Wednesday, February 25, 2009
မှတ်မိသလောက် ဟာသများ
တလောက ဂိုဒေါင်ရှင်းရင်းနဲ့ ကားတာယာ အဟောင်းနှစ်လုံးထွက်လာတယ်။ တာယာတွေက ခပ်လတ်လတ်ရယ်။ သုံးမယ်ဆို သုံးလို့ရသေးတယ်။ ဒါနဲ့ အသုံးတည့်မယ့်သူရှိရင် ယူသွားလို့ရအောင် “အမှိုက်”လို့ ရေးပြီး ခြံပေါက်ဝအပြင်ဘက်မှာ ချထားလိုက်တယ်။
တစ်လသာ ကျော်သွားတယ်။ ယူမယ့်သူ မရှိဘူး။ စိတ်ပေါက်ပေါက်နဲ့ တာယာနှစ်လုံးပေါ် “ရောင်းမည်။ တစ်လုံး ၂၀၀ ကျပ်”လို့ ပြင်ရေးပြီး ပြန်ချထားလိုက်တယ်။
ဘာပြောကောင်းမလဲ။ နောက်တစ်နေ့မနက် တာယာတွေ မရှိတော့ဘူး။ ခိုးခံလိုက်ရတာဗျ။
တစ်ခါက ကျောင်းနေဖက် အင်ဂျင်နီယာ သူငယ်ချင်းလေးယောက်ပြန်ဆုံတုန်း ကားတစ်စင်းငှားပြီး ခရီးထွက်ကြတယ်။ ကျောင်းပြီးတာလည်း ကြာပြီဆိုတော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ နေရာရတဲ့ အင်ဂျင်နီယာကြီးတွေဖြစ်နေပါပြီ။ တစ်ယောက်က Mechanical အင်ဂျင်နီယာ၊ တစ်ယောက်က Electronic အင်ဂျင်နီယာ၊ တစ်ယောက်က Chemical အင်ဂျင်နီယာ၊ အဲ ... ၊ နောက်ဆုံးတစ်ယောက်ကတော့ IT အင်ဂျင်နီယာပေါ့ဗျာ။
ဖြစ်ချင်တော့ ဆိုင်းမဆင့်ဗုံမဆင့် လမ်းခုလတ်မှာ ကားပျက်သွားတယ်။ ပထမဆုံး Mechanical အင်ဂျင်နီယာက “အဲဒါကြောင့် ခရီးမထွက်ခင်တုန်းက အင်ဂျင်ကို အသေအချာစစ်ပါလို့ ပြောသားပဲ။ ကားက အသစ်ပေမယ့် အင်ဂျင်သံက မမှန်ဘူး။ တစ်ခုခုမှားနေတယ်လို့ ထင်သား။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။
Electronic အင်ဂျင်နီယာကတော့ သူပိုင်တဲ့အပိုင်းကနေ တွေးပြီးပြောတယ်။ “အဲဒါ ဆီမလိုက်တာကွ။ E.F.I က ဖြစ်တာနေလိမ့်မယ်။ အထဲမှာ တစ်ခုခုကြောင်နေပြီ။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”ဆိုပဲ။
Chemical အင်ဂျင်နီယာကလည်း အားကျမခံပေါ့။ “ဆီတွေကလည်း အဆင့်မှ မမှီပဲ။ ဒီကြားထဲ ဟိုရောဒီရောနဲ့။ ကြာတော့ E.F.I လည်း ဘယ်ခံနိုင်မလဲ။ သက်တမ်းတိုပြီပေါ့။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”လို့ ၀င်ရောက်ဆွေးနွေးပါတယ်။
အဲ ... ၊ နေရာတကာ ဟောင်ဖွာဟောင်ဖွာနဲ့ ဆရာဝင်လုပ်တတ်တဲ့ ကျွန်တော်တို့ဇာတ်လိုက်ကြီး IT အင်ဂျင်နီယာ၊ ဒီတစ်ခါတော့ ငြိမ်ချက်သားကောင်းနေပြီ။ “ဟေ့ကောင်။ ဘာဆက်လုပ်ရင်ကောင်းမလဲ။ ပြောဦးလေကွာ”လို့ အားလုံးက ၀ိုင်းမေးရတဲ့ အထိပဲ။
ခက်ကုန်ပြီ။ အိုင်တီသမား လေ့လာစရာက များသားပဲ။ ကားအကြောင်းမေးလို့ကတော့ နားကန်းတစ်လုံးမှ မသိဘူး။ ဒါပေမယ့် မခေပါဘူး။ “အိုကေ။ ဘာဆက်လုပ်ရမှန်း မသိရင် Restart လုပ်မယ်။ ကားထဲကလူတွေအားလုံး အပြင်ထွက်။ မှန်တင်တံခါးပိတ်။ ဒီနား နီးနီးနားနား ဘာဆိုင်ရှိလဲ မသိဘူး။ လက်ဖက်ရည် သွားသောက်ရအောင်။ ပြီးမှပြန်လာပြီး တစ်ခေါက်စမ်းကြည့်မယ်။ မရရင် Service Provider ကို ဖုန်းဆက်။ အဲ ... နှုတ်ကျိုးသွားလို့၊ Workshop ကို လှမ်းခေါ်ပြီး ကြည့်ခိုင်းတာပေါ့”ဆိုလားပဲ။ ကောင်းရော။ ဘာတတ်နိုင်သေးလဲ။
အဓိပ္ပါယ်ဖွင့်ဆိုချက် - (ကွိကွဘာညာ၊ ဘာညာကွိကွ) = လူသာမန်တို့ နားလည်ခြင်းငှာ မစွမ်းသာသော ပညာရပ်ဆိုင်ရာစကားများ
ရုံးမှာ Accountant တစ်ယောက်အမြန်လိုနေတယ်။ ခက်တာ လာလျှောက်တဲ့သူတွေက အယောက်တစ်ထောင်နီးပါးပဲ။ ကျွန်တော့် “ဘောဇိ”လည်း စားပွဲပေါ်က Resume အပုံကြီးကိုကြည့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။
ခဏကြာတော့ Resume ပုံကြီးထဲက တွေ့ကရာအောက်ဆုံး (၅၀)ကို ရွေးထုတ်ပြီး ကျန်တာတွေကို “မဖတ်တော့ဘူးကွာ။ သွားသာ လွှင့်ပစ်လိုက်ပါ”တဲ့။ ကျွန်တော်လည်း ရုတ်တရက်ကြောင်သွားတယ်။ “ဆရာရယ်။ ဒီအပုံထဲ အတော်ဆုံးသူတွေပါနေရင် ဘယ်လိုလုပ်မလဲ”လို့ ပြန်မေးမိတယ်။
သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး “သွားပစ်မှာသာ ပစ်စမ်းပါကွာ။ မင်းဘာနားလည်လို့လဲ။ ဒီလိုအချိန်မျိုးမှာ ငါတို့နား ကံကောင်းတဲ့သူတွေပဲရှိနေဖို့ လိုတယ်ကွ”တဲ့။ မှတ်သားလောက်ပါဘိ “ဘောဇိ”ရယ်။
ကိုချက်ကြီးက မန်ယူပရိတ်သတ်ပါ။ သူမှာ အမြတ်တနိုးဈေးကြီးပေးဝယ်ထားတဲ့ မန်ယူဝတ်စုံတစ်ထည်ရှိတယ်။ မန်ယူအသင်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ပွဲမျိုးမှ ဒီဝတ်စုံကိုဝတ်ပြီးအားပေးတယ်။
ဒါပေမယ့် အခု ဒီ မန်ယူဝတ်စုံကို လျှော်ရတော့မယ်။ ဘယ်သူ့မှလည်း စိတ်မချဘူး။ ဥစ္စာချောက်ပြီး ကိုယ်တိုင်လျှော်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခက်တာ အိမ်မှာအ၀တ်က လျှော်နေကျမဟုတ်တော့ အ၀တ်လျှော်စက်နဲ့ အကျွမ်းတ၀င်မရှိဘူး။ ဒီတော့ မိန်းမကိုပဲ အားကိုးရတယ်။ “မိန်းမရေ။ ဒီမှာ ခလုတ်တွေ အများကြီးပဲဟ။ ဘယ်က စနှိပ်ရမလဲ။ လုပ်ပါဦး”တဲ့။
“ရှင်လျှော်မယ့် အ၀တ်တွေပေါ်မူတည်တယ်။ ရှင်က ဘာလျှော်မှာမို့လဲ”လို့ မိန်းမလုပ်သူက ပြန်မေးတယ်။ သူ့မိန်းမဆိုလိုတာက Cotton လား။ Wool လား။ Jean လား စသဖြင့်ပေါ့။ ဒါပေမယ့် ကိုချက်ကြီးတို့က မန်ယူမှ Man-U ပဲ။ “မင်းကလည်း သိရဲ့သားနဲ့ကွာ။ ငါလျှော်မှတော့မန်ယူအင်္ကျီ ပေါ့ကွ”လို့ ပြန်ဖြေတယ် ဆိုသတတ်။
(Internet ပေါ်ကလား၊ RD ထဲကလား မသိ။ မှတ်မိတဲ့ ဟာသလေးတွေကို ပြန်ရေးထားတာပါ။)
Saturday, February 7, 2009
ယနေ့ ဒါကုန်ရင်တော်ပြီ
ကမ္ဘာ့စီးပွါးရေး ပျက်ကပ်ကလည်း ပြီးမပြီးနိုင်ဘူး။ အခြေအနေတွေက နေ့လားညလားပဲ။ ရွှေပြည်ကို အချိန်မရွေး ပြန်ရောက်သွားနိုင်တယ်။ ခက်တာ ဘာလုပ်စားရင် ကောင်းမလဲ။ အဲဒါက ပြဿနာပဲ။
နောက်ဆုံး စိတ်ပေါက်ပေါက်နဲ့ အရက်ဆိုင်ပြန်ဖွင့်ရင် ကောင်းမလား စဉ်းစားမိတယ်။ ပါရမီအခံလေးကလည်း ရှိထားတော့ အောင်မြင်နိုင်တယ်။ လာမယ့်ဘေး ပြေးတွေ့ပေါ့လေ။ အရက်ဆိုင် ဘိဇနက်ပလန်လေးဆွဲမယ် ကြံကာရှိသေး “ပေါ့ပေါ့ပါးပါး (အရက်ဆိုင်)”ဆိုလားပဲ။ ကိုယ်နဲ့ အကြံတူတွေက ရှိသေးသဗျ။ ရှယ်ယာခေါ်ဦးမှ။ (ဟဲဟဲ)
ကျွန်တော်သာ အရက်ဆိုင် ဖွင့်ဖြစ်လို့ကတော့ “၀ီစကီအွန်သရော့ခ်၊ ဗော့ဒ်ကာမာတီနီ၊ အမ် ၁၆၊ အေကေ ၄၇”။ အဲဒါတွေ ဘာဟုတ်သေးတုန်း။ “မြွေအရက်၊ ကင်းအရက်၊ ကျားအရက်၊ နဂါးအရက်”။ ကော့တေး မျိုးဆက်သစ်တွေ စုံနေအောင်ကို ထွင်ပြီး အမှန်အကန်ရောင်းပစ်လိုက်မယ်။ ဘီယာကို အုန်းမှုတ်ခွက်နဲ့ တည့်ပြီးတိုက်မယ်။ စတိုင်လ်ပေါ့။
ဆိုင်ထဲမှာ ဘောလုံးကွင်းထက်စိမ်းတဲ့ မြက်ခင်းမျိုး ခင်းပေးထားမယ်။ သင်ဖျူးဖျာအစုတ်နဲ့ ထိုင်ချင်သလိုထိုင်။ လေတဖြူးဖြူးနဲ့ အားလုံး လွတ်လွတ်လပ်လပ်ပဲ။ အမြည်းအတွက် မပူပါနဲ့။ ပဲကြော်ပဲလှော်ကို ရှယ်ထက်ရှယ်၊ အညာကနေ တိုက်ရိုက်မှာပေးမယ်။ ပိုက်ပိုက်ချွေတာချင်တဲ့ ဘတ်ဂျက်သမားတွေကတော့ တမာရွက်ပြုတ်ကို ငပိရည်နဲ့ တို့ပြီးမြည်းပေါ့။
တစ်ချို့ကဗျာဆန်ချင်တဲ့ အမူးသမားတွေလည်း ပါဦးမယ်။ ဘာတဲ့။ ပဲလှော်ကို မြက်ခင်းစိမ်းနုနုပေါ် လက်တစ်ဆုပ် ကြဲချလိုက်ပြီးမှ လေးဖက်တွား လိုက်ကောက်စားတယ် ဆိုလားပဲ။ အဆင်ပြေမှာပါ။ တစ်ခုပဲ ရှော့ ရှိတယ်။ မူးရူးပေါက်မြောက်ပြီး မြက်တွေတော့ နှုတ်စားမသွားနဲ့ဦး။ ခေတ်ကာလ မြက်တွေက ပဲကြော်ပဲလှော်ထက် ပိုတန်ဖိုးကြီးတယ်။
ဆာဒါး၊ ဆွန်တန်၊ ပေါက်ကရ ဟင်းချိုရည်တွေလား။ လာမတောင်းနဲ့။ ကြိုပြောထားမယ်။ မရှိဘူး။ ကန်းထရီး ပိုဆန်သွားအောင် ထမင်းရည်ကို ဆားခတ်ပြီး အ၀တိုက်မယ်။ အလကားတိုက်မှာ နော်။ ပိုက်ဆံပေးရင် စိတ်ဆိုးတယ်။ အားလုံး သက်သက်သာသာဖြစ်အောင် စီစဉ်ပေးပြီးသား။ ရေချိန်ကိုက်လို့ ကေတီဗီတို့၊ မာဆတ်တို့ ခရီးဆက်တာကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ။ တာဝန်မယူဘူး။
ဆိုင်နာမည်က “ယနေ့ ဒါကုန်ရင်တော်ပြီ”ပေါ့။ မကုန်ကုန်အောင် အတင်းတွန်းရောင်းတာကတော့ စီးပွားဖြစ်မို့ပါ။ ဘော်ဒါတို့ နားလည်ပေးမယ်လို့ ထင်ပါတယ်။ (ကမ်ပေ့ ကမ်ပေ့) ဒါပါပဲ။
Wednesday, January 21, 2009
Tuesday, December 23, 2008
ရသေ့စိတ်ဖြေ

“မယ်ရီခရစ်စမတ်၊ ဒယ်ဒီခရစ်စမတ်၊ မာမီခရစ်မတ်”ဟု သုံးကြိမ်သုံးခါ ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်မောင်ကျော်ကြီးမှ နှုတ်ခွန်းဆက်သပါသည်။
ခရစ်စမတ်အကြို ညချမ်းအခါသမယသို့ ရောက်ရှိနေသော်ငြား ကျော်ကြီးကံမကောင်းပါ။ “ပလို့ဂျိ” (အဲ) “ပရောဂျက်”များက အချိန်မှီမပြီးသည်က တစ်ကြောင်း၊ ကောက်ရိုးပုံထဲ အပ်ရှာရခက်သကဲ့သို့ ထို“အယ်ရာ”ဆိုသော အရာများကို ရှာမတွေ့နိုင်သည်က တစ်ကြောင်း၊ ကျော်ကြီး ယခုညမိုးလင်းပေါက် အလုပ်လုပ်ရပါမည်။
(ချော်လဲရောထိုင်) ကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြောင့် ကျော်ကြီး၌ ငွေစမရွှင်သည့်နောက် အပေါင်းအသင်းများအားလည်း မပြုစုနိုင်သေးပါ။ ထိုကြောင့် အထက်ဖေါ်ပြပါပုံ၌ပါသော “ဟင်နီကင်”ဗျစ်ရည်အား စိတ်မှန်းနှင့် ရမ်းသောက်၍သာ ပြန်ကြပါကုန်ဟု မေတ္တာရပ်ခံရင်း။
Tuesday, November 11, 2008
ဖြစ်သင့်တာကြာလှပေါ့။
- ဟင်းချက်နည်းတွေနဲ့ စရင်ကောင်းမလား။ “ပီကင်းဘဲကင်”၊ “ဂျပန်ဆုရှိ”၊ “ကိုရီးယားပဲခေါက်ဆွဲ”။ နေပါဦး။ ငါက ဘဲဥတောင် ဖြောင့်အောင်ကျော်တတ်လို့လား။
- ဒါမှမဟုတ်။ “အမ်အာတီ”ဆိုလား။ “၀ိုင်အိုင်တီ”ဆိုလား။ အဲဒီယာဉ်ပျံကြီးပေါ်မှာ တွေ့တဲ့လူတွေရဲ့ဘ၀ကို ချယ်မှုန်းမလား။ ဟ။ ငါလည်း တစ်ခါမှ မစီးဖူးဘူး။
- သွားဖူးတဲ့ ခရီးစဉ်တွေအကြောင်း မှတ်တမ်းတင်မလား။ “လှိုင်သာယာသွားတောလား”၊ “ဘီယာယဉ်ကျေးမှုနှင့် ကန်သာယာ ခြောက်ကွေ့ ရွှေပေါက်ကံညများ”၊ မဟုတ်သေးပါဘူး။
- ငါတတ်တဲ့ ပညာရပ်တွေကို ဖြန့်ဝေမလား။ “အော်တိုမေးရှင်း”၊ “အိုင်တီ”၊ “အကောင့်တင့်”၊ “အိပ်ရှ်အာ”။ ဘာတစ်ခုမှလည်း ထဲထဲဝင်ဝင် မသိပါလား။
- ဘောလုံးအကြောင်း။ ဟုတ်ပြီ။ ဘောလုံးအကြောင်း ငါအတော်သိတာပဲ။ “အိမ်ကွင်း အဝေကွင်း”၊ “အပေါ် အောက်”၊ “တစ်လုံး ဆယ်ပြား”၊ “နှစ်လုံးသရေ”၊ “လယ်ဗယ်ရှုံး”။ ရေးမယ်လုပ်တော့မှ မှန်းစမ်း။ အချိန်က အတော်နှောင်းနေပြီ။ နောက်နေ့မှ ဆက်တော့မယ်။
ဘာပဲဖြစ်ဖြစ် “သိစိတ်အလျှင်”နောက်လိုက်ရင်းက အတော်ရေးဖြစ်သွားတယ်။ နက်ဖြန် ရွာက အမျိုးတွေကို ဖတ်ခိုင်းမယ်။ ကျောင်းထိုင်ဘုန်းဘုန်းကို “ကွန်မင့်” ရေးခိုင်းမယ်။ တယ်ဟုတ်ပါလား။ ရေးချင်ရာတွေရေးရတာ အတော်ပျော်ဖို့ကောင်းတယ်။ ဒါကြောင့် လူတွေ “ဘလော့ဂ်”စွဲ ကြတာဖြစ်မယ်။
ဘာပဲဖြစ်ဖြစ်လေ။ ဖြစ်သင့်တာကြာလှပေါ့။ ငါလည်း “ဘလော်ဂါ”ပဲကွ။

