Monday, February 8, 2010

ရွေလမ်းငွေလမ်း


မြန်မာနိုင်ငံတွင် ပထမဆုံး မီးရထား ပြေးဆွဲခဲ့ခြင်းသည် ကမ္ဘာ့မီးရထား သမိုင်းနှင့် ချိန်ထိုးကြည့်ပါက နှစ်မတန်တဆ နောက်ကျသည်ဟု မဆိုနိုင်ပေ။ (၁ဂရရ ခုနှစ်၊ မေလတွင် ရန်ကုန်နှင့် ပြည်သို့ စတင်ပြေးဆွဲနိုင်ခဲ့သည်။) အင်္ဂလန်ထက် ၅၂ နှစ်၊ အန္ဒိယထက် ၂၄ နှစ်၊ (တရုတ်ထက် ၁ နှစ်သာ) နောက်ကျခဲ့ပါသည်။ မြန်မာနိုင်ငံတွင် မီရထားလမ်း ဖောက်သင့်ကြောင်း ပထမဆုံး တင်ပြဖူးသူမှာ ဗိုလ်ကြီးရစ်ချတ်စပရိုင်ယန် ဖြစ်သည်။ (၁ဂ၃၁ ခုနှစ်တုန်းက ဖြစ်၏။)

၁၈၆၀ ပြည့်နှစ်နောက်ပိုင်းတွင် ရန်ကုန်တ၀ိုက် ဆန်စက်၊ သစ်စက်များ ထွန်းကားလာသဖြင့် ကုန်ကြမ်းများ လျှင်မြန်စွာ ပို့နိုင်ရန် လိုအပ်လာ၏။ ၁၈၇၀ ပြည့်နှစ်တွင် ရန်ကုန်၌ စပါးဈေး ၇၀ တိတိ တက်လာသည်။ ၁၈၆၉ ခုနှစ်၌ စူးအက်တူးမြောင်း ဖွင့်လှစ်ပြီးနောက် ၁၈၇၁ ခုနှစ်တွင် စူးအက်တူးမြောင်းကို ဖြတ်ပြီး အင်္ဂလန်မှ သင်္ဘောသုံးစင်း ရောက်ရှိလာ၏။ ထိုနှစ်မှာပင် အောက်မြန်မာပြည်မှ ပို့ကုန်တန်ဖိုးများအနက် စပါးတန်ဖိုးသည် လေးသန်းကျော် ရရှိခဲ့၏။ ထို့ကြောင့် စပါးသယ်ယူရေးမှာ အရေးကြီးလာ၏။ မီးရထားသည် မရှိမဖြစ် လိုအပ်လာ၏။ ရန်ကုန်မှ ပြည်မြို့သို့ မီးရထားလမ်း ဖောက်ရန် ပထမဆုံး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

၁၈၇၄ ခုနှစ် ဇူလိုင်လမှ စ၍ ဒလစသော သစ်စက်များမှ သွင်းသော ဇလီဖားတုံးများဖြင့် ရန်ကုန်မှ လက်ပံတန်းသို့ လည်းကောင်း၊ ပြည်မှ လက်ပံတန်းသို့လည်းကောင်း ဦးတည်ပြီး ခင်းလာကြသည်။ သံလမ်းများကို တတ်နိုင်သလောက် သွယ်ပြီးနောက် ကျောက်အုတ်တင်၊ ကူလီတင် မီးရထားတစင်း ဦးစွာပေါ်လာ၏။ ပုတီးကုန်းရွာအထိ သွယ်ပြီးနောက် စက်ခေါင်းရောက်သောအခါ ကလေးလူကြီးအပေါင်းက ထမင်းထုပ်၍ ခြေကျင်သွားရောက်ကြည့်ရှုကြ၏။ အချို့က စက်ခေါင်းပေါ်တက်၍ ဟိုကိုင်ဒီကိုင်အလုပ်တွင် မီးထိုးကုလားက ရေနွေးငွေ့ထုတ်ပိုက်ကို ဖွင့်လိုက်ရာ “ရှုး”ဆိုသော မြည်သံကြောင့် “ရထား စိတ်ဆိုးပြီဟေ့။ သိပ်ပြီး အနားမကပ်ကြနဲ့” ဆိုလျှက် ဆင်းပြေးကြသည် ဟူ၏။

ပြည်ဖက်မှ မီးရထားလမ်းနှင့် ရန်ကုန်ဖက်မှ မီးရထားလမ်းတို့ ဆုံခါနီး ပုတီးကုန်းနှင့် သဲကုန်းရွာအကြား ငါးမိုင်ခန့်နေရာတွင် ကြခတ်တောကြီး ခံနေသဖြင့် ရှင်းလင်းရန် အခက်တွေ့နေရာ သူကြီးအမိန့်ဖြင့် ခုတ်ထွင်ရှင်းလင်းစေသော်လည်း မင်းတိုင်းကျေမျှသာ ဖြစ်၍ သွေးထွက်သံယို အရှအနာတွေသာ ဖြစ်ကြရ၏။အချို့က မျိုးချစ်စိတ် ဇာတိမာန်ကြောင့် မလုပ်ကြပေ။ သုံးရက်အထိ ဆက်လုပ်သော်လည်း အကြောင်းမထူး။ ကြခတ်တောကြီးမှာ အရာမယွင်း မဖြုံမှန်းကို အင်ဂျင်နီယာများက ရိပ်မိပြီးနောက် အောက်ပါအတိုင်း မောင်းလည်စေသည်။

“နက်ဖြန် မနက်စောစော ကြခတ်တောသို့ လာကြရမည်။ ၀ိတိုရိယဘုရင်မ တံဆိပ်ခေါင်းပါသော ငွေဒင်္ဂါး၊ ငွေငါးမူးစေ့၊ ငွေမတ်စေ့များကို မီးရထားအာဏာပိုင်များက ပေါက်ပေါက်ကြဲသလို ဆုပ်ကြဲချလိမ့်မည်။ မည်သူမဆို ကြခတ်တောကို ခုတ်ထွင်ရှင်းလင်းပြီးသော် ရသလောက်ယူကြစေ”

နောက်တနေ့ မနက်တွင် အဖိုးကြီး အမယ်ကြီးများပါမကျန် ဓါးကိုယ်စီနှင့် ၀မ်းသာအားရ လာရောက်ကြ၏။ အဏာပိုင်များသည် ဆာလာအိတ်ထဲရှိ ငွေအကြွှေ ဒင်္ဂါးပြားများကို ကြခတ်တောထဲသို့ ကြဲချပေး၏။ ထိုအခါ လောကီသားများ၏ လောဘဇောဖြင့် သူ့ထက်ငါဦးအောင် ကြခတ်တောကို ခုတ်ရှင်း၍ ကောက်ယူကြလေသည်။ ဤနည်းဖြင့် တဦးလျှင် တနေ့ ငါးကျပ်၊ တဆယ်ခန့်စီ ရကြ၏။ ဆယ်ရက်မျှဖြင့် ထိုတောကြီးလည်း ပြောင်သလင်းခါကာ ၁၈၇၇ ခုနှစ် နှစ်ဦးပိုင်းတွင် ရထားလမ်းနှစ်ပိုင်းကို ဆက်မိသွားစေတော့သည်။ ဤသည်ကို အစွဲပြုလျက် “ရွှေလမ်းငွေလမ်း”ဟု ယနေ့တိုင် ပြောစမှတ်ပြုကြလေသည်။

(ဆရာ“အောင်မင်းမြင့်”ရေးတဲ့ ၁၉၈၅ ခုနှစ်ထုတ် “မီးရထားသမိုင်း”ဆိုတဲ့ စာအုပ်လေးထဲက ကောက်နှုတ်ထားတာပါ။)

Thursday, February 4, 2010

ကမ္ဘာ့အမြင့်ဆုံး ရထားလမ်း

တရုတ်နိုင်ငံ Qinghai ပြည်နယ် Xining မြို့ကနေ Tibet ကုန်းပြင်မြင့်ကို ဖြတ်ပြီး မြို့တော် Lhasa အထိ သွားတဲ့ ရထားလမ်းကတော့ အံ့မခန်းပဲ။ ၂၀၀၆ ခုနှစ်၊ ဂျူလိုင်လမှာ စတင်ဖွင့်လှစ်တဲ့ ဒီရထားလမ်းကို “ကောင်းကင်ဘုံနားက ရထားလမ်း”လို့တောင် တင်စားကြတယ်။ Tanggula တောင်ကြားကို ဖြတ်တဲ့ ရထားလမ်းပိုင်းက ပင်လယ်ရေမျက်နှာပြင် အထက် (၅၀၇၂)မီတာ အမြင့်မှာ ရှိလို့ “ကမ္ဘာ့အမြင့်ဆုံး ရထားလမ်း”အနေနဲ့ စံချိန်တင်ထားနိုင်လို့ပါ။ အရှည် ကီလိုမီတာ (၁၉၅၆) ရှိတဲ့ ဒီရထားလမ်းမှာ ဘူတာရုံပေါင်း (၄၅)ခု ရှိပါတယ်။ ဘူတာရုံ တ၀က်ကျော်ကျော်မှာ ၀န်ထမ်းမထားပါဘူး။ ခေတ်မှီ လူမဲ့နည်းပညာတွေနဲ့ပဲ Xining မြို့ကနေ လှမ်းပြီး ကွပ်ကဲပါတယ်။

Golmod နဲ့ Lhasa ကြား ခရီးစဉ်တောက်လျှောက်မှာ ရေခဲနေတဲ့ ရွှံ့အိုင်တွေပေါ်ကနေ ဖြတ်ရလို့ အတော်လေးအန္တရာယ်များပါတယ်။ ရာသီဥတုမရွေး ရထားဖြတ်တဲ့အချိန်၊ ရွှံ့သားတ၀က် မြေပြင်ကို အေးခဲမာကျောနေစေဖို့ ရထားလမ်းအောက်မှာ အအေးပိုက်တွေ ချထားရတယ်။ လေထုကလည်း ပါးလွန်းလို့ တချို့နေရာတွေမှာ ရထားတွဲတွေထဲ အောက်စီဂျင်လွှတ်ပေးရတဲ့ အထိပဲ။ နေနဲ့ပါ နီးလို့ ခရမ်းလွန်ရောင်ခြည်ဒဏ်က အကာအကွယ်ပေးနိုင်တဲ့ ပြူတင်းမှန်တွေ တပ်ထားရတယ်။

ဒီကောင်းကင်ရထားလမ်းကို မြည်းစမ်းဖို့ ခရီးစရိတ်ကလည်း အတော်ကြီးပါတယ်။ Beijing ကနေ Lhasa ကို ရောက်ဖို့ ယွမ် (၄၀၀)နီးပါးကုန်ပါလိမ့်မယ်။ ဒါပေမဲ့ နေစဉ် လူ (၉၀၀)အထိ ပို့ပေးနိုင်တဲ့ ရထားသုံးစင်း အစုန်အဆန်ရှိတယ်။ ရထားကို နှေးနှေးမောင်းရလို့ ခရီးစဉ်အစအဆုံး (၄၈)နာရီ အချိန်ယူပါတယ်။ ရထားလမ်းကို စဖွင့်ပြီး သိပ်မကြာဘူး။ ၂၀၀၆ ခုနှစ်၊ သြဂုတ်လမှာ Hong Kong က အဖိုးအိုတဦး နှလုံးရောဂါ ထဖေါက်ပြီး သေလို့ မှတ်တမ်း ၀င်သွားပြန်တယ်။

ရထားလမ်းဖွင့်ပွဲတုန်းက တရုတ်သမ္မတ Hu Jintao က ဒီလိုပြောပြီး ဂုဏ်ယူခဲ့သေးတယ်။ “ဒီ စီမံကိန်း အထမြောက်အောင်မြင်တာ တရုတ်နိုင်ငံ တခုတည်းအတွက် မဟုတ်ဘူး။ ကမ္ဘာ့မီးရထားသမိုင်းကြောင်း တခုလုံးအတွက်ပါ ဂုဏ်ယူစရာ”တဲ့။ ဒါပေမဲ့ တရုတ်အစိုးရအတွက်တော့ ဒီရထားလမ်းဟာ တိဗက်ကုန်းပြင်မြင့်ကို အာဏာစက်ဖြန့်ကျက်ဖို့ အဓိကကျတယ်လို့ နိုင်ငံတကာက ဝေဖန်ပါတယ်။ တိဗက်ကုန်းပြင်မြင့် ဒေသရဲ့ သဘာဝရင်းမြစ်တွေ ဆုံးရှုံးမယ့် အန္တရာယ်ကို တွေးပူနေသူတွေလည်း အတော်များတယ်။ ဒါတင်မကဘူး။ ထိဆက်နေတဲ့ ပြည်နယ်တွေကနေ အခြားလူမျိုးစု ကျွမ်းကျင်လုပ်သားတွေ လှိမ့်ဝင်လာပြီး ဒေသခံတွေအတွက် အလုပ်လက်မဲ့ ဖြစ်လာနိုင်တယ်။

တရုတ်အစိုးရပိုင်း တာဝန်ရှိသူတွေကတော့ ဒီအချက်တွေနဲ့ပတ်သက်လို့ ခုခံပြောပါတယ်။ “ရထားလမ်းရှိမှ ဒီဒေသက လူတွေအတွက် သွားရေးလာရေး အဆင်ပြေမယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ ဒီခေတ်ကြီးထဲ ဘယ်ယဉ်ကျေးမှုမှ တံခါးပိတ်ထားတဲ့ ပတ်ဝန်းကျင်တခုမှာ တိုးတက်မလာနိုင်ဘူး။”လို့ ရထားအရာရှိ Zhu က ပြောသွားလေရဲ့။