Tuesday, October 28, 2014

အသေးအဖွဲလေးများ

(Raymond Carver ရဲ့ Little Things ဆိုတဲ့ ၀တ္ထုတိုလေးကို ဘာသာပြန်ကြည့်တာပါ။

Raymond Carver က ၂၀ ရာစုနှောင်းပိုင်း အမေရိကန် စာပေလောကမှာ ၀တ္ထုတိုတွေနဲ့ ထင်ရှားသူပါ။ သူ့ကို Minimalist "လိုရင်းတိုရှင်း၊ (သို့) ချိုးခြံချွေတာ (သို့) အနည်းဆုံးဝါဒီ"လို့ သတ်မှတ်ကြတယ်။ ဒါပေမဲ့ Raymond Carver ကိုယ်တိုင်က ငြင်းဆန်ပါတယ်။

အင်တာနက်ပေါ်မှာ Little Things လို့ ရှာကြည့်ပါ။ အလွယ်တကူ တွေ့ပါလိမ့်မယ်။ အထင်ကရ ၀တ္ထုတိုလေးပါ။ နားမလည်ရင်တော့ ဘာသာပြန်တဲ့သူ ကျွန်တော်ညံ့ဖျင်းလို့ပဲ။

ဒါထက် စကားမစပ်၊ ကျွန်တော် စိတ်လိုက်မာန်ပါ တခုခုလုပ်မယ်ကြံတိုင်း ဒီဝတ္ထုတိုလေးကို သတိရတယ်။)


အသေးအဖွဲလေးများ

ထိုနေ့ အစောပိုင်းက ရာသီဥတုပြောင်းသဖြင့် နှင်းများ အရည်ပျော်၍ ညစ်ထေးသော ရေများဖြစ်လာသည်။ ရေစီးကြောင်းအချို့က အိမ်နောက်ဖက် မြေကွက်လပ်သို့ မျက်နှာမူသော လူတရပ်အမြင့် ပြူတင်းပေါက်ငယ်လေးမှတဆင့် လိမ့်ဆင်းသည်။ အိမ်အပြင်ဖက် လမ်းပေါ်၌ ကားများ ရွှံ့ရောင်ချယ်လျှက် မှောင်ရီစပျိုးလေပြီ။ သို့သော် အိမ်အတွင်း၌လည်း အမှောင်ထုက ကြီးစိုးလာသည်။

သူက အိပ်ခန်းတွင်း၌ အ၀တ်အစားများကို ခရီးဆောင်သေတ္တာထဲသို့ ထိုးသိပ်ထည့်နေခိုက် တံခါးဝနား သူမ ရောက်လာသည်။

သူမက ပြော၏။ နင်ထွက်သွားလို့ ၀မ်းမနည်းဘူးဟဲ့။ သိလား။ ငါ ၀မ်းမနည်းဘူး။

သူက သူ့၏ ပစ္စည်းပစ္စယများကိုသာ ခရီးဆောင်သေတ္တာထဲသို့ ဆက်လက်နေရာချသည်။

သူမက စ၍ ငို၏။ ခွေးကောင်ရဲ့။ နင်ထွက်သွားလို့ ငါ လုံးဝ ၀မ်းမနည်းဘူးဟဲ့။ သိလား။ နင် အခု၊ ငါ့မျက်နှာကို မကြည့်ရဲတော့ဘူး မဟုတ်လား။ ပြောလေ။ ပြောစမ်းပါဦး။

ထို့နောက် သူမက အိပ်ယာထက်မှ ကလေးဓါတ်ပုံကို သတိပြုမိသော် ကောက်ယူသိမ်းဆည်းသည်။ သူက သူမကို အကြည့်၊ သူမက မျက်ရည်စများကို သုတ်သည်။ နောက်ကြောင်းလှည့်၍ ဧည့်ခန်းတွင်းသို့ မပြန်မှီ သူ့မျက်နှာအား စေ့စေ့ကြည့်သွားသေးသည်။

သူက ပြော၏။ အဲ့ဒါလေးကို ပြန်ယူခဲ့စမ်းပါ။

သူမက ပြန်ပြော၏။ နင့်ပစ္စည်းတွေ နင်ယူပြီးသာ ထွက်သွားစမ်းဟဲ့။

သူက အဖြေမပေး။ ခရီးဆောင်အိပ်ကို ဆွဲပိတ်ပြီးသော် ကုတ်အင်္ကျီကိုဝတ်လျှက် မီးမပိတ်မှီ အခိုက်အတန့်၊ အခန်း ပတ်ပတ်လည်သို့ မျက်လုံးတချက် ဝေ့ကြည့်သည်။ ပြီးမှ ဧည့်ခန်းတွင်းသို့ ထွက်လာသည်။

သူမက ရင်ခွင်ပိုက် ကလေးငယ်နှင့် မီးဖိုချောင် အခန်းကျဉ်းလေး၏ တံခါးဝတွင် ရပ်နေသည်။

သူက ပြော၏။ ကလေးကို ငါခေါ်သွားမယ်။

နင် ရူးနေလား။

မရူးဘူး။ ဒါပေမဲ့ ကလေးကို ငါ ခေါ်သွားချင်တယ်။ သူ့ပစ္စည်းတွေကို နောက်မှ တယောက်ယောက်နဲ့ လာယူခိုင်းလိုက်မယ်။

သူမက ပြော၏။ နင်နော်။ ကလေးကို မထိနဲ့။

ကလေးက စ၍ ငိုသောကြောင့်၊ ကလေး၏ ခေါင်း၌ ပတ်ထားသော အနှီးစကို သူမ ဖယ်လိုက်ရသည်။

သူမက ကလေးအား ကြည့်ရင်း နှုတ်မှ ရေရွတ်၏။ အိုအို့အို၊ ကလေးရယ်။

သူက သူမထံ ရှေ့တိုးလာသည်။

ဘုရားဘုရား၊ ကယ်တော်မူပါ။ သူမက ပြောရင်း မီးဖိုချောင်တွင်းသို့ ခြေတလှမ်း ဆုတ်သည်။

ကလေးကို ငါခေါ်သွားချင်တယ်။

နင့်ကို ထွက်သွားလို့ ငါ ပြောနေတယ်နော်။

သူမက မီးဖိုဘေး၊ အနောက်ဖက်ထောင့်သို့ လှည့်၍ ကလေးအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။

သို့သော် သူကလည်း ရှေ့ဆက်တိုးသည်။ သူ့လက်အစုံဖြင့် မီးဖိုထက်မှ ဖြတ်ကျော်လျှက် ကလေးအား လှမ်းဆွဲရင်း ပြောသည်။

ကလေးကို လွှတ်လိုက်စမ်းပါ။

သူမက အော်၏။ နင့်ကို ထွက်သွားလို့ ငါ ပြောနေတယ်နော်။ မရဘူးလား။

ကလေးက မျက်နှာပြင်တခုလုံး ရဲရဲနီလျှက် သည်းသည်းထန်ထန် ငိုလေပြီ။  ရုန်းရင်းဆန်ခတ်ကြားထဲ မီးဖိုနောက်၌ ချိတ်ဆွဲထားသော ပန်းအိုးကို တိုက်မိ၍ ကျကွဲသည်။

သူက သူမအား နံရံရှိရာဖက်သို့ ချောင်ပိတ်လျှက် သူမ၏ လက်များကို ဆွဲဖယ်ရန် ကြိုးစားသည်။ ကလေးကို အရယူရန် ခန္ဓာကိုယ် အားကိုးဖြင့် သူမကို တွန်းထုတ်သည်။

သူက ပြော၏။ ကလေးကို လွှတ်နော်။

သူမက ပြော၏။ မလွှတ်ဘူး။ သူမက ထပ်ပြော၏။ နင် ကလေးကို နာအောင် မလုပ်နဲ့နော်။

 သူက ပြော၏။ ကလေးကို နာအောင်လုပ်တာ ငါမဟုတ်ဘူး။

မီးဖိုခန်း ပြူတင်းပေါက်မှ အလင်းရောင် မရှိတော့ပြီ။ မှောင်လုနီးပါး မမြင်မစမ်း၌ သူမ၏ လက်ဆုပ်လက်ကိုင်များ ပြေလျှော့သွားစေဖို့ သူက လက်တဖက်ဖြင့် အားထုတ်ရင်း၊ ကျန်လက်တဖက်ဖြင့် သည်းသည်းထန်ထန် ငိုနေသော ကလေးကို လက်မောင်းရင်းမှ ဆုပ်ကိုင်မိသည်။

သူမ၏ လက်ချောင်းများ မခံမရပ်နိုင် ဖြစ်လာသည်။ ကလေးအား ယခုထက်ပို၍ ဆုပ်ကိုင်ထားနိုင်ရန် အင်အားမရှိတော့ပြီ။

ကယ်ကြပါဦးရှင့်။ သူမ အော်ဟစ်ရုန်းကန်ရင်း ကလေးကို လက်လွှတ်လိုက်ရသည်။

သူမအနေဖြင့် ထိုကလေးအား ရယူပိုင်ဆိုင်လိုသည်။ ထို့ကြောင့် ကလေး၏ ကျန်လက်မောင်းတဖက်ကို မှီလုမှီခင် လှမ်းဆွဲသည်။ ကလေးကို လက်ကောက်ဝတ်မှ မှီသော် တတ်အားသမျှ အနောက်သို့ ယိမ်းသည်။

သို့သော် သူကလည်း အလျှော့မပေး။ ကလေးက သူ့လက်မှ လွတ်လုလွတ်ခင်၊ မမှီမကမ်း အားကုန်ထုတ်၍ ပြန်ဆွဲသည်။

ထိုနည်းခဏ အငြင်းပွားမှုပေါ် စီရင်ချက်ကျ၏။
 

Friday, October 17, 2014

ဖြတ်သွားဖြတ်လာ စုံတွဲများပေါ် မျက်စိတဆုံး



(Herbert Stein ရဲ့ Watching the Couples Go By ဆိုတဲ့ Essay လေးကို ဘာသာပြန်ကြည့်တာပါ။ 

Herbert Stein က ဘောဂဗေဒ ပညာရှင် Economist တဦး၊ အမေရိကန် သမ္မတ Nixon နဲ့ သမ္မတ Ford တို့လက်ထက်မှာ ဘဏ္ဍာရေးအကြံပေး လုပ်ခဲ့သူတဦးပါ။ သူ့တသက်တာ ရေးခဲ့တဲ့ Essay တွေကတော့ အများကြီးပဲ။ အထူးသဖြင့် ဘောဂဗေဒနဲ့ ပတ်သက်တယ်။ 

ဒီ Essay ကတော့ လူမှုရေးရာပေါ် သူ့အမြင်ပေါ့။ ဒါပေမဲ့ လူသိများပါတယ်။ Reader's Digest အပါအ၀င် နာမည်ကြီး မဂ္ဂဇင်းပေါင်း များစွာက အခေါက်ခေါက် အခါခါ ထည့်သွင်းဖေါ်ပြကြတယ်။ Google Search မှာ Watching the Couples Go By လို့ ရိုက်ထည့်ကြည့်ရုံနဲ့ မူရင်းကို အလွယ်တကူ ရှာတွေ့ပါလိမ့်မယ်။

မြန်မာလို ဘာသာပြန်ထားတဲ့ မူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ ချည်းကပ်မှုနဲ့ တသီးပုဂ္ဂလ စမ်းသပ်ချင်လို့ပါ။ အကောင်းဆုံး မဟုတ်တာ သေချာပါတယ်။)



ဖြတ်သွားဖြတ်လာ စုံတွဲများပေါ် မျက်စိတဆုံး

ကျွန်တော့်ရင်ထဲ ကိန်းအောင်းခဲ့ဖူးတဲ့ စိတ်ကူးယဉ် အိပ်မက်တခုက၊ ပဲရစ်မြို့ကို အရောက်သွားပြီး လမ်းနားဘေး ကော်ဖီဆိုင်တဆိုင်မှာ ထိုင်မယ်။ ပြင်သစ်ပြည်တွင်းဖြစ် Gauloise စီးကရက်ကို ဖွာရင်း မှတ်စုစာအုပ် Un cahier ကို ထုတ်၊ ကျွန်တော့်ရဲ့ ဘောလ်ပင် La plume de ma tante နဲ့ စာတိုပေစလေးတွေ ရေးချင်တယ်ပေါ့။ ကျွန်တော်ရေးမယ့် စာတွေက ဘောဂဗေဒနဲ့ မသက်ဆိုင်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်၊ လမ်းနားဘေး ကော်ဖီဆိုင်မှာ ထိုင်ပြီး ဘောဂဗေဒအကြောင်း ရေးဖို့ ခက်ပါတယ်။။ ဒါကြောင့်ပဲ ထင်တယ်။ ထူးထူးခြားခြား အသိအမှတ်ပြုခံရတဲ့ ပြင်သစ်လူမျိုး ဘောဂဗေဒ ပညာရှင်ဆိုလို့ အတော်နည်းတယ်။ ဒါဆို ကျွန်တော်ရေးချင်တာက ၀တ္တုတပုဒ်၊ ဒါမှမဟုတ် ကဗျာတပိုဒ်၊ ဒါမှမဟုတ် ဒသ၁နိက ကျမ်းတစောင်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ မကြာခဏဆိုသလို မျက်လုံး အသာပင့်ပြီး ဖြတ်သွားဖြတ်လာ Les filles  မိန်းမပျိုလေးတွေကို ငေးကြည့်ချင်သေးတယ်ဗျ။

အခုတော့ ဒီလို စိတ်ကူးယဉ် အိပ်မက်တွေ ကုန်ဆုံးခဲ့ပါပြီ။ ဒါပေမဲ့ တခုတော့ ရှိတယ်။ ကျွန်တော် အချိန်ရရင် ရသလို၊ ကနေဒီစင်တာ Kennedy Center ဖက်သွားတဲ့ လမ်းနားဘေးက လေဟာပြင် စားသောက်ဆိုင်လေးမှာ သွားထိုင်ဖြစ်တယ်။ စာရေးဖို့ မဟုတ်ပါဘူး။ La plume de ma tante ကြီးနဲ့လည်း မရေးနိုင်တော့ပါဘူး။ ကွန်ပျူတာ စာစီစာရိုက် ဆော့ဖ်ဝဲတွေကို ကျွန်တော် စွဲလမ်းနေပြီဗျ။ လက်ပ်တော့ပ် ကွန်ပျူတာတလုံး ယူသွားမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ခေတ်မှီ စက်ကိရိယာပစ္စည်းတွေက ကျွန်တော့်ရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အတွေးအာရုံကို အနှောင့်အယှက် ပေးသလိုပဲ။ ဒီတော့ ဒီအတိုင်းပဲ ဖြတ်သွားဖြတ်လာတွေကို ငေးကြည့်နေလိုက်တယ်။

(Kennedy Center လို့ လူသိများတဲ့ John F. Kennedy Center for the Performing Arts အဆောက်အဦကို ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်။ အမေရိကန် ပြည်ထောင်စု Washington, D.C မှာ ရှိပါတယ်။)

ဒီနေရာမှာ ကျွန်တော်ပြောချင်တာ မိန်းမပျိုလေးတွေအကြောင်း မဟုတ်ဘူး။ ကျွန်တော်ပြောချင်တဲ့ အကြောင်းက အိမ်ထောင်သည် စုံတွဲတွေနဲ့ ပတ်သက်ပါတယ်။ နေပါဦး။ ကနေဒီစင်တာဖက် လက်ချင်းချိတ်ပြီး သွားနေကြတဲ့ ဒီအမျိုသားနဲ့ ဒီအမျိုးသမီးတွေက အိမ်ထောင်သည် စုံတွဲတွေလား။ ကျွန်တော်လည်း  ဘယ်လိုလုပ် တပ်အပ်သိမှာလဲ။ ဒါပေမဲ့ စစ်တမ်းတွေအရ အသက် ၃၀ နဲ့ ၇၅ ကြား၊ အမျိုးသား ၇၅% က အိမ်ထောင်သည်တွေဗျ။ ဒီအသက်အရွယ်တန်း အမျိုးသားတဦးက အမျိုးသမီးတဦးကို လက်ချင်းချိတ်ပြီး ကနေဒီစင်တာဖက် သွားနေပြီဆိုမှာတော့ အပျော်သဘော ကလပ်တက်တာမျိုး မဖြစ်နိုင်ဘူး။ ကျွန်တော် ပြောရဲတယ်။ သူတို့ အိမ်ထောင်သည် စုံတွဲတွေပါ။ လုံးဝ သေချာသလောက်ပဲ။

အထူးသဖြင့် ဒီစုံတွဲတွေထဲက အမျိုးသမီးတွေကို ကျွန်တော် အလေးထား လေ့လာမိတယ်။ သူတို့အားလုံး ညို့အားကောင်းတဲ့ မိန်းမချော၊ မိန်းလှတွေ မဟုတ်ကြပါဘူး။ မာလင်းဒိထရိ Marlene Dietrichs ၊ မာရီလင်မွန်ရိုး Marilyn Monroes ၊ ဒါမှမဟုတ် ဗီဗီယန်လေ Vivien Leighs ၊ သူတို့နဲ့ တူဖို့ ဝေးစွ။ (စကားမစပ် - ညို့အားကောင်းတဲ့ မိန်းမချော၊ မိန်းမလှတွေအကြောင်း ရောက်တော့ သက်ရှိထင်ရှား ရုပ်ရှင်မင်းသမီး တဦးတလေမှ ကျွန်တော့်ခေါင်းထဲက ထွက်မလာဘူး။ ကျွန်တော့်အသက်ကို ခင်ဗျားတို့ မှန်းကြည့်လို့ ရလောက်ပြီ။) တချို့လည်း လှကြပါတယ်။ ဒါပေမဲ့ အများစုက ရွက်ကြမ်းရေကျိုပဲ။ သူတို့တွေ ကနေဒီစင်တာကို သွားတဲ့ လမ်းပေါ် ရောက်နေပြီဆိုမှတော့ ပြဇာတ် ကြည့်ဖို့၊ အော်ပရာ ခံစားဖို့၊ သံစုံဂီတ၀ိုင်းနဲ့ စီးမျောဖို့၊ ယဉ်ကျေးမှု အနုသုခုမနဲ့ ပတ်သက်လာရင် သူလိုကိုယ်လို လူတွေထက် အပုံကြီးသာသူတွေလို့ ခင်ဗျားတို့ ယူဆနိုင်ပါတယ်။ ကျွန်တော်ကတော့ နောက်ထပ် ရှုထောင့်ပေါင်းစုံက အခါခါ သုံးသပ်ပြီး ပြောပါရစေ။ သူတို့လည်း သာမာန်လူတွေပဲ။

ဒါပေမဲ့ အမျိုးသားတဦးအတွက် သူ့လက်မောင်းကို တွဲခိုလိုက်ပါလာတဲ့ အမျိုးသမီးတဦးက ထူးမခြားနား သာမန်မဟုတ်ဘူးဗျ။ ဒီအမျိုးသားအတွက် တုနိုင်းမရတဲ့ ကမ္ဘာလောကကြီး တစ်ခုလုံးပါ။ ခင်ဗျားတို့က ကျွန်တော့်ကို အငြင်းပွားဦးမယ်။ ဒီလူပေါ့။ သူ့ရုံးကို မနေ့တနေ့ကမှ ရောက်လာတဲ့ အလုပ်သင် ကောင်မလေးနဲ့ ဟိုလိုလို ဒီလိုလို စသဖြင့်ပေါ့။ အတင်းအဖျင်းတွေပါဗျာ။ အခြေခံအကျဆုံးကို ပြောရရင် ဒီအမျိုးသားရဲ့ ဘ၀တခုလုံးအတွက် ဒီအမျိုးသမီးက တန်ဖိုးဖြတ်လို့ကို မရဘူး။

ကမ္ဘာဦးကျမ်းက ဒီလိုဆိုပါတယ်။ "ထာဝရအရှင် ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဖို့ ငါလုပ်ဦးမည် ဟု အကြံရှိတော်မူ၏။" ဒီလိုနဲ့ပဲ "လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏"တဲ့။ ဒီတော့ ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ မိန်းမက မိန်းမချော မိန်းမလှတဦး မဟုတ်တာ သေချာပါတယ်။ အသိဥာဏ်ပညာ ထက်မြက်တဲ့ မိန်းမလည်း မဟုတ်ဘူး။ ထင်ယောင်ထင်မှား နာမ၀ိသေသနလည်း တလုံးမှ မပါဘူး။ ဘုရားသခင်က "သာမန်"မိန်းမကိုပဲ ဖန်ဆင်းခဲ့တယ်။

ဒါဆို ကိုယ့်လက်မောင်းကို တွဲခိုလိုက်ပါလာတဲ့ "သာမာန်"မိန်းမတဦးက ဒီအမျိုးသားအတွက် ဘာ့ကြောင့် ဒီလောက်တောင် အရေးပါနေရသလဲ။ ကျွန်တော် တွေးမိသလောက် ရိုးစင်းတဲ့အချက် သုံးချက်ပဲ ရှိတယ်။

ပထမဆုံး အချက်က တူနှစ်ကိုယ် လဲလျှောင်းခိုက် ဒီအမျိုးသမီးရဲ့ အနွေးဓါတ်ပါတဲ့ ခန္ဓာကိုယ်ပဲ။ ကျွန်တော် တဏှာပေမ ကိစ္စတွေအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် ခြုံငုံသုံးသပ်တိုင်း ဒီကိစ္စက အရေးကြီးတယ်။ ကျွန်တော့်ကို ပြောခွင့်ပြုပါ။ လူသားဆန်တဲ့ အထိအတွေ့ အာရုံနဲ့ပတ်သက်လို့ပေါ့။ ရှေးဦးမဆွ အဓိကကျပါတယ်။

ပုခက်ထဲမှာ ငိုနေတဲ့ ကလေးပေါက်စလေးက စကားစမြည်ပြောချင်လို့၊ ဒါမှမဟုတ် ရွှေလက်စွပ်တကွင်းကို တောင့်တလို့ မဟုတ်ပါဘူး။ ကောက်ယူပွေ့ဖက်ပြီး အယုအယ ခံချင်လို့ပါ။ အရွယ်ရောက်ပြီး လူကြီးသူမတွေလည်း ဒီတိုင်းပဲ။ အပြုအစု၊ အယုအယ လိုပါတယ်။  ထူးမခြားနား အထီးကျန်ဆန်လှတဲ့ လောကကြီးထဲ နှစ်ကိုယ်ကြား ပွတ်သပ်ချော့မြူပြီး အနွေးဓါတ် ခံယူချင်သူတွေချည်းပါပဲ။ လုပ်ခွင့်ရဖို့လည်း အရေးကြီးတယ်။ ရွက်ကြမ်းရေကျို အမျိုးသမီးတဦးနဲ့ ရွက်ကြမ်းရေကျို အမျိုးသားတဦးကြားက ရှောင်လွှဲလို့ မရတဲ့ ကိစ္စလို့ ဆိုနိုင်ပါတယ်။

ပြီးတော့ စကားစမြည်ဖလှယ်ခြင်းကလည်း အရေးကြီးလာပြန်တယ်။ ဒီစုံတွဲတွေကြား၊ နှစ်ပေါင်း သုံးဆယ်ကျော် နီးပါး စကားတွေ ဖောင်ဖွဲ့ပြီးမှ ပြောစရာ စကားရော ကျန်ပါဦးမလားလို့ ခင်ဗျားတို့ တွေးကောင်းတွေးမိလိမ့်မယ်။ ဒီလိုရှိပါတယ်။ ခင်ဗျားရဲ့ အောင်မြင်မှုနဲ့ ကြီးကျယ်ခမ်းနားမှုတွေအကြောင်း တခမ်းတနား ကြွေးကျော်လိုက်စမ်းပါ။ ခင်ဗျားကို လေလုံးထွားတယ်လို့ မထင်တဲ့သူက ခင်ဗျားရဲ့ အမျိုးသမီးပဲ။ ခင်ဗျားရဲ့ ရှုံးနိမ့်မှုတွေအကြောင်း ရိုးရိုးသားသား ပြောပြလိုက်ပါ။ သူက ဖေးမကူညီလိမ့်မယ်။ နောက်ဆုံး အရည်မရအဖတ်မရတွေ လျှောက်ပြောဦး။ သူက ခင်ဗျားကို ဘေးမဲ့ပေးထားလိမ့်မယ်။ တကယ်တော့ တဦးပေါ်တဦး စိတ်ဝင်တစား ရှိဖို့နဲ့ ဒီလို စိတ်ဝင်စားမှုဆိုတာရှိမှလည်း နားလည်မှုဆိုတာ ရှိလာမှာပါ။
အိမ်ထောင်သည် စုံတွဲတွေကြား၊ စကားစမြည်ဖလှယ်ခြင်းက သတင်းအချက်အလက် စုံစမ်းထောက်လှမ်းရုံ သက်သက် မဟုတ်ပါဘူး။ အရေးကြီးတာက "ကိုယ် ဒီမှာ ရှိတယ်။ မင်း ကိုယ့်အနားမှာ ရှိနေမှန်း ကိုယ်သိတယ်"ဆိုတဲ့ အကြောင်းကို အသိပေးဖို့ပဲ။

တတိယအချက်ကတော့ အမျိုးသားတဦးအနေနဲ့ သူ့ကို မရှိမဖြစ် လိုအပ်တဲ့ အမျိုးသမီးတဦး ... ၊ လုံးဝ လိုအပ်ပါတယ်။ ခင်ဗျားရဲ့ ထူးချွန်ပြောင်မြောက်မှုတွေကို ခဏ ဘေးဖယ်ထားဦး။ ခင်ဗျားကို ဘယ်သူကမှ မလိုအပ်တော့တဲ့နောက်၊ ခင်ဗျားရဲ့ ဘ၀က ဘယ်လိုလုပ် အဓိပ္ပါယ်ရှိမှာလဲ။ တခြားသူတွေ၊ ဥပမာ … ၊ ခင်ဗျားရဲ့ အလုပ်ရှင်၊ ကျောင်းသားတွေနဲ့ စာဖတ်ပရိတ်သတ်တွေကလည်း၊ ခင်ဗျားကို လိုအပ်တဲ့အကြောင်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ မတူပါဘူး။ ဒီလို ဆက်ဆံရေးတွေအားလုံးက တန်ဖိုးတစ်ခု ပေးဆပ်ပြီး ပြန်အစားထိုးလို့ ရတာချည်းပဲ။ ဒါပေမဲ့ ခင်ဗျားရဲ့ အမျိုးသမီးကို အစားထိုးဖို့ ခက်ပါလိမ့်မယ်။ သူ့ကြောင့် ခင်ဗျားရဲ့ ယုံကြည်မှုတွေ မြင့်တက်လာပြီး ကမ္ဘာလောကကြီးထဲ နစ္စဒူဝ ရင်ဆိုင်ခဲ့တယ်ပဲ မဟုတ်လား။

ဒါဆို ဒီ"သာမန်"မိန်းမတဦးက ဒီအမျိုးသားအတွက် - အမေရိကန်ပြည်ထောင်စုထဲမှာ နေထိုင်တဲ့ လူဦးရေ သန်း (၅၀)ထက် - ဘယ်လောက်တောင် ပိုပြီး ထူးထူးခြားခြား တန်ဖိုးရှိနေပါသလဲ။ ခင်ဗျားကိုယ်တိုင်လည်း တွက်ချက်ကြည့်ဖူးမယ် မထင်ပါဘူး။ ဈေးကွက်နဲ့ ယှဉ်ပြီး စဉ်းစားရမယ့် ကိစ္စမှ မဟုတ်ပဲ။ အားလုံးသိမှာပါ။ ကိုယ့်အမျိုးသမီးပေါ် ကိုယ် ဘယ်လောက်အထိ တန်ဖိုးထားလဲ၊ ထုတ်မပြောတဲ့ အမျိုးသားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူ့အတိုင်းအတာနဲ့သူတော့ တန်ဖိုးထားကြသူတွေချည်းပဲ။

ကျွန်တော့်အမြင်တွေက အမျိုးသားသီးသန့် ရှုထောင့်ဖြစ်နေမှန်း ကျွန်တော် သဘောပေါက်ပါတယ်။ ဒါကလည်း စာရေးသူ ကျွန်တော်ကိုယ်တိုင် အမျိုးသားတဦး ဖြစ်နေတဲ့အတွက် သဘာဝကျတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အထက်မှာ ကျွန်တော် ရှင်းပြဖို့ ကြိုးစားသွားသမျှ အားလုံး၊ တဖက်စောင်းနင်း ဖြစ်နေတယ်လို့ ကျွန်တော်အနေနဲ့ စိုးစဉ်းတောင် မတွေးမိဘူး။ သေချာတာက နှစ်ဦးနှစ်ဖက် မှီခိုနေရတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီပေါ့။

ကျွန်တော့်ကွယ်ရာမှာ ပြောနေကြမယ့် ခင်ဗျားတို့ရဲ့ စကားသံတွေကိုလည်း ကြားယောင်မိသေးတယ်။
"ခင်ဗျားက ဒီအကြောင်းတွေ ဘယ်လိုလုပ် သိနေတာလဲ။ ခင်ဗျားက ဘောဂဗေဒ ပညာရှင်လေ။ မရေရာမှုပေါင်းစုံကို သက်သေပြဖို့ ကြိုးစားရင်း ဘ၀ကို ရုန်းကန်ခဲ့ရသူပဲ။ အန်းလန်ဒါ Ann Landers လည်း မဟုတ်ပဲနဲ့"။ အားလုံး မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော်လည်း အခု ကနေဒီစင်တာရှိတဲ့ ကုန်းမြင့်လေးပေါ်အတူတူ လျှောက်လှမ်းခဲ့ဖူးတာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။

(Ann Lander ဆိုသူအမျိုးသမီးက လူသိများတဲ့ အမေရိကန် လူမှုရေးပညာရှင်ပါ။)