ဧပြီလ ကုန်ပြီးခြင်းသကာလ မေလထဲကို ရောက်ပါပြီ။ အတိအကျပြောရရင် ဒီနေ့ မေလ (၂)ရက်နေ့၊ စနေနေ့ပေါ့။
ခက်တာက ပြီးခဲ့တဲ့ ဧပြီလ တလလုံး ဘာမှဟုတ်တိပတ်တိ မရေးဖြစ်ဘူး။ သိပ်အလုပ်များလို့လားတဲ့။ မဟုတ်ပါဘူး။ အလုပ်မရှိ အကိုင်မရှိ၊ တောင်စဉ်ရေရာမရ အာရုံများနေတာပါ။ ဧပြီလ ဆိုတာကလည်း သိတဲ့အတိုင်းပဲ။ သင်္ကြန်ကောင်းမှု အကြောင်းပြုပြီး အပျော်ဖက်ပဲ စိတ်ရောက်နေတယ်။ သင်္ကြန်မတိုင်ခင် ပြင်ဆင်တာက တမျိုး၊ သင်္ကြန်ပြီးတော့ စမြုံပြန်တာက တဖုံပေါ့။ ဘာမှကို အလုပ်မဖြစ်ဘူး။
ဒီကြားထဲ ပင်လယ်ရေအောက် ကြမ်းပြင်က အလင်းဖန်မျှင်လိုင်းကြီးကို ပြုပြင်နေတယ် ဆိုလား။ ကိုယ်တိုင်က ဂဂနနမသိတဲ့နောက် သူများပြောသမျှ ယုံရတာပဲ။ ကိုးနတ်ရှင်ကတော့ သုံးစားမရတာ သေချာတယ်။ ဘလော့ဂ်ဆိုတာ ဝေလာဝေး၊ ဂျီမေးလ်တောင် ဆန့်ငင်ဆန့်ငင်ရယ်။
ဒါတွေကလည်း အကြောင်းပြချက်တွေပါလေ။ ရေးချင်လို့ ဖြစ်အောင်ရေးရင် ဖြစ်တာပဲ။ ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ပို့စ်တခုဖြစ်အောင်တင်မှ တော်ချေမယ်။
ခေတ်ကာလအခြေအနေကလည်း သိတဲ့အတိုင်းပဲ။ ဆားချက်ရင် ငန်မယ်။ ရေထိုးရင် အချိန်စီးမယ်။ ဒီတော့ ပေါ့ပေါ့ပါးပါးလေးပေါ့။ လူဆိုတာ ငယ်တုန်းရွယ်တုန်းမှာ တိမ်တွေလို ပေါ့ပါးပြီး အသက်အရွယ်ရလာတာနဲ့အမျှ နှင်းပွင့်လေးတွေလို ဖြူစင်သင့်တယ်တဲ့။ ကြားဖူးနားဝ တရုတ်စကားပုံတခုပါ။
ပေါ့ပေါ့ပါးပါးတွေး၊ ပေါ့ပေါ့ပါးပါးရေး၊ ပေါ့ပေါ့ပါးပါးပြုံးတဲ့။ ဘယ်သူ့စကားလဲတော့ မမှတ်မိဘူး။ အတော်ကြိုက်တယ်။ ခက်တာက တခါတလေ အပေါ့လွန်ပြီး ပေါ့ပျက်ပျက်ဖြစ်သွားတတ်တယ်။ အားလုံးကို ခပ်ပေါ့ပေါ့တွေးပြီး မလေးမစား ကပျက်ကချော်ဖြစ်လုပ်မိတာမျိုးပေါ့။
ဒါ့ထက် ကျွန်တော့်သူငယ်ချင်းတယောက်ပြောသလို ပေါ့လျှံလျှံဆိုတာလည်း ရှိသေးတယ်။ ကိုယ့်အတွေးနဲ့ ကိုယ် လုပ်သမျှ အဟုတ်ကြီးထင်ပြီး လိုရင်းမရောက်တယ်ကို မရှိဘူး။ လျှံထွက်နေတာမျိုးပဲ။ အလေအလွင့် သိပ်များတယ်။ ကိုယ့်ကိုကိုယ်ဖြစ်လို့ဖြစ်မှန်းမသိ အားလုံးကို ပိတ်ပြီးစဉ်းစားရင် ပိုဆိုးတယ်။ အတွေးအခေါ်အယူအဆ၊ အကြံဥာဏ်ကောင်းတွေ ဘာမှအသစ်ထပ်ထည့်လို့ မရတော့ဘူး။
ကဲ။ နောက်ဆုံးတော့ တောင်တွေးမြောက်ရေး၊ ပို့စ်တခုဖြစ်သွားပြန်ပြီ။
4 comments:
တောပြော တောင်ပြောတွေ လာဖတ်သွားပါတယ်..
စဉ်းစားစရာတွေ တသီကြီးနဲ့..
လေးလေးလံလံ ပြန်သွားပါတယ်..။။
ဟဲဟဲ
တောင်ဖတ်၊ မြောက်ဖတ် ဖတ်င်္သားပါတယ်
တောင်တောင်တောင်မြောက်မြောက်ဖတ်သွားပါတယ်။မြန်မာပြည်မှာblogspot ကိုကျော်ခွ ပြီးဝင်ရတာလားဟင်။
တောင်တောင်မြောက်မြောက် ရေးထားတာတွေကို ပေါ့ပေါ့ပါးပါး လာဖတ်သွားပါတယ်
Post a Comment