Wednesday, February 25, 2009

မှတ်မိသလောက် ဟာသများ

(Groovie Goolie) Flickr.com

တလောက ဂိုဒေါင်ရှင်းရင်းနဲ့ ကားတာယာ အဟောင်းနှစ်လုံးထွက်လာတယ်။ တာယာတွေက ခပ်လတ်လတ်ရယ်။ သုံးမယ်ဆို သုံးလို့ရသေးတယ်။ ဒါနဲ့ အသုံးတည့်မယ့်သူရှိရင် ယူသွားလို့ရအောင် “အမှိုက်”လို့ ရေးပြီး ခြံပေါက်ဝအပြင်ဘက်မှာ ချထားလိုက်တယ်။

တစ်လသာ ကျော်သွားတယ်။ ယူမယ့်သူ မရှိဘူး။ စိတ်ပေါက်ပေါက်နဲ့ တာယာနှစ်လုံးပေါ် “ရောင်းမည်။ တစ်လုံး ၂၀၀ ကျပ်”လို့ ပြင်ရေးပြီး ပြန်ချထားလိုက်တယ်။

ဘာပြောကောင်းမလဲ။ နောက်တစ်နေ့မနက် တာယာတွေ မရှိတော့ဘူး။ ခိုးခံလိုက်ရတာဗျ။


(Ye Tun) Flickr.com

တစ်ခါက ကျောင်းနေဖက် အင်ဂျင်နီယာ သူငယ်ချင်းလေးယောက်ပြန်ဆုံတုန်း ကားတစ်စင်းငှားပြီး ခရီးထွက်ကြတယ်။ ကျောင်းပြီးတာလည်း ကြာပြီဆိုတော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ နေရာရတဲ့ အင်ဂျင်နီယာကြီးတွေဖြစ်နေပါပြီ။ တစ်ယောက်က Mechanical အင်ဂျင်နီယာ၊ တစ်ယောက်က Electronic အင်ဂျင်နီယာ၊ တစ်ယောက်က Chemical အင်ဂျင်နီယာ၊ အဲ ... ၊ နောက်ဆုံးတစ်ယောက်ကတော့ IT အင်ဂျင်နီယာပေါ့ဗျာ။

ဖြစ်ချင်တော့ ဆိုင်းမဆင့်ဗုံမဆင့် လမ်းခုလတ်မှာ ကားပျက်သွားတယ်။ ပထမဆုံး Mechanical အင်ဂျင်နီယာက “အဲဒါကြောင့် ခရီးမထွက်ခင်တုန်းက အင်ဂျင်ကို အသေအချာစစ်ပါလို့ ပြောသားပဲ။ ကားက အသစ်ပေမယ့် အင်ဂျင်သံက မမှန်ဘူး။ တစ်ခုခုမှားနေတယ်လို့ ထင်သား။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။

Electronic အင်ဂျင်နီယာကတော့ သူပိုင်တဲ့အပိုင်းကနေ တွေးပြီးပြောတယ်။ “အဲဒါ ဆီမလိုက်တာကွ။ E.F.I က ဖြစ်တာနေလိမ့်မယ်။ အထဲမှာ တစ်ခုခုကြောင်နေပြီ။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”ဆိုပဲ။

Chemical အင်ဂျင်နီယာကလည်း အားကျမခံပေါ့။ “ဆီတွေကလည်း အဆင့်မှ မမှီပဲ။ ဒီကြားထဲ ဟိုရောဒီရောနဲ့။ ကြာတော့ E.F.I လည်း ဘယ်ခံနိုင်မလဲ။ သက်တမ်းတိုပြီပေါ့။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”လို့ ၀င်ရောက်ဆွေးနွေးပါတယ်။

အဲ ... ၊ နေရာတကာ ဟောင်ဖွာဟောင်ဖွာနဲ့ ဆရာဝင်လုပ်တတ်တဲ့ ကျွန်တော်တို့ဇာတ်လိုက်ကြီး IT အင်ဂျင်နီယာ၊ ဒီတစ်ခါတော့ ငြိမ်ချက်သားကောင်းနေပြီ။ “ဟေ့ကောင်။ ဘာဆက်လုပ်ရင်ကောင်းမလဲ။ ပြောဦးလေကွာ”လို့ အားလုံးက ၀ိုင်းမေးရတဲ့ အထိပဲ။

ခက်ကုန်ပြီ။ အိုင်တီသမား လေ့လာစရာက များသားပဲ။ ကားအကြောင်းမေးလို့ကတော့ နားကန်းတစ်လုံးမှ မသိဘူး။ ဒါပေမယ့် မခေပါဘူး။ “အိုကေ။ ဘာဆက်လုပ်ရမှန်း မသိရင် Restart လုပ်မယ်။ ကားထဲကလူတွေအားလုံး အပြင်ထွက်။ မှန်တင်တံခါးပိတ်။ ဒီနား နီးနီးနားနား ဘာဆိုင်ရှိလဲ မသိဘူး။ လက်ဖက်ရည် သွားသောက်ရအောင်။ ပြီးမှပြန်လာပြီး တစ်ခေါက်စမ်းကြည့်မယ်။ မရရင် Service Provider ကို ဖုန်းဆက်။ အဲ ... နှုတ်ကျိုးသွားလို့၊ Workshop ကို လှမ်းခေါ်ပြီး ကြည့်ခိုင်းတာပေါ့”ဆိုလားပဲ။ ကောင်းရော။ ဘာတတ်နိုင်သေးလဲ။

အဓိပ္ပါယ်ဖွင့်ဆိုချက် - (ကွိကွဘာညာ၊ ဘာညာကွိကွ) = လူသာမန်တို့ နားလည်ခြင်းငှာ မစွမ်းသာသော ပညာရပ်ဆိုင်ရာစကားများ


(Social Is Better) Flickr.com

ရုံးမှာ Accountant တစ်ယောက်အမြန်လိုနေတယ်။ ခက်တာ လာလျှောက်တဲ့သူတွေက အယောက်တစ်ထောင်နီးပါးပဲ။ ကျွန်တော့် “ဘောဇိ”လည်း စားပွဲပေါ်က Resume အပုံကြီးကိုကြည့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။

ခဏကြာတော့ Resume ပုံကြီးထဲက တွေ့ကရာအောက်ဆုံး (၅၀)ကို ရွေးထုတ်ပြီး ကျန်တာတွေကို “မဖတ်တော့ဘူးကွာ။ သွားသာ လွှင့်ပစ်လိုက်ပါ”တဲ့။ ကျွန်တော်လည်း ရုတ်တရက်ကြောင်သွားတယ်။ “ဆရာရယ်။ ဒီအပုံထဲ အတော်ဆုံးသူတွေပါနေရင် ဘယ်လိုလုပ်မလဲ”လို့ ပြန်မေးမိတယ်။

သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး “သွားပစ်မှာသာ ပစ်စမ်းပါကွာ။ မင်းဘာနားလည်လို့လဲ။ ဒီလိုအချိန်မျိုးမှာ ငါတို့နား ကံကောင်းတဲ့သူတွေပဲရှိနေဖို့ လိုတယ်ကွ”တဲ့။ မှတ်သားလောက်ပါဘိ “ဘောဇိ”ရယ်။


(NYC Blues) Flickr.com

ကိုချက်ကြီးက မန်ယူပရိတ်သတ်ပါ။ သူမှာ အမြတ်တနိုးဈေးကြီးပေးဝယ်ထားတဲ့ မန်ယူဝတ်စုံတစ်ထည်ရှိတယ်။ မန်ယူအသင်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ပွဲမျိုးမှ ဒီဝတ်စုံကိုဝတ်ပြီးအားပေးတယ်။

ဒါပေမယ့် အခု ဒီ မန်ယူဝတ်စုံကို လျှော်ရတော့မယ်။ ဘယ်သူ့မှလည်း စိတ်မချဘူး။ ဥစ္စာချောက်ပြီး ကိုယ်တိုင်လျှော်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခက်တာ အိမ်မှာအ၀တ်က လျှော်နေကျမဟုတ်တော့ အ၀တ်လျှော်စက်နဲ့ အကျွမ်းတ၀င်မရှိဘူး။ ဒီတော့ မိန်းမကိုပဲ အားကိုးရတယ်။ “မိန်းမရေ။ ဒီမှာ ခလုတ်တွေ အများကြီးပဲဟ။ ဘယ်က စနှိပ်ရမလဲ။ လုပ်ပါဦး”တဲ့။

“ရှင်လျှော်မယ့် အ၀တ်တွေပေါ်မူတည်တယ်။ ရှင်က ဘာလျှော်မှာမို့လဲ”လို့ မိန်းမလုပ်သူက ပြန်မေးတယ်။ သူ့မိန်းမဆိုလိုတာက Cotton လား။ Wool လား။ Jean လား စသဖြင့်ပေါ့။ ဒါပေမယ့် ကိုချက်ကြီးတို့က မန်ယူမှ Man-U ပဲ။ “မင်းကလည်း သိရဲ့သားနဲ့ကွာ။ ငါလျှော်မှတော့မန်ယူအင်္ကျီ ပေါ့ကွ”လို့ ပြန်ဖြေတယ် ဆိုသတတ်။

(Internet ပေါ်ကလား၊ RD ထဲကလား မသိ။ မှတ်မိတဲ့ ဟာသလေးတွေကို ပြန်ရေးထားတာပါ။)

5 comments:

PAUK said...

ကားတာယာ အရီရဆုံးပဲ..
ရီရတာ အပြင် လူရဲ့ သဘောသဘာဝကို
ဖွင့်ပြနေသလိုပဲ..

khin oo may said...

(ကွိကွဘာညာ၊ ဘာညာကွိကွ) (ကွိကွဘာညာ၊ ဘာညာကွိကွ) ကို သိတ်ကြိုက်သွားတယ်။ ခဏခဏ ငှားသုံးမယ်နော်။ကြိုခွင့်တောင်းသွားပြီ။

khin oo may said...

ကားတာယာက ဖတ်ဖူးတယ်။ ကျန်တာကတော့မသိဘူး။

သိတာကတော့ လူသုံးယောက် ပိုက်ဆံကိတ်စ မနှေမျောတာ ပြိုင်ကြတယ်။
တစ်ယောက် က တဆယ်တန် ကို မီးရှို့လိုက်တယ်။ တစ်ယောက်က တစ်ရာတန်ကို မီးရှို့လိုက်တယ်။ နောက်ဆုံးတစ်ယောက်က ချက်လက်မှတ်ပေါ်မှာ တစ်ထောင်ကျပ်တိတိ လို့ရေးပြီးမီါ်ရှီူ့လိုက်တယ။်

မေးနေရသေးလား။ မောင်ကောင်းထက်စာအုပ်ထဲကပါ။ တို့ပြောတဲ့ ပုံပြင်က

ွှုIT အင်ဂျင်နီယာကတော့ ကိုယ်တွေ့ ပြုံ့ပင်ဖြစ်ပါလိမ့်မယ် ဘယ်မှာ မှ မဖတ်ဘူးဘူး။

ကြည် said...

ဟာသလေးတွေဖတ်သွားပါတယ်။
ဘယ်ကရမှန်း မမှတ်မိဆိုတော့ ကိုယ်တွေ့ဆိုတာ ပိုသေချာပြီ။ မန်ယူအင်္ကျီ က ကိုယ်တွေ့မဟုတ်လား။:p

မီယာ said...

ရီသွားတယ်... အလုပ်ရှာတာ အဆင်ပြေပြီလား... အားလုံး ၀မ်းသာရအောင်ပါ။ မုန့်တောင်းမစားပါဘူး။