
မနေ့တစ်နေ့က ကျောင်းနေဖက်ဘော်ဒါတွေနဲ့ ပြန်ဆုံတုန်း ရုပ်ရှင်ကြည့်ဖို့ ဖြစ်လာတယ်။ ကျွန်တော်က Underworld ကို ရွေးတယ်။ သူတို့က အမျိုးသမီးပရိတ်သတ်များဖြစ်ခြင်းသကာလ The Curious Of Benjamin Button ကိုပဲ ကြည့်ချင်သတဲ့။ တကယ်တမ်း သူတို့ Brad Pitt ကို ရင်ခုန်ချင်တာပါ။ အစဉ်အလာအတိုင်း ကန့်လန့်ပြောတတ်တဲ့ ကျွန်တော်နဲ့ သူတို့ အချေအတင် စကားများလိုက်ကြသေးတယ်။ ဒါပေမယ့် ဟိုလိုလိုဒီလိုလိုနဲ့ သတင်းစာ ကောက်ကြည့်လိုက်မှ ဒီဇာတ်ကားက ၂၀၀၈ ခုနှစ်အတွက် Oscar ဆု (၁၃) ဆုတောင် လျာထားခံရမှန်းသိတယ်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ်တိုင်ကိုယ်ကျ အကဲဖြတ်မှ တော်ချေမယ်ဆိုပြီး လိုက်ကြည့်ဖို့ သဘောတူလိုက်တယ်။
Benjamin Button ကတော့ ဒီဇာတ်ကားတစ်ခုလုံးရဲ့ဇာတ်လိုက်နာမည်ပေါ့။ သူ့ကို အသက် ၈၀ ကျော်အဖိုးအိုတစ်ယောက်လို ရုပ်ရည်အသွင်သဏ္ဍာန်မျိုးနဲ့ ထူးထူးဆန်းဆန်း မွေးလာတယ်။ အသက်အရွယ်ရလာတာနဲ့တဲ့အမျှ သူ့ရုပ်ပိုင်းဆိုင်ရာက တဖြည်းဖြည်းနုပျိုလာပြီး နောက်ဆုံး လူမမယ်ကလေးငယ်တစ်ယောက်အဖြစ်နဲ့ လောကကြီးထဲက ပြန်ထွက်သွားရတဲ့ လူတစ်ယောက်အကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းပါ။ အမေရိကန်စာရေးဆရာ F.Scott Fitzgerald ရဲ့ (ဒီနာမည်နဲ့ပဲ) ၀တ္ထုတိုကို ရုပ်ရှင်ဖြစ်အောင် အကျယ်ချဲ့ပြီး အသက်သွင်းထားတယ်လို့ သိရပါတယ်။ လွမ်းမောဖွယ်ရာတွေ၊ တွေးတောစရာတွေ အပြည့်နဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ David Fincher က လက်စွမ်းပြတားတာပါ။ သူက Se7en နဲ့ Fight Club တို့လို နာမည်ကြီး ရုပ်ရှင်ကားတွေရိုက်ခဲ့ဖူးပေမယ့် ဒါရိုက်တာအနေနဲ့ လူသိနည်းပါသေးတယ်။ အခု Benjamin Button လို ဇာတ်ကားမျိုးနဲ့ ရိုက်ပြလိုက်တော့ Hollywood အသိုင်းအ၀ိုင်းမှာတောင် တအံ့တသြဖြစ်ကုန်တယ် ဆိုပဲ။
Benjamin Button အဖြစ် နာမည်ကြီးမင်းသား Brad Pitt က သရုပ်ဆောင်ပါတယ်။ ဇာတ်လမ်းအရ Benjamin ရဲ့အဖေက ကြယ်သီးစက်ရုံပိုင်တဲ့ သူဌေးကြီးပါ။ Benjamin ကို ပထမကမ္ဘာစစ်ပြီးလို့ အောင်ပွဲခံတဲ့နေ့မှာ မွေးတယ်။ မီးတွင်းထဲမှာပဲ အမေဆုံးသွားတယ်။ အဖိုးအိုရုပ်နဲ့ မိစ္ဆာပုံပေါက်နေတဲ့ မွေးကင်းစလေး သူ့ကို အဖေလုပ်သူက လက်မခံချင်တာကြောင့် ဘိုးဘွားရိပ်သာတစ်ခုရဲ့ လှေကားရင်းမှာ စွန့်ပစ်လိုက်တယ်။ ဒီမှာတင် လူမည်းအလုပ်သမ Queenie က တွေ့ပြီးသနားလို့ မွေးစားလိုက်တယ်။ အဖိုးအိုတစ်ယောက်လို ဆံဖြူထိပ်ပြောင်ပြီး ပုလင်းဖင်လို မျက်မှန်အထူကြီးနဲ့ မစွမ်းမသန် သူ့ခမျာ ကလေးဘ၀ကို ဘိုးဘွားရိပ်သာထဲက လူအိုတွေကြားမှာပဲ ကျင်လည်ရရှာတယ်။ (Makeup တွေ Digital Effect တွေနဲ့ Brad Pitt ရဲ့ပုံပန်းသဏ္ဍာန်ကိုတော့ သူ့အမျိုးသမီးပရိတ်သတ်တွေ အတော်စိတ်ညစ်သွားမှာ သေချာတယ်။)
ကျွန်တော်လည်း ကြည့်ရင်းနဲ့ တစ်ချိန်ကနာမည်ကြီးခဲ့ဖူးတဲ့ ဂန္တ၀င်ရုပ်ရှင်ကား Forrest Gump ကို ပြန်သတိရတယ်။ အိမ်ရောက်လို့ Internet ပေါ်ရှာကြည့်တော့မှ ဒီကားရဲ့ဇာတ်ညွှန်းကို Forrest Gump နဲ့ပဲ အောင်မြင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Eric Roth က ရေးမှန်းသိတယ်။ နောက်ပြီး ဒီဇာတ်ကားကို Titanic ဆန်ဆန် အချစ်ဇာတ်လမ်းလို့လည်း ပြောရင်ရပါတယ်။ Katrina မုန်တိုင်းဝင်မွှေခါနီး New Orleans ဆေးရုံတစ်ရုံပေါ်မှာ နောက်ဆုံးအချိန်ကို စောင့်နေတဲ့ အဖွားအို Daisy က သမီးဖြစ်သူကို သူနဲ့ တစ်သက်တာပတ်သက်ခဲ့ဖူးတဲ့ Benjamin ရဲ့ ဒိုင်ယာရီစာအုပ်ထူကြီးကို ဖတ်ခိုင်းတဲ့ဆီကနေ ဇာတ်လမ်းစထားတယ်။ (Daisy အဖြစ် မင်းသမီး Cate Blanchett ပေါ့)။ သမီးဖြစ်သူကအဖတ် Benjamin အဖြစ် Brad Pitt က လေးလေးပင်ပင် တောင်ပိုင်းသားလေသံနဲ့ သူ့ဘ၀ဇာတ်ကြောင်းကို နောက်ကြောင်းပြန်လိုက်တာ ကားချိန်နှစ်နာရီနဲ့ မိနစ်လေးဆယ်တိတိပဲ။
ဇာတ်လမ်းအရ ဆယ်ကျော်သက်အရွယ်မှာ အသက် ၆၀ ကျော်နီးပါး နုပျိုလာတဲ့ Benjamin လေးဟာ သင်္ဘောသားအဖြစ်နဲ့ ပင်လယ်ပြင်ကို လိုက်သွားတယ်။ ရုရှားနိုင်ငံကမ်းခြေရဲ့ ဟိုတယ်တစ်ခုမှာ လူကုံထံ အင်္ဂလိပ်အမျိုးသမီးတစ်ဦးနဲ့ တွေ့တဲ့အချိန်ကျမှ ဇာတ်လမ်းက ပိုပြီး အသက်ဝင်လာတယ်။ Benjamin တစ်ယောက် အချစ်နဲ့တွေ့ပြီလို့ ယူဆလိုက်ပေမယ့် မကြာခင်မှာပဲ အသုံးချခံလိုက်ရမှန်း သူသိသွားတယ်။ နောက်ဆုံး သူငယ်ငယ်က ဘိုးဘွားရိပ်သာမှာ ဆုံစည်းခဲ့ဖူးတဲ့ ကလေးဘ၀သူငယ်ချင်း Daisy ကိုပဲ တမ်းတမ်းတတ ဖြစ်သွားတယ်။ ဒီအချိန်မှာ Daisy က ကချေသည်အဖြစ်နဲ့ အောင်မြင်နေပြီ။ Daisy ရှိတဲ့ New York ကို လိုက်သွားပေမယ့် အခါနှောင်းသွားတယ်။ Daisy မှာ ချစ်သူရှိနေပြီလေ။
ကံကြမ္မာအလှည့်အပြောင်းတစ်ခုမှာတော့ Banjamin တစ်ယောက် Daisy နဲ့ ပြန်လက်တွဲခွင့်ရတယ်။ သူတို့နှစ်ယောက် လက်ထပ်လိုက်ပြီး သမီးလေးတစ်ယောက်မွေးတယ်။ ဒါပေမယ့် သူတို့ရဲ့အပျော်က ကြာရှာမခံပါဘူး။ Daisy က တဖြည်းဖြည်း အိုမင်းလာချိန်မှာ Benjamin က ပြောင်းပြန် တစ်စထက်တစ်စ နုပျိုလာနေပြီ။ သမီးလေးကလည်း အသက်အရွယ်ရ လာတော့မယ်။ ဒါကတော့ ဇာတ်လမ်းတစ်ခုလုံးရဲ့အလှည့်အပြောင်း၊ အထွဋ်အထိပ်ပေါ့။ ဆက်ပြောရင် Movie Spoiler ဖြစ်သွားလိမ့်မယ်။ ငွေရောင်ပိတ်ကားပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားလှည့်။
လူဘ၀သက်တမ်းမှာ နုပျိုခြင်းကိုယ်တိုင်ကလည်း မက်လောက်စရာမဟုတ်ဘူးဆိုတဲ့ အသိကို ဒီဇာတ်ကားက ပေးသွားတယ်ထင်တာပဲ။ အသက်အရွယ်ရလာတာနဲ့အမျှ အရွယ်တင်ချင်တဲ့၊ ပျိုရွယ်တာလေးတွေကိုမှ သဘောကျချင်တဲ့ သူတွေအဖို့တော့ ကြောက်စရာပေါ့။ (သားသားကြောက်ကြောက်)။ ကျွန်တော်မကြိုက်တာ တစ်ခုပဲရှိတယ်။ ဘ၀ရဲ့ နောက်ဆုံးအချိန်ရောက်နေတဲ့ အဖွားအို Daisy က သံယောဇဉ်အမျှင်တန်းပြီး Benjamin ရဲ့ ဒိုင်ယာရီကို ဖတ်ခိုင်းတာပဲ။ ကျွန်တော့်အနေနဲ့ သေခါနီး ဘယ်သူ့အကြောင်းမှ တမ်းတမ်းတတ မစဉ်းစားချင်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်နဲ့ပဲ လောကကြီးထဲက ထွက်သွားချင်တယ်။ ဘာပဲဖြစ်ဖြစ် The Curious Case Of Benjamin Button ကတော့ ကြည့်မယ်ဆိုကြည့်ထိုက်တဲ့ တန်းမြင့် Drama ရုပ်ရှင်ကားတစ်ကားလို့ ကျွန်တော်ညွှန်းပါရစေ။
11 comments:
Brad Pitt ကြောင့် သွားကြည့်မလို့... ဇာတ်လမ်း အခြေခံ ပြောပြထားတာ ကျေးဇူးပဲ။
ကြည့်ပြီးသွားပြီ အတော်ကြိုက်ပါတယ်...
ကြည့်ပြီးလည်း ထပ်ဖတ်သွားပါတယ်
ကြည့်ရသေးဝူး
အဲဂလိုလား .. သောကြာနေ့ကတော့ ရုံးကအဖွဲ့တွေရွေးကြသေးတယ် UNDERWORLD ကမဲများသွားလို့ မကြည့်လိုက်ရဘူး။ ကျေးဇူး လာမည့် စနေကြည့်လိုက်မယ်။
မင်းသားကို ရင်ခုန်ချင်လို့ကြည့်မိတဲ့ ပိရိသတ်အတွက် စိတ်မကောင်းပါ.
ကိုစမ်းချောင်းက စာဖတ်များပုံရတယ်။
စာရေးတာ ကောင်းသလို စာလဲ ချောတယ်။
လူကိုတော့မသိပါ..ချောမှာပါဘဲလေ..
အိမ်ထောင်ကျတာကိုး..
နုပျိုတဲ့ကောင်မလေးတွေ ကို မကြိုက်ချင်ပါဘူးလို့ပြောနေတာလား..
မဖြစ်နိုင်တာတွေ မပြောနဲ့နော.်
ဒီက အပျိုမ ..မဂ္ဂဇင်းတောင် ချစ်သူ အတွက် ဝယ်ပေးတာ.။ အလှအပလေးတွေ ခံစားပါစေဆိုပြီး
ဖွားဖွားက… ခံစားတတ်တာကိုး....လူပီသတယ်ထင်တာဘဲ။
တို့လာ.း.လောက ကိုဘယ်လိုထွက်ခွာရမလဲ မသိသေးပါ. စိတ်အေးချမ်းချမ်းနဲ့သေခြင်းတရားကို မကြောက်ဘဲ ဖြစ်ချင်ပါတယ်။
အပြောကတော့ကောင်းပါတယ်။ ကြည့်ဖြစ်မယတော့မထင်.အဲသလောက်မအားဘူး.။ (ဘာလို့မအားသလဲတော့ မရှင်းပြလိုပါ)
(သတိပြူမိသလား..မင်းသား ကလေတို့ ဖွားဖွားကလေ တို့ မင်းသားမင်းသမီး နာမည် ကို မှ သေချာ မမှတ်မိတော့ အဲသလို ဘဲ တော ကလူတွေ လူဘဲ ရမ်းတုတ်လိုက်တာ..
မှတ်မိမလား.. ဟာ..ဟိုမင်းသား က ချလိုက်တာ လူကြမ်းတွေ ခွေ ကနဲ့ကျသွားတာဘဲတို့ ဘာတို့ ညာတို့.. ………..တို့လဲ တောကပါဘဲ.. )
ကျနော်လည်း ကြည့်ရသေးဘူး
ပေါက်ဘယ်တော့မှာ ကြည့်မှာ မဟုတ်ပါ.။ မယုံရင် လောင်းကြေးစားကြေးလောင်းလိုက်ချင်သေး...
Movie Spoiler အဖြစ်ခံပြီး ဆက်ပြောပြပါလား....ငှင်
ဟုတ်တယ် ဘယ်သူမှာ သွားကြည့်မှာ မဟုတ်တဲ့ အတူတူ...
ကြည့်ရသေးဘူး အဲဒီ ရင်ရှုပ် (ပြောင်းပြန်ဖတ် (း )
KSC မျက်စိရှမ်းပြီး နာမည်ကို ဇောက်ထိုး ဖတ်သွားတယ်း))))))))))
KFC လို့  ပြန်ခေါ်လိုက်ရမလား (ခေါ်ပြီးသွားပြီ ချိတ်ချိုးနဲ့ နော် ဘွာတေးးး)
တနေ့ကကြည့်ဖြစ်ပါတယ် ။ ကျနော်တော့ ဇာတ်လမ်းကို မကြိုက်ပေမယ့် ၊ ရိုက်ထားတာကို ကြိုက်တယ် ။
Post a Comment