Wednesday, February 25, 2009
မှတ်မိသလောက် ဟာသများ
တလောက ဂိုဒေါင်ရှင်းရင်းနဲ့ ကားတာယာ အဟောင်းနှစ်လုံးထွက်လာတယ်။ တာယာတွေက ခပ်လတ်လတ်ရယ်။ သုံးမယ်ဆို သုံးလို့ရသေးတယ်။ ဒါနဲ့ အသုံးတည့်မယ့်သူရှိရင် ယူသွားလို့ရအောင် “အမှိုက်”လို့ ရေးပြီး ခြံပေါက်ဝအပြင်ဘက်မှာ ချထားလိုက်တယ်။
တစ်လသာ ကျော်သွားတယ်။ ယူမယ့်သူ မရှိဘူး။ စိတ်ပေါက်ပေါက်နဲ့ တာယာနှစ်လုံးပေါ် “ရောင်းမည်။ တစ်လုံး ၂၀၀ ကျပ်”လို့ ပြင်ရေးပြီး ပြန်ချထားလိုက်တယ်။
ဘာပြောကောင်းမလဲ။ နောက်တစ်နေ့မနက် တာယာတွေ မရှိတော့ဘူး။ ခိုးခံလိုက်ရတာဗျ။
တစ်ခါက ကျောင်းနေဖက် အင်ဂျင်နီယာ သူငယ်ချင်းလေးယောက်ပြန်ဆုံတုန်း ကားတစ်စင်းငှားပြီး ခရီးထွက်ကြတယ်။ ကျောင်းပြီးတာလည်း ကြာပြီဆိုတော့ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ နေရာရတဲ့ အင်ဂျင်နီယာကြီးတွေဖြစ်နေပါပြီ။ တစ်ယောက်က Mechanical အင်ဂျင်နီယာ၊ တစ်ယောက်က Electronic အင်ဂျင်နီယာ၊ တစ်ယောက်က Chemical အင်ဂျင်နီယာ၊ အဲ ... ၊ နောက်ဆုံးတစ်ယောက်ကတော့ IT အင်ဂျင်နီယာပေါ့ဗျာ။
ဖြစ်ချင်တော့ ဆိုင်းမဆင့်ဗုံမဆင့် လမ်းခုလတ်မှာ ကားပျက်သွားတယ်။ ပထမဆုံး Mechanical အင်ဂျင်နီယာက “အဲဒါကြောင့် ခရီးမထွက်ခင်တုန်းက အင်ဂျင်ကို အသေအချာစစ်ပါလို့ ပြောသားပဲ။ ကားက အသစ်ပေမယ့် အင်ဂျင်သံက မမှန်ဘူး။ တစ်ခုခုမှားနေတယ်လို့ ထင်သား။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောတယ်။
Electronic အင်ဂျင်နီယာကတော့ သူပိုင်တဲ့အပိုင်းကနေ တွေးပြီးပြောတယ်။ “အဲဒါ ဆီမလိုက်တာကွ။ E.F.I က ဖြစ်တာနေလိမ့်မယ်။ အထဲမှာ တစ်ခုခုကြောင်နေပြီ။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”ဆိုပဲ။
Chemical အင်ဂျင်နီယာကလည်း အားကျမခံပေါ့။ “ဆီတွေကလည်း အဆင့်မှ မမှီပဲ။ ဒီကြားထဲ ဟိုရောဒီရောနဲ့။ ကြာတော့ E.F.I လည်း ဘယ်ခံနိုင်မလဲ။ သက်တမ်းတိုပြီပေါ့။ (ကွိကွဘာညာ၊ ဘာညာကွိကွ)”လို့ ၀င်ရောက်ဆွေးနွေးပါတယ်။
အဲ ... ၊ နေရာတကာ ဟောင်ဖွာဟောင်ဖွာနဲ့ ဆရာဝင်လုပ်တတ်တဲ့ ကျွန်တော်တို့ဇာတ်လိုက်ကြီး IT အင်ဂျင်နီယာ၊ ဒီတစ်ခါတော့ ငြိမ်ချက်သားကောင်းနေပြီ။ “ဟေ့ကောင်။ ဘာဆက်လုပ်ရင်ကောင်းမလဲ။ ပြောဦးလေကွာ”လို့ အားလုံးက ၀ိုင်းမေးရတဲ့ အထိပဲ။
ခက်ကုန်ပြီ။ အိုင်တီသမား လေ့လာစရာက များသားပဲ။ ကားအကြောင်းမေးလို့ကတော့ နားကန်းတစ်လုံးမှ မသိဘူး။ ဒါပေမယ့် မခေပါဘူး။ “အိုကေ။ ဘာဆက်လုပ်ရမှန်း မသိရင် Restart လုပ်မယ်။ ကားထဲကလူတွေအားလုံး အပြင်ထွက်။ မှန်တင်တံခါးပိတ်။ ဒီနား နီးနီးနားနား ဘာဆိုင်ရှိလဲ မသိဘူး။ လက်ဖက်ရည် သွားသောက်ရအောင်။ ပြီးမှပြန်လာပြီး တစ်ခေါက်စမ်းကြည့်မယ်။ မရရင် Service Provider ကို ဖုန်းဆက်။ အဲ ... နှုတ်ကျိုးသွားလို့၊ Workshop ကို လှမ်းခေါ်ပြီး ကြည့်ခိုင်းတာပေါ့”ဆိုလားပဲ။ ကောင်းရော။ ဘာတတ်နိုင်သေးလဲ။
အဓိပ္ပါယ်ဖွင့်ဆိုချက် - (ကွိကွဘာညာ၊ ဘာညာကွိကွ) = လူသာမန်တို့ နားလည်ခြင်းငှာ မစွမ်းသာသော ပညာရပ်ဆိုင်ရာစကားများ
ရုံးမှာ Accountant တစ်ယောက်အမြန်လိုနေတယ်။ ခက်တာ လာလျှောက်တဲ့သူတွေက အယောက်တစ်ထောင်နီးပါးပဲ။ ကျွန်တော့် “ဘောဇိ”လည်း စားပွဲပေါ်က Resume အပုံကြီးကိုကြည့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။
ခဏကြာတော့ Resume ပုံကြီးထဲက တွေ့ကရာအောက်ဆုံး (၅၀)ကို ရွေးထုတ်ပြီး ကျန်တာတွေကို “မဖတ်တော့ဘူးကွာ။ သွားသာ လွှင့်ပစ်လိုက်ပါ”တဲ့။ ကျွန်တော်လည်း ရုတ်တရက်ကြောင်သွားတယ်။ “ဆရာရယ်။ ဒီအပုံထဲ အတော်ဆုံးသူတွေပါနေရင် ဘယ်လိုလုပ်မလဲ”လို့ ပြန်မေးမိတယ်။
သူက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး “သွားပစ်မှာသာ ပစ်စမ်းပါကွာ။ မင်းဘာနားလည်လို့လဲ။ ဒီလိုအချိန်မျိုးမှာ ငါတို့နား ကံကောင်းတဲ့သူတွေပဲရှိနေဖို့ လိုတယ်ကွ”တဲ့။ မှတ်သားလောက်ပါဘိ “ဘောဇိ”ရယ်။
ကိုချက်ကြီးက မန်ယူပရိတ်သတ်ပါ။ သူမှာ အမြတ်တနိုးဈေးကြီးပေးဝယ်ထားတဲ့ မန်ယူဝတ်စုံတစ်ထည်ရှိတယ်။ မန်ယူအသင်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ပွဲမျိုးမှ ဒီဝတ်စုံကိုဝတ်ပြီးအားပေးတယ်။
ဒါပေမယ့် အခု ဒီ မန်ယူဝတ်စုံကို လျှော်ရတော့မယ်။ ဘယ်သူ့မှလည်း စိတ်မချဘူး။ ဥစ္စာချောက်ပြီး ကိုယ်တိုင်လျှော်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခက်တာ အိမ်မှာအ၀တ်က လျှော်နေကျမဟုတ်တော့ အ၀တ်လျှော်စက်နဲ့ အကျွမ်းတ၀င်မရှိဘူး။ ဒီတော့ မိန်းမကိုပဲ အားကိုးရတယ်။ “မိန်းမရေ။ ဒီမှာ ခလုတ်တွေ အများကြီးပဲဟ။ ဘယ်က စနှိပ်ရမလဲ။ လုပ်ပါဦး”တဲ့။
“ရှင်လျှော်မယ့် အ၀တ်တွေပေါ်မူတည်တယ်။ ရှင်က ဘာလျှော်မှာမို့လဲ”လို့ မိန်းမလုပ်သူက ပြန်မေးတယ်။ သူ့မိန်းမဆိုလိုတာက Cotton လား။ Wool လား။ Jean လား စသဖြင့်ပေါ့။ ဒါပေမယ့် ကိုချက်ကြီးတို့က မန်ယူမှ Man-U ပဲ။ “မင်းကလည်း သိရဲ့သားနဲ့ကွာ။ ငါလျှော်မှတော့မန်ယူအင်္ကျီ ပေါ့ကွ”လို့ ပြန်ဖြေတယ် ဆိုသတတ်။
(Internet ပေါ်ကလား၊ RD ထဲကလား မသိ။ မှတ်မိတဲ့ ဟာသလေးတွေကို ပြန်ရေးထားတာပါ။)
Monday, February 23, 2009
အလှမက်တဲ့ “စ”လုံးတွေ
အလုပ်တွေကလည်း ပြုတ်လိုက်ကြတာ တဖြုတ်ဖြုတ်။ တိုင်းပြည်စီးပွါးရေးကလည်း အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီ။ ဒါပေမယ့် “စ”လုံး (၁၀)ယောက်မှာ (၇)ယောက်က အလှကုန်ပစ္စည်းတွေ ၀ယ်သုံးလို့ ကောင်းတုန်း၊ အလှပြင်ဆိုင်တွေမှာ ၀င်ဖြုန်းလို့ ကောင်းတုန်းပဲ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးတွေနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုကနေ သိရတာပါ။
BeautyAsia 2009 ကုန်စည်ပြပွဲကို စီစဉ်သူတွေဆီက ရတဲ့ စစ်တမ်းတစ်ခုရှိပါသေးတယ်။ စစ်တမ်းအရ မေးခွန်းနှစ်ခုမေးတိုင်း တစ်ခုမှာ “စ”လုံးတွေအနေနဲ့ ကိုယ့်ကိုကိုယ် လှအောင်ပြင်ဖို့ အနည်းဆုံး တစ်လကို ဒေါ်လာ(၅၀)လောက် သုံးမယ်လို့ ပြန်ဖြေတယ်။ တတိယအုပ်စုကတော့ အသုံးအစွဲလျှော့ဖို့ ကြိုးစားနေသူတွေပါ။ ဒါပေမယ့် အလှအပနဲ့ပတ်သက်လာရင် လျှော့လို့မဖြစ်သေးဘူးလို့ ပြောပါတယ်။
“ကျွန်မတို့ စင်ကာပူနိုင်ငံသားတွေအတွက် အလှအပက ဒီလောက်အရေးကြီးမှန်း ကျွန်မကိုယ်တိုင်တောင် မစဉ်းစားမိဘူး ”လို့ ပြပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ Gillian Loh က မှတ်ချက်ပေးပါတယ်။
အလှအပနဲ့ပတ်သက်လို့ အကြောင်းမဲ့ဈေးဝယ်ထွက် ပိုက်ဆံဖြုန်းတယ်ဆိုတဲ့ အယူအဆက လူဦးရေ (၄.၆)သန်းနဲ့ မြို့ပြနိုင်ငံလေးအဆင့်မှာ ကျန်ခဲ့ပါပြီ။ Orchard Road ပေါ်က ကုန်တိုက်ကြီးတွေထဲဝင်ပြီး အလှကုန်ကောင်တာရှေ့မှာ တိုးကျိတ်ဝယ်ရတာမျိုးဟေ့လို့ ပြောရင် ဒီနေ့ခေတ်ကလေးတွေက ရယ်ကြဦးမယ်။
“အများစုအနေနဲ့ ဒါကို လျှပ်ပေါ်လော်လီတယ်ဆိုတာမျိုးထက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလို့ ယူဆကုန်ကြပြီ”လို့ Gillian က ပြောပါတယ်။
အခု စစ်တမ်းတွေအတိုင်းဆိုရင် ဘောဂဗေဒပညာရှင်တွေ ပြောလေ့ပြောထရှိတဲ့ "lipstick factor" ကို အတည်ယူရမလိုဖြစ်နေပြီ။ စီးပွါးကျလို့ ငွေကျပ်ပြီး ဇိမ်ခံပစ္စည်းတွေ မ၀ယ်နိုင်တဲ့နောက် အလှကုန်လို တန်ဖိုးနည်းတာလေးတွေနဲ့ စိတ်ဖြေကြရတာမျိုးပေါ့။ ခေတ်အဆက်ဆက် ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီး ရှိခဲ့ဖူးတယ်။
စင်ကာပူအစိုးရကတော့ နေ့စဉ်နဲ့အမျှ သတိပေးနေတာပဲ။ တိုင်းပြည်စီးပွါးရေးက လာမယ့်နှစ်ထဲ (၅%)တောင် ထပ်ပြီးကျုံ့သွားဦးမယ်တဲ့။ ဒါပေမယ့် (၃၆%)သော “စ”လုံးတွေအနေနဲ့ သူတို့ရဲ့ လက်ရှိလူနေမှုပုံစံ အဆင်အတန်းအတိုင်း လာမယ့်နှစ်ထဲ ရှေ့ဆက်ချင်ပါသေးတယ်။ ဇန်န၀ါရီလတုန်းက အသက် (၁ဂ)နှစ်ကျော်တဲ့ လူတစ်ရာအပေါ် လျှပ်တပြက်ကောက်ခဲ့တဲ့ စစ်တမ်းတစ်ခုရဲ့ ရလဒ်ပါ။
နောက်ဆုံး အလှအပနဲ့ပတ်သက်ပြီး အသုံးအစွဲဆင်ခြင်မယ့် ဦးကပ်စေး၊ ဒေါ်ကပ်စေးတွေတောင်မှ ကမ္ဘာကျော်တန်ဖိုးကြီးပစ္စည်းတွေ ၀ယ်မသုံးနိုင်တဲ့တစ်နေ့ ပြည်တွင်းဖြစ်ပေါချောင်ကောင်းလေးတွေ ရှာသုံးဦးမှာတဲ့။ ကဲ၊ မှတ်ကရော။
(Ref: Beauty and Recession Only Skin Deep in Singapore Poll - Reuters)
Subscribe to:
Posts (Atom)


