ကမ္ဘာ့စီးပွါးရေး ပျက်ကပ်ကလည်း ပြီးမပြီးနိုင်ဘူး။ အခြေအနေတွေက နေ့လားညလားပဲ။ ရွှေပြည်ကို အချိန်မရွေး ပြန်ရောက်သွားနိုင်တယ်။ ခက်တာ ဘာလုပ်စားရင် ကောင်းမလဲ။ အဲဒါက ပြဿနာပဲ။
နောက်ဆုံး စိတ်ပေါက်ပေါက်နဲ့ အရက်ဆိုင်ပြန်ဖွင့်ရင် ကောင်းမလား စဉ်းစားမိတယ်။ ပါရမီအခံလေးကလည်း ရှိထားတော့ အောင်မြင်နိုင်တယ်။ လာမယ့်ဘေး ပြေးတွေ့ပေါ့လေ။ အရက်ဆိုင် ဘိဇနက်ပလန်လေးဆွဲမယ် ကြံကာရှိသေး “ပေါ့ပေါ့ပါးပါး (အရက်ဆိုင်)”ဆိုလားပဲ။ ကိုယ်နဲ့ အကြံတူတွေက ရှိသေးသဗျ။ ရှယ်ယာခေါ်ဦးမှ။ (ဟဲဟဲ)
ကျွန်တော်သာ အရက်ဆိုင် ဖွင့်ဖြစ်လို့ကတော့ “၀ီစကီအွန်သရော့ခ်၊ ဗော့ဒ်ကာမာတီနီ၊ အမ် ၁၆၊ အေကေ ၄၇”။ အဲဒါတွေ ဘာဟုတ်သေးတုန်း။ “မြွေအရက်၊ ကင်းအရက်၊ ကျားအရက်၊ နဂါးအရက်”။ ကော့တေး မျိုးဆက်သစ်တွေ စုံနေအောင်ကို ထွင်ပြီး အမှန်အကန်ရောင်းပစ်လိုက်မယ်။ ဘီယာကို အုန်းမှုတ်ခွက်နဲ့ တည့်ပြီးတိုက်မယ်။ စတိုင်လ်ပေါ့။
ဆိုင်ထဲမှာ ဘောလုံးကွင်းထက်စိမ်းတဲ့ မြက်ခင်းမျိုး ခင်းပေးထားမယ်။ သင်ဖျူးဖျာအစုတ်နဲ့ ထိုင်ချင်သလိုထိုင်။ လေတဖြူးဖြူးနဲ့ အားလုံး လွတ်လွတ်လပ်လပ်ပဲ။ အမြည်းအတွက် မပူပါနဲ့။ ပဲကြော်ပဲလှော်ကို ရှယ်ထက်ရှယ်၊ အညာကနေ တိုက်ရိုက်မှာပေးမယ်။ ပိုက်ပိုက်ချွေတာချင်တဲ့ ဘတ်ဂျက်သမားတွေကတော့ တမာရွက်ပြုတ်ကို ငပိရည်နဲ့ တို့ပြီးမြည်းပေါ့။
တစ်ချို့ကဗျာဆန်ချင်တဲ့ အမူးသမားတွေလည်း ပါဦးမယ်။ ဘာတဲ့။ ပဲလှော်ကို မြက်ခင်းစိမ်းနုနုပေါ် လက်တစ်ဆုပ် ကြဲချလိုက်ပြီးမှ လေးဖက်တွား လိုက်ကောက်စားတယ် ဆိုလားပဲ။ အဆင်ပြေမှာပါ။ တစ်ခုပဲ ရှော့ ရှိတယ်။ မူးရူးပေါက်မြောက်ပြီး မြက်တွေတော့ နှုတ်စားမသွားနဲ့ဦး။ ခေတ်ကာလ မြက်တွေက ပဲကြော်ပဲလှော်ထက် ပိုတန်ဖိုးကြီးတယ်။
ဆာဒါး၊ ဆွန်တန်၊ ပေါက်ကရ ဟင်းချိုရည်တွေလား။ လာမတောင်းနဲ့။ ကြိုပြောထားမယ်။ မရှိဘူး။ ကန်းထရီး ပိုဆန်သွားအောင် ထမင်းရည်ကို ဆားခတ်ပြီး အ၀တိုက်မယ်။ အလကားတိုက်မှာ နော်။ ပိုက်ဆံပေးရင် စိတ်ဆိုးတယ်။ အားလုံး သက်သက်သာသာဖြစ်အောင် စီစဉ်ပေးပြီးသား။ ရေချိန်ကိုက်လို့ ကေတီဗီတို့၊ မာဆတ်တို့ ခရီးဆက်တာကတော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ။ တာဝန်မယူဘူး။
ဆိုင်နာမည်က “ယနေ့ ဒါကုန်ရင်တော်ပြီ”ပေါ့။ မကုန်ကုန်အောင် အတင်းတွန်းရောင်းတာကတော့ စီးပွားဖြစ်မို့ပါ။ ဘော်ဒါတို့ နားလည်ပေးမယ်လို့ ထင်ပါတယ်။ (ကမ်ပေ့ ကမ်ပေ့) ဒါပါပဲ။
7 comments:
အိုင်ဒီယာတွေ ဘာလို့ လျှောက်ရေးပြတာလဲ...
တော်ကြာ သူများဦးသွားမှဖြင့် ဘီယာကို အုန်းမှုတ်ခွက်နဲ့ ရောင်းတာ ဘယ်သူမှ မလုပ်ဖူးသေးဘူး ထင်တာပဲ။ အိုင်ဒီယာကို register လုပ်ထားလိုက်ရင် ကောင်းမယ် ထင်တယ်။
ပေါက်ကွဲသံစဉ်များကိုလာဖတ်သွားပါတယ်။
လာအားပေးပါ့မယ်ဗျား။ ပျောက်နေတာ ဒါတွေစဉ်းစားနေလို့ကိုး။
စာဖတ်ရင်း အဲဒီဆိုင်လာပြီး.. အရက်တောင် သောက်ချင်စိတ်ပေါက်လာပြီ..။
အမ် ၁၆၊ အေကေ ၄၇ က ဘာလို့အရက်စာရင်းဝင်တာလဲဟင်......
ပုံ/ ဆင်ထုံ
အရက်ပြင်းတာကို တင်စားတာနဲ့တူတယ်စင်စင်...
ကို ကေစမ်းချောင်း ကျနော် အကို့ ပိုစ် ကို ပြန်လင့်ထားပါတယ် ။ ခင်မင်လျှက် ။
ထမင်းရည်ကို ဆားခပ်ပြီး သောက်တာ..ကြိုက်ပါတယ်
ဒီတခါအိမ်ပြန်တော့ တကယ်ပဲသောက်ခဲ့ပါတယ်..
(သူငယ်ချင်းအိမ်မှာပါ..)
ဈေးပေါရင်တော့ စာရေးဆရာ မင်းလူတို့အဖွဲ့လာအားပေးလိမ့်မယ်ထင်ပါတယ်..
(ဆရာ့စာထဲမှာပါပါနေတဲ့ ကိုမြသောင်းတောင်
အရက်ဆိုင်ပြန်ဖွင့်ပြီဆိုပဲ..)
Post a Comment