 2009

အကြံပေးဆိုတာ . . .


အဖွဲ့အစည်းတခုရဲ့ တိုးတက်ရာတိုးတက်ကြောင်း အပြုသဘောဆန်တဲ့ အကြံဥာဏ်ကောင်းတွေ ပေးစွမ်းနိုင်တဲ့ သူကို အကြံပေးပုဂ္ဂိုလ် (Consultant)လို့ သတ်မှတ်တယ်။ စီးပွါးရေးလုပ်ငန်း ကုမ္မဏီကြီးတွေမှာ ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းအသစ်တွေ ဖန်တီးဖို့၊ မဟာဗျူဟာအသစ်တွေ ချမှတ်ဖို့၊ ကစားကွက်အသစ်တွေ ပြောင်းဖို့၊ အရည်အချင်း ပြည့်ဝတဲ့ အကြံပေးပုဂ္ဂိုလ်တွေ မရှိမဖြစ်လိုအပ်တယ်။ အကြံပေးပုဂ္ဂိုလ်တွေဆီက ကျယ်ပြန့်တဲ့ outside-in အမြင်တွေပေါ် အခြေခံပြီး ကျွန်တော်တို့ရဲ့ ကျဉ်းမြောင်းတဲ့ inside-out အမြင်တွေကို အချိန်မှီ ပြင်ဆင်ခွင့် ရပါလိမ့်မယ်။

တခုတော့ စဉ်းစားစရာပဲ။ အကြံပေးပုဂ္ဂိုလ်တွေအတွက် ဥာဏ်ပူဇော်ခက သိသိသာသာ များလေ့ရှိတယ်။ “လိုအပ်သည်များကို မှာစားသွားသည်”ဆိုတဲ့ ဟာသကိုပဲ ကြည့်။ မန်နေဂျာတွေကြားထဲ ရေပန်းစားတဲ့ စကားတခွန်းလည်း ရှိသေးတယ်။ “ကျုပ်တို့ စင်ပေါ်ရောက်နေတုန်းတော့ အကြံပေးပုဂ္ဂိုလ်ဆိုတာ အလကားပဲ။ မွဲပြာကျတဲ့အချိန်လည်း ရောက်ရော၊ သူတို့ကိုငှားဖို့ ဘယ်မှာလဲ ပိုက်ဆံ”ဆိုလားပဲ။

အကြံပေးပုဂ္ဂိုလ်တွေထက် (သူတို့ရဲ့အကြံဥာဏ်ကောင်းတွေကတဆင့်သီးပွင့်လာတဲ့) ရလဒ်ကောင်း (Result)တွေက ပိုအရေးကြီးတယ်။ “ဆရာများတော့ သားသေ”ဆိုသလိုပဲ။ ပေးတဲ့အကြံက တသံတည်း ထွက်တောင်မှ အကြံပေးပုဂ္ဂိုလ်တွေ များလာတာနဲ့အမျှ (ရလဒ်ကောင်းတွေထွက်ဖို့) တဦးချင်း တာဝန်ယူမှုအပိုင်းမှာ အားနည်းသွားတတ်တယ်။ တခါတလေ လေထဲတိုက်အိမ်ဆောက်သလို အကောင်အထည်ဖော်ရခက်တဲ့ အကြံဥာဏ်မျိုးတွေလည်း ပေးတတ်တယ်။ နောက်ပိုင်း အကြံပေးပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ ရလဒ်ကောင်းတွေပေါ် အခြေခံပြီး ဥာဏ်ပူဇော်ခ ချီးမြှင့်တဲ့စံနစ်မျိုး ကျင့်သုံးလာကြတယ်။

သင့်တော်တဲ့ အကြံပေးပုဂ္ဂိုလ်ကောင်းတွေ ရွေးချယ်ခန့်အပ်ဖို့ နည်းလမ်းကောင်းတွေထဲက တခုကို ပြောပါရစေ။ သူတို့တဦးချင်းစီကို “ဘယ်အချိန်ရှိပြီလဲ”လို့သာ မေးလိုက်။

  • ပထမဆုံး အကြံပေးက ဒီလိုဖြေမယ်။ “မနက် (၉)နာရီ၊ (၃၂)မိနစ်နဲ့ (၁၀) စက္ကန့်တိတိရှိပြီ”တဲ့။ “တိကျသေချာတဲ့ အချက်အလက်တွေနဲ့ အမှားမခံတဲ့ ရလဒ်ကောင်းတွေရဖို့ သူ့ကို ခန့်ပါ။
  • ဒုတိယ အကြံပေးက အခုလိုပြောတယ်။ “ခင်ဗျားက ဘယ်လိုအချိန်မျိုး ဖြစ်စေချင်လို့လဲ”တဲ့။ ကိုယ်ရွေးတဲ့ လမ်းမှာ မိတ်ဆွေတယောက်လို အားပေးမှုမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးတွေကို တန်ဖိုးထားရင်တော့ သူလိုလူက အရေးကြီးတယ်။
  • တတိယအကြံပေးကတော့ ကိုယ့်တောင်ပြန်ပြီး မေးခွန်းထုတ်လိုက်သေးတယ်။ “ခင်ဗျားက ဘာကြောင့် သိချင်တာလဲ”တဲ့။ အခြေခံကျတဲ့ တွေးခေါ်မျှော်မြင်မှုမျိုးနဲ့ ပြဿနာတခုကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းဖို့ သူ့ကိုသာ ဆည်းကပ်ပေတော့။ Management ဂုရုကြီး Peter Drucker ကတော့ အကြံပေးပုဂ္ဂိုလ်တယောက် အနေနဲ့ သူ့ရဲ့အားသာချက်ကို ပြောပြဖူးတယ်။ “လူတွေပြောသမျှကို လျစ်လျူရှုပြီး အခြေခံအကျဆုံး မေးခွန်းတွေကို ကိုယ်ဖက်က စမေးဖို့ ကြိုးစားပါ”တဲ့။

အကြံပေးပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ ကန့်လန့်မြင်သူတွေလည်း မရှားပါဘူး။ ဘီစီ (၁)ရာစုမှာ ထင်ရှားခဲ့တဲ့ လက်တင်တွေးခေါ်ရှင် Publilius Syrus ရဲ့ မှတ်ချက်လေးပါ။ “အကြံကောင်းရခဲ့သူ များလေပြီ။ အကျိုးဖြစ်အောင် အမြတ်ထုတ်နိုင်သူကား နည်းလှ၏”ဆိုပဲ။ Avis Rent-A-Car ရဲ့ CEO ဟောင်း Robert Townsend ဆိုရင် အကြံပေးပုဂ္ဂိုလ်တွေအပေါ် အခုလိုဝေဖန်ဖူးတယ်။ “ခင်ဗျားရဲ့ လက်ပတ်နာရီကို ခဏငှားမယ်။ ခင်ဗျားကို အချိန်ကြည့်ပေးမယ်။ နောက်ဆုံးတော့ သူ့လက်မှာ ခင်ဗျားရဲ့နာရီလေး ပတ်လျှက်သား ပါသွားရော”တဲ့။ Burson-Marsteller က လူထုဆက်ဆံရေးပညာရှင် William Marsteller ကတော့ “ဘယ်အကြံပေးပုဂ္ဂိုလ်မှ ခင်ဗျားရဲ့လုပ်ငန်းအကြောင်း ခင်ဗျားလောက် နားမလည်ဘူး။ ဒီလိုလူမျိုးကို ငွေကုန်ခံပြီး ခင်ဗျားရဲ့ လုပ်ငန်းအကြောင်း ပြန်မေးနေမယ့်အစား ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး အောင်မြင်မှုဆိုတာကို အရယူလိုက်စမ်းပါ”လို့ တိုက်တွန်းထားတယ်။

အကျဉ်းချုပ်ပြောရရင် အရာရာတိုင်းမှာ အဆိုးအကောင်း ဒွန့်တွဲနေတယ်။ အကြံပေးပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လာရင်လည်း ဒီအတိုင်းပဲ။ လျှော်ကန်သင့်မြတ်တဲ့ အကြံပေးပုဂ္ဂိုလ်ကောင်းတွေကို ရွေးချယ် ဆည်းကပ်နိုင်ဖို့၊ တနည်းပြောရရင် “ဆရာကောင်းနဲ့ တွေ့ဖို့”ကတော့ ဘယ်သူမပြု မိမိမှု၊ ကိုယ့်အပေါ်ပဲ မူတည်ပါလိမ့်မယ်။

(Philip Kotler ရဲ့ Consultants ကို တတ်သလောက် မှတ်သလောက်နဲ့ ဘာသာပြန်ကြည့်တာပါ။)

Friday, August 7, 2009

ငွေမရှိတဲ့ဘ၀မှာ ပျော်သူ

Daniel Suelo (Photograph by Mark Heithoff)

Daniel Suelo ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ခေတ်သစ်ဂူအောင်း လူသားပဲ။ တောကျိုအုံကြားက ကျောက်ဂူလေးကို အိမ်လုပ်ပြီးနေသတဲ့။ ငွေဆိုလို့ ခြူးတပြားမှ မရှိဘူး။ ငွေမရှိတဲ့ ဘ၀မှာ စိတ်အေးချမ်းသာနေနိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ငွေမရှိတဲ့ အရပ်မှာ ငွေဆိုတဲ့ အရာနဲ့ ကင်းအောင်းနေတာပဲလို့ Suelo က ယူဆတယ်။ ပြီးခဲ့တဲ့ ကိုးနှစ်တုန်းက၊ အတိအကျ ပြောရရင် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် ဆောင်းဦးပေါက်မှာ သူပိုင်ဆိုင်သမျှ ငွေကြေးဓနအားလုံးကို စွန့်လွှတ်ပြီး Suelo တယောက် ဒီနေရာကို ရောက်လာခဲ့တယ်။ ငွေကိုင်သုံးတဲ့ အလေ့အထကိုလည်း မူးယစ်ဆေးတခုလို သဘောထားပြီး တိကနဲနေအောင် ဖြတ်ပစ်ခဲ့တယ်လို့ Suelo က ပြောပါတယ်

ဒီနေ့ခေတ် သူလိုကိုယ်လို American လူမျိုးတွေ အားလုံးနီးပါး ကြွေးလည်ပင်းခိုက်ပြီး အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာတော့ Suelo တို့ ဘ၀က အတော်အေးချမ်းတယ်။ ကမ္ဘာ့စီးပွါးရေး ပျက်ကပ်က သူနဲ့ ဘာမှမဆိုင်သလိုပဲ။

ရေတံခွန် စိမ့်စမ်းတွေနဲ့ တောတောင် လျှိုမြှောင်တွေကြားက Suelo ရဲ့ နေရာကို ရောက်ဖို့ အနီးဆုံး Utah ပြည်နယ်၊ Moab ဆိုတဲ့ မြို့ငယ်လေးကနေ တနာရီနီးပါး ခြေကျင်သွားရတယ်။ ဒေသခံတွေက သူ့ကို ဂမ္ဘီရပုဂ္ဂိုလ်၊ ဒါမှမဟုတ်ရင် စိတ်ရူးပေါက်နေတဲ့ လူတယောက်လို့ သတ်မှတ်ထားတယ်။ Suelo ကတော့ ဒီနှစ်ခုလုံး ဖြစ်မယ်ဆိုလည်း ဖြစ်နိုင်တာပဲလို့ ၀န်ခံတယ်။ လက်ရှိ Moab Public Library က တာဝန်ယူပြီး ထိန်းသိမ်းပေးထားတဲ့ သူ့ရဲ့ Blog မှာ အခုလို Suelo က အခုလို ရေးထားတယ်။ “ကျွန်တော့်မှာ ငွေရှိတိုင်း တခုခု လိုနေသလိုပဲ။ တကယ်တော့ ငွေကြေးဆိုတာ လိုအင်ဆန္ဒကို ကိုယ်စားပြုတယ်။ ငွေကြေးဆိုတာ အတိတ်မှာ ကျန်ခဲ့တဲ့ ကြွေးဟောင်းတွေကို ကိုယ်စားပြုတယ်။ အနာဂတ်မှာ ထပ်ယူမယ် ကြွေးသစ်တွေကို ကိုယ်စားပြုတယ်။ လက်ရှိပစ္စုပ္ပန်အတွက်တော့ အတုအယောင်ပဲ”တဲ့။

နွေဦးပေါက်လို့ နေသာတဲ့တနေ့မှာ ကျွန်တော် သှူ့ဆီရောက်သွားတယ်။ ကျောက်စွယ်၊ ကျောက်စွန်းတွေကနေ တွယ်တက်ပြီးမှ Suelo ရဲ့ အိမ်ဂေဟာ၊ ကျောက်ဂူလေး အ၀ကို ရောက်တယ်။ အပြုံးသင်္ကေတနဲ့ လက်မှတ်ထိုးထားတဲ့ စာတိုလေးတခုက အသင့်စောင့်နေတယ်။ “မိတ်ဆွေ၊ ဒီနေရာမှာ တွေ့သမျှ အားလုံးကို လွတ်လွတ်လပ်လပ် သုံးနိုင်တယ်။ စားနိုင်တယ်။ (ဒီမှာရှိတာ ဘာတခုမှ ကျုပ်မပိုင်ဘူး)”ဆိုပဲ။ ကျောက်ဂူလေးက သိပ်မကျယ်လှဘူး။ Amtrak ရထားပေါ်က သန့်စင်ခန်းလေးတခုစာပဲ ရှိမယ်။ မျက်နှာကျက်ပေါ်ကနေ အိုးတွေခွက်တွေ တိုးလိုးတွဲလောင်း ဆွဲချိတ်စရာ နေရာတော့ရှိတယ်။ မီးဖိုလေးတလုံးရယ်၊ ပဲစေ့နဲ့ ဆန်နည်းနည်း ထည့်ထားတဲ့ ပုံးလေးတလုံးကို တွေ့တယ်။ စောင်တွေကလည်း အထပ်လိုက် ဖုန်တွေထူလို့ပဲ။

ညရောက်လို့ ကြယ်တွေတောင် စုံစပြုမှ Suelo ဆိုတဲ့ပုဂ္ဂိုလ်ကြီး ပြန်ရောက်လာတယ်။ ဆံပင်ဘုတ်သိုက်နဲ့ လက်တွေက ပေရေလို့ပဲ။ ကျွန်တော်ကို သွားအဖြဲသားနဲ့ နှုတ်ဆက်တယ်။ ထုံးစံအတိုင်း မြို့တက်ပြီး ဟိုဝင်ဒီထွက်နဲ့ လူတွေ အသုံးမတည့်လို့ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို သွားကောက်ပြီး ပြန်လာတာပါ။ လက်ထဲမှာ ပလတ်စတစ်အိတ်တလုံးအပြည့် ဖယောင်တိုင်၊ ငါးသေတ္တာဗူးနဲ့ အ၀တ်စတွေ ပါလာတယ်။ “ခင်ဗျားက ရောက်အောင်တော့ လာသားပဲ”လို့ သူက စပြောတယ်။ ကျွန်တော်ကလည်း မြို့ပေါ် စူပါမားကက်က ၀ယ်လာတဲ့ ပန်းသီးတအိတ်နဲ့ ချိစ်တတုံး လက်ဆောင်ပေးလိုက်တယ်။ ကြာရှည်မခံပါဘူး။ ကျွန်တော်တို့နှစ်ယောက်အတွက် ညစာဖြစ်သွားတယ်။

Suelo က ကျွန်တော်အတွက် ဖယောင်းတိုင်ထွန်းပေးတယ်။ ပြီးမှ ညစာအတွက် မီးဖိုတယ်။ ခရစ်စမတ် ကွတ်ကီးထည့်တဲ့ သံပုံးကို ဟင်းအိုးလုပ်ထားပုံက ရယ်ချင်စရာပဲ။ ကျောက်ဂူလေးထဲ မီးခိုးတွေ အူထွက်လာပြီး၊ နောက်ပိုင်း မီးအရှိန်နဲ့ အတော်နွေးသွားတယ်။ ညစာလည်း စားပြီးပြီ။ Suelo ကတော့ အိပ်ယာဝင် Bible စာအုပ်လေးဖတ်လို့ သူ့ဘ၀သူ ကျေနပ်နေပုံပဲ။

x x x

တကယ်တော့ Suelo ဟာ ယဉ်ကျေးမှုမထွန်းကားတဲ့ တောကျိုအုံကြားထဲ မွေးဖွားကြီးပြင်းခဲ့သူ မဟုတ်ဘူး။ ဘွဲ့ရပညာတတ်တယောက်ပါ။ Colorado တက္ကသိုလ်ကနေ ကျောင်းပြီးတယ်။ ငယ်ငယ်က ဆရာဝန် သိပ်ဖြစ်ချင်တယ်။ ဒီတော့ Colorado က ဆေးရုံတခုမှာ လက်ထောက်ဓါတ်ခွဲခန်း ပညာရှင် အဖြစ်နဲ့ အလုပ်ဝင်တယ်။ ၁၉၈၇ ခုနှစ်ရောက်မှ Peace Corps အဖွဲ့ထဲ ၀င်တယ်။ မဖွံ့ဖြိုးသေးတဲ့ Andes တောင်တန်းပေါ်က တိုင်းရင်းသား ရွာလေးတရွာမှာ တာဝန်ကျတယ်။ ဒေသခံတိုင်းရင်းသားတွေရဲ့ ကျန်းမာရေးနဲ့ လူနေမှုဘ၀ကို မြှင်တင်ပေးဖို့ Suelo က တာဝန်ယူရတယ်။ ခေတ်မှီဆေးပညာနဲ့ သူကိုယ်တိုင် ကလေးသုံးယောက်တောင် မွေးပေးဖူးတဲ့ အကြောင်းပြောပြီး Suelo က ဂုဏ်ယူပါသေးတယ်။

ရလဒ်က ဒီရွာနီးစပ်ချုပ်မှာ ဆယ်စုနှစ်တခုအတွင်း လူနေမှုအဆင့်အတန်း မြင့်လာတယ်။ သူတို့ရဲ့ပျိုးခင်းထဲက အာလူး၊ ပဲနဲ့ ပြောင်းစတာတွေကို မြို့တက်ရောင်းပြီး အတော်လေး စုစုဆောင်းဆောင်း ရှိလာတယ်။ ပြဿနာက သူတို့ဘ၀အတွက် အသုံးမလိုတဲ့ ပစ္စည်းပစ္စယပေါင်းစုံကို ၀ယ်သုံးမိရာကနေ အစစအရာရာ ယို့ယွင်းလာတယ်လို့ Suelo က ပြောပြတယ်။ အရောင်ချွတ်ထားတဲ့ ပဲစေ့၊ သကြား၊ ဆော်ဒါနဲ့ ခေါက်ဆွဲခြောက်တွေ။ နောက်ဆုံး TV တွေပါဝယ်ပြီး အပျော်အပါးမက်လာကြတယ်။ ငွေများများ သုံးနိုင်သလို သူတို့ရဲ့ ကျန်းမာရေးတွေလည်း သိသိသာသာ ချို့ယွင်းလာတဲ့အကြောင်း စစ်တမ်းတွေနဲ့ လက်တွေ့ ပြနိုင်တယ်ဆိုပဲ။ “ကဲ။ နောက်ဆုံးတော့ ငွေကြေးက လူတွေရဲ့ဘ၀ကို မြှင့်တင်ပေးသတဲ့လား”လို့ Suelo က သူ့အမြင်ကို ပြောတယ်။

ဒီအတွေ့အကြုံကြောင့် Suelo ရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ ဘ၀ဒဿနတွေ ပြောင်းသွားတယ်။ နောက်ဆုံး အခု Moab မြို့က အမျိုးသမီး ဒုကသည်စခန်းကို ရောက်လာတယ်။ ဒါပေမဲ့ ငွေကြေး၊ ရာထူး၊ အဆောင်အယောင်တွေနဲ့ လဲပြီး လူတွေကို ကူညီတယ်လို့ ပြောရတာ သူ့အတွက် စိတ်မသန့်စရာ ဖြစ်လာတယ်။ Suelo က Christian ဘာသာဝင်တယောက်ပါ။ Jesus ရဲ့ နောက်လိုက်ကောင်းဖြစ်ဖို့ ခြိုးခြံချွေတာရမယ်။ Sermon on the Mount ထဲက အဆုံးအမအတိုင်း “ပိုင်ဆိုင်မှုတွေကို စွန့်၊ ကြွေးဟောင်း ကြွေးသစ်တွေနဲ့ ကင်းအောင်နေရမယ်”လို့ Suelo က ယုံကြည်တယ်

၁၉၉၉ ခုနှစ်ရောက်တော့ Thai က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတကျောင်းမှာ အချိန်ယူပြီး သွားလေ့လာတယ်။ India ကို ကူးပြီး ဆာဒူးကြီးတွေကြားထဲ တပည့်ခံလိုက်သေးတယ်။ India နိုင်ငံရဲ့ လမ်းတွေနဲ့ တောကျိုအုံကြား ခြေသလုံးအိမ်တိုင် လျှောက်သွားပြီး အမှန်တရားကို ရှာနေတဲ့ ဆာဒူးတွေကို အားကျတယ်။ “ဒါပေမဲ့ India မှာ ဆာဒူးလုပ်လို့ ဘာထူးမှာလဲ။ ကမ္ဘာပေါ်မှာ ရုပ်ဝတ္ထုနဲ့ ငွေကြေးအရ အကြွယ်ဝဆုံး America ကို ပြန်ရောက်ရင် ဆာဒူးတယောက်လို နေနိုင်ပါဦးမလားလို့ ကိုယ့်ကိုကိုယ် စမ်းကြည့်ချင်တယ်”လို့ Suelo က သူ့ပြည်တော်ပြန် ဇာတ်လမ်းကို ပြောတယ်

x x x

Suelo ရဲ့ ကျောက်ဂူလေးက လူနှစ်ယောက်မဆန့်ဘူး။ ဒီတော့ ကျွန်တော်က အပြင်ထွက်ပြီး ပေတရာကျော်မြင့်တဲ့ ကျောက်တောင် အစွန်းမှာ အိပ်ရတယ်။ ညဖက် ချောင်းစပ်မှာ ရေသောက်ဆင်းတဲ့ ခြသေ့င်္တွေရဲ့ ဟိန်းသံကို ကြားတယ်။ အောက်က ၀ါခင်းထဲ ယုန်လိုက်နေတဲ့ တောကြောင်တွေကို တွေ့တယ်။ Suelo အတွက် အဆိုးဆုံးဝါးဆုံး အတွေ့အကြုံအနေနဲ့ ရှဥ့်တကောင်က သူ့မျက်နှာပေါ်ခွပြီး သေးပန်းဖူးသတဲ့။ တခါတလေ ကြွက်တွေက သူ့ကိုယ်ပေါ် ဖြတ်ပြေးတယ်။ ကြမ်းပိုးကလည်း ရှိသေးတယ်ဆိုပဲ။ “ဘာပဲဖြစ်ဖြစ်လေ။ ဒီဂူထဲ သူတို့လည်း နေခွင့်ရှိတာပဲ”လို့ Suelo က ပြောလိုက်သေးတယ်။

ငွေဆိုလို့ ခြူးတပြားမှ မရှိတဲ့ ဘ၀တခုမှာ ရှင်သန်ဖို့ အတော်ခက်ခဲမယ့်အကြောင်း ကျွန်တော်က သတိပေးပါသေးတယ်။ သမုဒ္ဒရာဝမ်းတထွာကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။ Suelo ကတော့ ထမင်းတနပ်တောင် မငတ်ဖူးဘူးဆိုပဲ။ (မြို့ပေါ်က လူတွေက သူ့ဆို ကျွေးချင်မွေးချင်တာလည်း ပါလိမ့်မယ်။) သေလုမျောပါး ဖျားနာရင်ရော ဘယ်လိုလုပ်မလဲ။ တခါတော့ ကြုံဖူးတယ်တဲ့။ မစားကောင်းတဲ့ အသီးတွေ စားမိရာကနေ ဗိုက်အောင့်ပြီး အော့အန်တယ်။ သေလုမျောပါးပဲ။ ကိုယ့်ကိုကိုယ် သေပြီထင်လို့ သေတမ်းစာတောင် ရေးဖူးတယ်ဆိုပဲ။ ဒါပေမဲ့ မသေကောင်းမပျောက်ကောင်း ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။

New York မြို့ကြီးမှာ တလကို $2,400 ပေးပြီး အခန်းငှားနေတဲ့ ကျွန်တော့်အကြောင်းကို ပြောတော့ သူ့ခေါင်းကို တွင်တွင်ရမ်းတယ်။ ကျွန်တော်ကို ဂရုဏာသက်တဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။ သူ့အကြောင်း ဆောင်းပါးရေး၊ မဂ္ဂဇင်းထဲထည့်ပြီး ပိုက်ဆံရှာမယ့်အကြောင်းကိုတော့ ပြောမထွက်ဘူး။ သူပြောသလို လူတွေရဲ့ရမ္မက်ဆန္ဒကို နှိုးဆွပေးတဲ့ ကြော်ငြာခတွေပေါ် ရပ်တည်ပြီး အသက်ဆက်ရတဲ့ ကျွန်တော်တို့ မဂ္ဂဇင်းလောကအကြောင်း တွေးမိသေးတယ်။ ကျွန်တော်အတွက် သူ့လို ကျောက်ဂူလေးတလုံးကို အိမ်လုပ်ပြီး နေနိုင်စားနိုင်ဖို့ ဝေးပါသေးတယ်။ နီယွန်မီးရောင်ထိန်တဲ့ မြို့ပြမှာပဲ ပျော်တယ်။

Suelo အသက် (၄၈) နှစ် ရှိပါပြီ။ အိုမင်းမစွမ်းနေ့တွေအတွက် ပင်စင်ထောက်ပံ့ကြေးတွေ၊ အသက်အာမခံတွေ မရှိတာလည်း သေချာတယ်။ “ဒီလျှိုမြှောင်ကြီးထဲ ကျွန်တော်သေသွားလို့လည်း ၀မ်းနည်းစရာမလိုဘူး။ ဆေးရုံနံရံတွေကြားထဲ အာမခံကြေးတွေတပွေ့တပိုက်နဲ့ သေလည်း ဘာထူးမှာတုန်း။ သဘာဝတရားရဲ့ ရွေးချယ်မှုကို ကျွန်တော်တို့အားလုံး မလွန်ဆန်နိုင်ဘူး။ တနေ့တော့ ထွက်သွားရမှာပဲ”လို့ Suelo က သူ့ဒဿနကို ပြောပြေသေးတယ်။ ကျွန်တော်ကိုယ်တိုင် Suelo ရဲ့ စကားတွေကို အပြည့်အ၀ နားလည်ဖို့ ဥာဏ်မမှီသေးဘူး။ ဒါပေမဲ့ ခြိုးခြံမှုပေါ်အရင်းခံတဲ့ သူ့ဘ၀က ရိုးရှင်းတယ်။ မွန်းကျပ်နေတဲ့ ဘ၀တွေထဲက ကိုယ်နဲ့ယှဉ်ပြီး Suelo ကို လေးစားမိတာတော့ အမှန်ပဲ။

(MenStyle မဂ္ဂဇင်းမှာ Christopher Ketcham ရေးတဲ့ Could You Survive Without Money? ဆောင်းပါးကို တတ်သလောက်မှတ်သလောက်နဲ့ ဘာသာပြန်ပါတယ်။)